Sunday, September 09, 2012

(၇၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ ကို ရခိုင် ပြည်နယ် အနှံ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Posted by drmyochit Sunday, September 09, 2012, under | No comments


ယနေ့ စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့်  ၇၃ နှစ်မြောက် မြန်မာ လွှတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ပြည်နယ် အစိုးရ အပါအ၀င် ရခိုင်ပြည်သူများက ရခိုင်ပြည်နယ် အနှံ့  အပြားတွင် အထူး  စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
 
ယခုကဲ့သို့ စည်ကား သိုက်မြိုက်စွာ  ပြုလုပ် ကျင်းပကြခြင်းမှာ ဆရာတော် ဦးဥတ္တမနေ့အား ပြည်နယ် အစိုးရ ကိုယ်တိုင် ဦးစီးကျင်းပပြီး တားမြစ် ကန့်သတ်မူများ မရှိ၍ ဖြစ်ကြောင်း  သိရသည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ပြည်နယ် အစိုးရ အဖွဲ့ အပါအ၀င် နိုင်ငံရေး ပါတီများနှင့် လူမူ အဖွဲ့ပေါင်းစုံက ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု  RNDP မှ ပြောခွင့်ရ ပုဂ္ဂိုလ်  ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။
“ ဦးဥတ္တမ ခန်းမမှာ ပြည်နယ်အစိုးရအဖွဲ့က လုပ်ပါတယ်။ ကျွန်တော်တို့ ပါတီကတော့ စစ်တွေ  ဗဟို ဌာနချုပ်မှာ လုပ်ပါတယ်။ ရခိုင် တက္ကသိုလ်ကျောင်းသား အဖွဲ့ကလည်း  လုပ်ပါတယ်။ ရဟန်း သမဂ္ဂအဖွဲ့တွေလည်း  လုပ်ပါ တယ်။ တခြားတခြား အဖွဲ့အစည်းတွေကလည်း ဂုဏ်ပြု ပန်းခွေတွေ လုပ်ပြီး ဦးဥတ္တမပန်းခြံကို ချီတက်ကြသလို ရပ်ကွက်တိုင်းရပ်ကွက်တိုင်းကလည်း နီးစပ်ရာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းကြပါတယ်”  ဟု ပြောသည်။
ပြည်နယ်အစိုးရ ကိုယ်တိုင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ပေးခြင်း သည် ကောင်းမွန်သော လုပ်တရပ်တခု ဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။
“ ဒီနေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ပြည်နယ်အစိုးရကနေ လုပ်တဲ့အ တွက်ကြောင့် ကျွန်တော်တို့က အပြုသဘောဆောင် အကောင်းမြင်ဝါဒနဲ့ မြင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆိုရင် ကျွန်တော်တို့ လျှောက်လွှာတင်ပြီးမှ လုပ်ကြရတယ်။ ဒီနှစ်မှာတော့ မြို့တိုင်း နယ်တိုင်းမှာ လျှောက်လွှာတင်ဖို့ မလိုဘဲနဲ့ ဆရာတော် ဦးဥတ္တမ အခမ်းအနားကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ၀မ်းသာပါတယ်။”
တောင်ကုတ်မြို့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၇၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမ အခမ်း အနားကို NLD ရုံးတွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ် ကော်မရှင်အဖွဲ့ဝင် ဦးခင် လှက နိရဉ္စရာသို့ ပြောသည်။
 

“ ကျွန်တော်တို့ ဆရာတော် ဦးဥတ္တမဆိုတာ ရခိုင်လူမျိုးတွေရဲ့ အမျိုးသား အကျိုးစီးပွားကို သာမက မြန်မာ တနိုင်ငံရဲ့ အကျိုးအတွက် လွတ်လပ်ရေး ရအောင် စတင် ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ အင်္ဂလိပ်နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘ၀ ကနေ ပြည်သူရဲ့ လွတ်မြောက်ဖို့ အတွက် နိုင်ငံရေး အသိအမြင် နားမျက်စိဖွင့်ပေးတဲ့ ကျေးဇူးရှင်  ဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ရဲ့ ဂုဏ်ကျေး ဇူးတွေကို ပြန်လည် တမ်းတ အောက်မေ့ပြီးတော့ ကျေးဇူးရှင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ခုလို ခမ်းနား ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါ တယ်” ဟု ဆိုသည်။
တောင်ကုတ် NLD မှ ပြုလုပ်သော အခမ်းအနားသို့ လူပေါင်း ၂၀၀ ကျော်တက်ရောက်ပြီး တက်ရောက်လာသူများကို ထမင်းဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့သည်။
တောင်ကုတ်မြို့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ တောင်ကုတ်မြို့ မြို့နယ် ဓမ္မာရုံကြီးတွင် အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် ပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့တွင် ပြည်သူများက ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသည့်အနေဖြင့် ဆရာတော် ဦးဥတ္တမပုံ၊ သာသနာ့ အလံများနှင့် သမ္မတ ကို ထောက်ခံသည့်အနေဖြင့် နိုင်ငံတော် အလံများကို မော်တော်ဆိုင်ကယ်၊ ဆိုက်ကား၊ ကားများနှင့် လွင့်ထူကာ မြို့လုံးအနှံ့ လှည့်လည်သွားကြသလို လူငယ်များကလည်း ရခိုင်ရိုးရာ ၀တ်စုံများ ၀တ်ဆင်ပြီး သာသနာ့အလံနှင့် နိုင်ငံတော် အလံများ ကိုင်ဆောင်ခါ နီးစပ်ရာ စေတီပုထိုး၊ ဘုန်းကြီး ကျောင်းများသို့ သွားရောက်ပြီး ဆီးမီး ထွန်းပူဇော် ခဲ့ကြသည်ဟု သိရသည်။
ယခုကဲ့သို့ လုပ်ဆောင်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကျောက်ဖြူ လူငယ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင် မြင့်စိုးက နိရဉ္စရာသို့ ပြောသည်။
 
“ အခုလို အာရှနေ၀န်း ဆရာတော် ဦးဥတ္တမကို ရာဇ၀င်ထဲက ပျောက်ပျက်မသွားရအောင်၊ ဆရာတော်ရဲ့ လုပ် ရပ်တွေ ကို နောင် မျိုးဆက်သစ်လူငယ်တွေ မေ့ပျောက်မသွားဘဲ အစဉ်ထာဝရ ဆရာတော်ရဲ့ စိတ်ဓါတ်မျိုး မွေးမြူလာနိုင်အောင် ရည်ရွယ်ပြီးတော့ အခုလို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
(၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားအား  မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံနှင့် တစ်ခြား မြို့ရွာ ကျေးလက်များတွင်လည်း ပြုလုပ်ကြသည်ဟု သိရသည်။

တောင်ပြုံးပွဲ ဓာတ်ပုံ အက်ဆေး

Posted by drmyochit Sunday, September 09, 2012, under | No comments


တောင်ပြုန်းပွဲသို့ နှစ်စဉ် ယခုလို လာကြပါတယ်။ ယခင်တုန်းကတော့ နွားလှည်းတွေနဲ့ တတန်းကြီး လာကြတာပါ။ ဓာတ်ပုံများ – ဂျေပိုင်/ဧရာဝတီ
မန္တလေးမြောက်ဘက် မတ္တရာမြို့နယ်ထဲမှာ ရှိတဲ့ တောင်ပြုံးကျေးရွာက ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား ပွဲတော် နဲ့ တောင်ပြုံးမင်းနှစ်ပါး ပွဲတော်ကို ၀ါခေါင်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်) နေ့က စပြီး ကျင်းပနေပါပြီ။ တောင်ပြံးပွဲတော်နဲ့ပတ်သက်ပြီး ဓာတ်ပုံ အက်ဆေးလေးကို တင်ပြပေးလိုက်ပါတယ်။

ဒီကလေးတွေက တောင်ပြုန်းပွဲ လာသူတွေ စွန်ကြဲမယ့် ပိုက်ဆံကောက်ဖို့ စောင့်နေတာပါ။
စွန့်စွန့်စားစား ပိုက်ဆံကောက်နေတဲ့ သူတွေပါ။
တောင်ပြုန်းပွဲက နှစ်စဉ်ဒီလိုစည်းကာစမြဲပါပဲ။
ဒီအနီရောင်လေးထဲက ပန်းစည်းကတော့ တောင်ပြုန်းလာသူတွေရဲ့ ရိုးရာယုံကြည်မှုတခုကိုပြနေပါတယ်။
တောင်ပြုန်းလာသူတွေရဲ့ ရိုးရာယုံကြည်မှုတစ်ခုကိုပြနေတာပါ။
စီးပွားရေးအဆင်ပြေ အစစအရာရာ အဆင်ပြေဖို့ နှစ်စဉ် တောင်ပြုန်းမင်းနှစ်ပါးထံ လာဆုတောင်းသူတွေ မနည်းမနောပါပဲ။
အစစအရာရာ အဆင်ပြေဖို့ ပိုက်ဆံပိုတက်နိုင်သူတွေက ဒီလိုနတ်ကနားပွဲတွေပေးကြပါတယ်။
တောင်ပြုန်းမင်းနှစ်ပါး
နတ်ကတော်တွေကလဲ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ပါ။
တောင်ပြုန်းပွဲမှာ ငွေကြဲနေတာကို တိုးဝှေ့လုကောက်နေကြပါတယ်။
တောင်ပြုန်းမင်းနှစ်ပါးပွဲပေးဖို့ အုန်းငှက်ပျောရောင်းတဲ့ဈေးသည်တွေ နှစ်စဉ်တိုးလာစမြဲပါ။
တောင်ပြုန်းပွဲမှာ ပိုက်ဆံရှိသူတွေကတော့ ငွေကြဲနေသလို ၀မ်းရေးအတွက် ဈေးရောင်းပြီး ငွေရှာနေသူများ လဲအများအပြားပါ။
ဝမ်းရေးအတွက် ယခုလို တောင်းခံနေသူလဲ ရှိပါတယ်။
Link
တောင်ပြုံးပွဲနဲ့ ပတ်သက်သမျှ

အမေရိကန် သမ္မတလောင်းတွေ အပြိုင်မဲဆွယ်

Posted by drmyochit Sunday, September 09, 2012, under | No comments


 

ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာစဘက်မြို့မှာ မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမား (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၁) အမေရိကန် သမ္မတ ဘရက်အိုဘားမား နဲ့ သူ့ရဲ့ပြိုင်ဘက် မစ်ရွန်မနီ တို့ဟာ အဓိကပြိုင်ရမယ့် ပြည်နယ်တွေမှာ အပြိုင်မဲဆွယ် နေကြချိန်မှာ လူထုထောက်ခံမှု စစ်တမ်းတွေအရ သူမသာ ကိုယ်မသာ ဖြစ်နေကြပါသေးတယ်။ ဒီ သမ္မတလောင်း ပြိုင်ဘက် နှစ်ဦးဟာ သမ္မတ ရွေးကောက်ပွဲတွေ မတိုင်ခင် ဆက်ပြိုင်ပြီး မဲဆွယ်ကြဖို့ နှစ်လ အချိန်ရှိနေချိန်မှာ လက်ရှိသမ္မတ အိုဘားမား ဟာ ဖလော်ရီဒါပြည်နယ် နှစ်ရက်တာ ခရီးစဉ်ကို စိန့်ပီတာစဘက် (St. Petersburg) မြို့နားက မဲဆွယ်ပွဲနဲ့ စနေနေ့မှာ စတင်လိုက်ပါပြီ။
မဲဆန္ဒရှင် စတုတ္ထ အများဆုံးဖြစ်ပြီး သူ့ဘက်ကိုယ့်ဘက် ထောက်ခံတာ အပြောင်းအလဲ ဖြစ်လွယ်တဲ့ ဒီ ဖလော်ရီဒါပြည်နယ် မဲဆွယ်ပွဲမှာ မစ္စတာ အိုဘားမား က စီးပွားရေး ပြန်ကောင်းအောင် လုပ်ဖို့မှာ သူ့ရဲ့ အစီအစဉ်က ပြိုင်ဘက် မစ်ရွန်မနီရဲ့ အစီအစဉ်ထက် သာတယ်လို့ ပြောလိုက်ပါတယ်။
မစ္စတာ အိုဘားမားက မစ္စတာ ရွန်မနီ ရဲ့ ရစ်ပက်ဘလစ်ကန် ပါတီမှာ စီးပွားရေး ပြန်ကောင်းလာဖို့ ဆေးဟောင်းကြီးပဲ ရှိတယ်၊ လွန်ခဲ့တဲ့ နှစ် ၃၀ ထဲက အမြဲသုံးလာတဲ့ အခွန်လျော့ချရေး ပိုလုပ်ဖို့နဲ့ ထိန်းချုပ်မှု စည်းကမ်းတွေ ပိုပြဌာန်းဖို့ပဲ ဖြစ်တယ်၊ ခုလို နောက်ပြန်သွားမယ့် အစား သူ့အစီအစဉ်က ရှေ့ကိုသွားဖို့ ဖြစ်တယ်၊ ထုတ်ကုန် ပိုထုတ်ဖို့၊ အလုပ်အကိုင် ပိုဖန်တီးဖို့၊ နိုင်ငံခြားစွမ်းအင် အပေါ် မှီခိုတာ လျော့ချဖို့၊ ပညာရေးကို အားလုံးတတ်နိုင်အောင် လုပ်ပေးဖို့နဲ့ လိုငွေပြမှု လျော့ချဖို့ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ ဒါပေမဲ့ မစ္စတာ ရွန်မနီ ဘက်ကတော့ နောက်အရေးပါတဲ့ ဗာဂျီနီးယား ပြည်နယ်မှာ စနေနေ့က မဲဆွယ်ခဲ့စဉ်၊ ဗာဂျီနီးယား ကမ်းခြေ မဲဆွယ်ပွဲမှာ ပြောခဲ့တာက အိုဘားမား ရဲ့ ဒီ အစီအစဉ်တွေက အလုပ်မဖြစ်လာသေးဘူးလို့ ဝေဖန်လိုက်ပါတယ်။
မစ်ရွန်မနီ က မကြာခင်က ထွက်လာတဲ့ အလုပ်လက်မဲ့ အစီရင်ခံစာမှာ အလုပ်လက်မဲ့နှုန်းက ၈% ဆက် ဖြစ်လာနေတာ ၄၃ လတောင် ရှိလာနေပြီ၊ သြဂုတ်လမှာ အလုပ်အကိုင်သစ် ဖန်တီးနိုင်တာကလည်း ၉၆,၀၀၀ ပဲ ရှိတာမို့ အိုဘားမား ပေးခဲ့တဲ့ ကတိနဲ့တလွဲစီ ဖြစ်နေတယ်၊ အပြောပဲရှိပြီး လက်တွေ့မရှိဘူး၊ အစီအစဉ်လည်း ကောင်းကောင်းမရှိသေးဘူး၊ ဒါကြောင့်မို့ ရှေ့နှစ်ဆန်းမှာ သူ အိမ်ဖြူတော်မှာ ဆက်မရှိနိုင်အောင် လုပ်ဖို့ လိုနေပြီလို့ တုံ့ပြန်လိုက်ပါတယ်။

ဒီနိုင်ငံရဲ့ အရေးကိုတော့ စိတ်ဝင်စားတယ်

Posted by drmyochit Sunday, September 09, 2012, under | No comments



လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဂန္ဓာရီဆိုတဲ့ တေးစီးရီးနဲ့ အမျိုးသမီး ရော့ခ်ကာတဦးအဖြစ် ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အဆိုတော် သျှီဟာ ရော့ခ်သီချင်း တေးစီးရီးပေါင်း ၈ ခွေ ထွက်ရှိထားပြီး ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး လူမှုရေးဘက်တွေမှာလည်း အားတက်သရော ပါဝင်လုပ်ဆောင်လာခဲ့သူပါ။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ စည်းရုံးရေး ခရီးစဉ်တွေ၊ ဖျော်ဖြေပွဲတွေမှာ ပါဝင်ကူညီသီဆိုခဲ့လို့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာလည်း အာဏာပိုင်တွေရဲ့ ပညာပြခြင်းခံခဲ့ရကာ သင်္ကြန်တတွင်းလုံး သီချင်းမဆိုရဘဲ နားနေရခဲ့ရပါသေးတယ်။ သူဖြတ်သန်းခဲ့တဲ့ ဂီတလမ်းကြောင်း တလျှောက်နဲ့အတူ လတ်တလော စိတ်ဝင်တစား ပါဝင်လှုပ်ရှားလာဖြစ်တဲ့ နိုင်ငံရေး၊ လူမှုရေး အကြောင်းတွေကို ဧရာဝတီသတင်းထောက် မစပ်စုက မေးမြန်းထားပါတယ်။
မေး ။    ။ သျှီ အနုပညာလောကကို စတင်ဝင်ရောက်တဲ့အချိန်မှာ မြန်မာ့ဂီတလောကမှာ ခေတ်အစားဆုံး ဂီတတွေက ဘာဖြစ်မလဲ။
ဖြေ ။    ။ ရော့ခ်ဂီတတွေက အဲ့ဒီအချိန်မှာ အလွှမ်းမိုးဆုံးအချိန်ပေါ့။
မေး ။    ။ အဲဒီအချိန်တုန်းက ရော့ခ်ဂီတတွေ တအားလွှမ်းမိုးနေလို့ ဒီဂီတလိုင်းထဲကို ၀င်ဖြစ်တာလား။ ဒါမှမဟုတ် ကိုယ့်ခံယူချက်နဲ့ကိုယ် ဒီရော့ခ်ဂီတကို ကြိုက်နှစ်သက်လို့ ရော့ခ်လိုင်းထဲ ၀င်ဖြစ်တာလား။
ဖြေ ။    ။ ပြောရမယ်ဆိုရင်တော့ ခေတ်ရဲ့လွှမ်းမိုးမှုလည်း ပါတယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်ကလည်း ရော့ခ်ဂီတကို ကြိုက်တာလည်းပါတယ်။ အများစုက ရော့ခ်သီချင်းတွေကို အမျိုးသားတွေ ဆိုတာများတယ်။ ဘာကြောင့်လဲဆိုတော့ အားအရမ်းသုံးရတဲ့ ဂီတဖြစ်တဲ့အတွက်ပေါ့နော်။ ကိုယ်က မိန်းကလေးတယောက် ဖြစ်ပေမယ့်လည်း ကိုယ်ကြိုက်တဲ့ Music လည်းဖြစ်တယ်။ အဲ့ဒီတော့ ဒီလိုမျိုး ကိုယ်ဆိုနိုင်မလားပေါ့။ ဆိုကြည့်တယ် ဆိုနိုင်တယ်။ နောက် ကိုယ်လည်း ကြိုက်တာဖြစ်တဲ့အတွက် ဒီ ရော့ခ်ကို ကြိုးစားပြီးဆိုတာပေါ့။
မေး ။    ။ မြန်မာ့ရောခ့်ဂီတသမိုင်းမှာ အမျိုးသမီးရော့ခ်ကာ တယောက်အဖြစ် စတင်ခဲ့တာ သျှီလို့ပြောလို့ရမလား။
ဖြေ ။    ။ အဲဒီလိုတော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ရော့ခ်သီချင်းတွေကို အများဆုံးဆိုတဲ့ မိန်းမတယောက်လို့တော့ ပြောလို့ရပါတယ်။ ရှေ့မှာ မကော်နီတို့ဆိုလည်း ရော့ခ်သီချင်းတွေ ဆိုခဲ့တာပဲလေ။ ဆိုကြပါတယ်။ သျှီကတော့ သီချင်းအများစုကို ရော့ခ်တွေဆိုတဲ့အခါကျတော့ ရော့ခ်နဲ့ သျှီကို တွဲမြင်တာပေါ့နော်။ ပိုပြီးတော့ မြင်သာတာပေါ့။ နောက်တခုက ပရိသတ်က သျှီကို ရော့ခ်ကာ ရော့ခ်ကာလို့ သတ်မှတ်တာပေါ့။ ပြောရမယ်ဆိုရင်တော့ သျှီက ကိုယ့်ကိုယ်ကို ရော့ခ်ကာလို့ သတ်မှတ်မထားဘူး။ ခုနက ပြောသလိုပဲ ကြိုးစားပမ်းစားလုပ်ခဲ့တယ်။ ကိုယ်ကြိုက်တယ်။ ကိုယ်က Music ကိုကြိုက်တာ။ သီချင်းတွေအကုန်လုံး ပုံစံမျိုးစုံကိုလည်းကြိုက်တယ်။ ကိုယ့်စွမ်းရည်ကို ကိုယ် ပိုပြီး ပြချင်တဲ့အတွက် ဒီ Music လမ်းကြောင်းကို ရွေးတယ်။
မေး ။    ။ အမျိုးသမီးတယောက်အနေနဲ့ ရော့ခ်သီချင်းတွေကိုပဲ အဓိကဆိုခဲ့တာဆိုတော့ အမျိုးသမီး ရော့ခ်ကာ တယောက်ကို အဲ့ဒီကာလပရိသတ်ရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိလဲ။
ဖြေ ။    ။ ပထမဆုံးအခွေ စထွက်တုန်းကတော့ သျှီကို မျက်နှာသစ်အဆိုတော်ဆိုတော့ ကိုယ့်ကို သိတဲ့သူလည်းရှိသလို မသိတဲ့လူလည်းရှိတာပေါ့နော်။ အဲ့ဒီခေတ်က အခွေတခွေပေါက်တယ်မပေါက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က လက်ဖက်ရည်ဆိုင်မှာ ကိုယ့်အခွေ ဖွင့်ခြင်း၊ မဖွင့်ခြင်းနဲ့ ဆုံးဖြတ်တယ်။ အဲ့ဒီအခါကျတော့ သျှီသီချင်းက ထူးထူးခြားခြား ပေါ့နော်။ မိန်းကလေးအဆိုတော်အနေနဲ့ လက်ဖက်ရည်ဆိုင်မှာ ဖွင့်ခြင်းခံရတယ်။ ဆိုတော့ ဒီအခွေပေါက်တယ်ပေါ့။ ပြီးတော့ အငြင်းပွားနေကြတာက လူသစ်ဖြစ်တော့ မိန်းမလား ယောက်ျားလား ဆိုတာကို ဇဝေဇ၀ါဖြစ်ကြတယ်။ ဒါလေးကတော့ အဲ့ဒီခေတ်ရဲ့ အမှတ်တရပေါ့နော်။ ဒါပေမယ့်လည်း နားထောင်ပြီးတဲ့အခါမှာ ပရိသတ်တွေက ဒီအပေါ်မှာ အသိအမှတ် ပြုတယ်။ ဘာကြောင့်လဲဆိုတော့ ပေါက်တယ်ဆိုတာ သူတို့တွေ နှစ်သက်လို့ပဲလေ။ သူတို့မနှစ်သက်ရင် ဘယ်လောက်ပဲ ကိုယ် ကြိုးစားကြိုးစား ပြန်လန်အောင် တော်နေလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီအခွေက ပေါက်ခဲ့တဲ့အတွက် သူတို့နှစ်သက်တယ်ဆိုတဲ့ တုန့်ပြန်မှုကို ပြန်ရခဲ့တယ်။ အဲ့ဒီအတွက်လည်း ကိုယ်ကြိုးစားရကြိုးနပ်ခဲ့တယ်ပေါ့။
နောက်ပိုင်း တလျှောက်လုံးဆက်သွားတဲ့အခါမှာ သျှီကို ပရိသတ်တွေက ရော့ခ်နဲ့ တွဲမြင်လာတယ်။ သျှီရဲ့ ပရိသတ်စစ်စစ်တွေက ရော့ခ်ကလွဲရင် ဘာမှ မဆိုစေချင်ဘူး။ နည်းနည်းလေး ပုံစံပြောင်းသွားတယ်ဆိုရင်တောင် သိတယ်။ တချို့ပရိသတ်တွေကတော့ သျှီကို သီချင်းအေးတာလေးတွေလည်း ဆိုစေချင်တယ်။  ဒါပေမယ့်လည်း ပရိသတ်တွေက အကုန်လုံးကို လက်ခံပါတယ်။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။
မေး ။    ။ တခြားအဆိုတော်တွေလို ဂီတလိုင်းပေါင်းစုံ ဖြစ်မသွားဘဲ ၁၅ နှစ်တာ ကာလတလျှောက်လုံးမှာ ရော့ခ်ဂီတကိုပဲ စွဲစွဲမြဲမြဲ ဆိုဖြစ်ရခြင်းကရော …။
ဖြေ ။    ။ သျှီရဲ့ပရိသတ်စစ်စစ်တွေက သျှီကို ဘာမှ မပြောင်းလဲစေချင်ဘူး။ ဆံပင်ကအစပေါ့။ သျှီကိုယ်တိုင်ကလည်း ခေတ်မမီတာလည်း မဟုတ်ဘူး၊ ခေတ်မမီချင်တာလည်း မဟုတ်ဘူး။ ခေတ်နဲ့အညီ ပြောင်းလဲရမယ်ဆိုတဲ့ သဘောတရားကိုလည်း နားလည်တယ်။ ဒါပေမယ့် Music ဆိုတာက ခေတ်မီတယ် မမီဘူးဆိုတာက နှစ်သက်သူပေါ်မှာပဲ မူတည်တယ်လေ။ ခေတ်တခုမှာ တမျိုးပေါ်လာတိုင်းလည်း ဒီလူကမကြိုက်ရင် မလိုဘူးလေ။ ဆိုတော့ Music တခုက ဟောင်းသွားတယ်လို့ သျှီလည်းမတွက်ဘူး။ ပရိသတ်တွေကလည်း မတွက်ဘူး။ အဲ့ဒီအတွက် ပရိသတ်တွေကိုလည်း ထပ်ပြီး ကျေးဇူးတင်တယ်။ ဒီအတိုင်းပဲ သျှီတို့ ဆက်ပြီးသွားကြတယ်။
ရော့ခ်ကလည်း အဓိကပြောရရင်တော့ အသက်ကြီးလာရင် သိပ်ပြီးတော့ ဆိုနိုင်ဖို့က မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ အင်အားအရမ်းသုံးရတဲ့ ဂီတဖြစ်တဲ့အတွက်လေ။ အဲဒီတော့ ပရိသတ်တွေရဲ့ ဆန္ဒအရရော ကိုယ်ကြိုက်တာရောပေါ့နော်၊ ကိုယ်အသက်ဒီအရွယ်မှာ ဆိုနိုင်တဲ့ အချိန်အထိပေါ့၊ ဒါလေးကို အဓိကထားပြီး ဆိုချင်ပါတယ်။ ဒါပေမယ့် Music ချစ်တဲ့အတွက် ရော့ခ်နဲ့ နွယ်တာပဲဖြစ်ဖြစ်၊ နောက်ပုံစံတမျိုးလေးတွေပဲ ဖြစ်ဖြစ်ပေါ့ သီချင်းကောင်းကောင်းလေးတွေတော့ ကိုယ်က ဆိုဖို့ အမြဲတမ်းပြင်ဆင်ထားတယ်။
မေး ။    ။ အခုနောက်ပိုင်း နိုင်ငံရေး၊ လူမှုရေးဘက်တွေမှာ သိသိသာသာ လှုပ်ရှားလာတာတွေ့ရပါတယ်။ သျှီ ခံယူထားတဲ့ နိုင်ငံရေးနဲ့ လူမှုရေး အမြင်ကို သိချင်ပါတယ်။
ဖြေ ။    ။ နံပါတ်တစ် ပြောရရင်တော့ ကျမက နိုင်ငံရေးသမားတယောက် မဟုတ်ဘူး။ သို့သော် ဒီနိုင်ငံမှာ နေတဲ့အတွက် ဒီနိုင်ငံရဲ့ အရေးကိုတော့ စိတ်ဝင်စားတဲ့သူတယောက်ဖြစ်တယ်။ နောက် ကျမ ဘယ်ပါတီမှလည်း ၀င်မထားဘူး။ ဗိုလ်ချုပ်ပြောတဲ့ စကားလေးတခုပေါ့ ကျမဖတ်ရဖူးတယ်။ နိုင်ငံရေးဆိုတာ အကြီးစား ပရဟိတလုပ်ငန်းတခုတဲ့၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွက်လုပ်တာ မဟုတ်ဘူးလေ။ အများအတွက် လုပ်တာဖြစ်တယ်။ နိုင်ငံရေးထဲမှာ ဆိုးတဲ့သူလည်းပါမယ်။ ကောင်းတဲ့သူလည်းပါနေမှာပဲ။ ကောင်းတာမွန်တာ လုပ်နေတဲ့ နိုင်ငံရေးသမားမှန်သမျှကို သူရည်ရွယ်ထားပုံရတယ်။ ပရဟိတလုပ်ငန်းကြီးပေါ့နော်။ နောက် အဲ့ဒီ ပရိဟိတလုပ်ငန်းကြီးကို တော်ရုံတန်ရုံ လူဟာမလုပ်နိုင်ဘူးပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကျိုးစွန့်ရတာ ဖြစ်တဲ့အတွက် ဒါဟာ ဘုရားအလောင်းလို လူမျိုးတွေ လုပ်ကြတဲ့ အလုပ်တခုပေါ့။ အင်မတန် မွန်မြတ်တဲ့ အလုပ်တခုအနေနဲ့ ဗိုလ်ချုပ်က နှိုင်းပြထားတယ်။
အဲဒီတော့ အမေစု ပြောတဲ့ စကားမှာလည်း ရှိပါတယ်။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ပတ်သက်တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ အိမ်ရှင်မတယောက် မီးဖိုချောင်မှာလည်း အဲဒီထဲကနေပဲ နိုင်ငံရေးက စတာပဲ။ သူရဲ့ ကုန်ဈေးနှုန်းနဲ့ ထိတွေ့ရမှာလေ။ ဒီအရာဟာ သက်သက်လုပ်ယူစရာ မလိုတဲ့အရာပေါ့နော်။ ကျမကလည်း ဒါကို သက်သက်လုပ်ယူခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ပြောခဲ့တဲ့စကား အမေစုပြောခဲ့တဲ့ စကားတွေရှိတယ်။ ကျမကိုယ်တိုင်ကလည်း ပရဟိတလုပ်ငန်းတွေ စိတ်ဝင်စားတဲ့သူဖြစ်တယ်။ အဲ့ဒီအတွက် ဒီနိုင်ငံရေးကို  ကိုယ်တတ်နိုင်တဲ့ ဘက်ကနေပြီး ၀င်ပြီးတော့ ပါနေပါတယ်။ အဲဒီတော့ အမြဲတမ်း သင့်လျော်တဲ့ အနေအထားလေး တခုမှာ ကျမ အဆင်ပြေရင်ပြေသလို ၀င်ပြီးတော့ ဒီ ပရဟိတအလုပ်တွေကို လုပ်နေမှာပါ။
မေး ။    ။ ဂီတ ရုပ်ရှင်ဘက် အနုပညာသမားတွေ အခုနောက်ပိုင်း ပါတီတွေဝင်လာကြတယ်။ လွှတ်တော်ထဲအထိ ရောက်သွားကြတာတွေရှိသလို လွှတ်တော်ထဲကို ၀င်ရောက်နိုင်ဖို့ကိုလည်း ကြိုးပမ်းနေကြတာတွေ့ရတယ်။ သျှီအနေနဲ့ရော လွှတ်တော်ထဲအထိ ရောက်အောင်သွားဖို့ စိတ်ကူးရှိပါသေးလား။
ဖြေ ။    ။ အနာဂတ်ကတော့ ကြိုပြောလို့မရဘူးပေါ့နော်။ အခုအချိန်အထိ စပြီးတော့ ပရဟိတတွေ လုပ်ခဲ့ကတည်းက ပရဟိတစိတ်ကို အပြည့်ထားတယ်။ ကိုယ်ဆိုတဲ့ စိတ်ကိုဖျောက်ထားတယ်။ ဒါတွေလုပ်ခဲ့တဲ့ လမ်းကြောင်း တလျောက်လုံးသည် ရည်ရွယ်ချက်က တခုတည်းရှိတယ်။ ပြည်သူတွေအားလုံးနဲ့ တသားတည်းဆိုတဲ့ စိတ်ပဲ။ အဲဒါက နံပါတ်တစ်ပေါ့။ ကျန်တာက ဘာမှ ရည်ရွယ်ချက်မရှိဘူး။ ပြည်သူတွေအတွက် ဆိုတာပဲရှိတယ်။ နေရာတနေရာ အတွက်ဆိုတဲ့ စိတ်မျိုးတခါမှ မထားခဲ့ဘူး။ အခုချိန်ထိလည်း မထားဘူး။ သူများတွေ ထားတယ်၊ မထားဘူးဆိုတာ မပြောဘူးနော်။ ကျမက မထားဘူးဆိုတာကို ပြောတာပါ။ မထားသင့်ဘူးလို့လည်း မပြောဘူး၊ ထားသင့်တယ်လို့လည်း မပြောချင်ဘူး။ လွှတ်တော်ထဲဝင်ဖို့လည်း စိတ်ကူးမရှိပါဘူး။ လွှတ်တော်ထဲမှာ တကယ်တော်တဲ့သူတွေ ရောက်ပါစေ။ ကိုယ်က အဲ့လောက်အထိ မတော်သေးပါဘူး။
မေး ။    ။ ပြင်ပကနေရော ဘယ်လို နိုင်ငံရေးမျိုး၊ ဘယ်လို လူမှုရေးမျိုးတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ ။    ။ ကျမနဲ့ တွေ့သမျှလူတွေကတော့ သွားပါ သွားပါပေါ့။ လွှတ်တော်ထဲကို အရမ်းရောက်စေချင်တယ်။ အမတ်ဖြစ်စေချင်တယ်ပေါ့။ ကျမကို အားတက်သရောရှိတယ်လို့ ယုံကြည်ထားပုံရပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့သဘောတော့ ဖြစ်နေတာပေါ့။ ကိုယ်ကတော့ သွားဖို့မရှိဘူး။ ဘာတွေဆက်လုပ်ဖြစ်မလဲ ဆိုရင်တော့ ပေါ်လာတဲ့အနေအထားတွေပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကလည်း မိသားစုရှိသေးတယ်လေ။ မိသားစုရှိသေးတယ်ဆိုတော့ တစိုက်မတ်မတ်ကြီးတော့ လုံးဝမလုပ်နိုင်သေးဘူးပေါ့လေ။ အဲ့ဒါလည်း ၀န်ခံပါတယ်။ တကယ်တမ်းပြောလို့ရှိရင်တော့ စိတ်က အပြည့်ရှိတယ်။ တတ်နိုင်သလောက် ကိုယ့်ဘက်က အကောင်းဆုံး ဆက်ပြီးတော့ ပရဟိတလုပ်ငန်းတွေမှာ သင့်လျော်ရာ ကိုယ့်နိုင်သလောက်ပေါ့၊ ကျမ တောက်လျှောက် မသေမချင်း ဆက်လုပ်နေမှာပဲ။
မေး ။    ။ ပြည်သူတယောက်အနေနဲ့ရော ဂီတသမားတယောက်အနေနဲ့ပါ လက်ရှိ မြန်မာပြည်ရဲ့အပြောင်းအလဲ အခြေအနေ၊ ဂီတလောကရဲ့ အခြေအနေဟာ ထူးခြားပြောင်းလဲလာပြီလို့ ပြောလို့ရပြီလား။
ဖြေ ။    ။ လောလောဆယ်တော့ ထူးထူးခြားခြား မပြောင်းလဲသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ စပြောင်းလဲတဲ့ ကာလဖြစ်တယ်လေ။ အိမ်တအိမ်ပြောင်းတယ် ဆိုရင်တောင်မှ အခြေကျဖို့အတွက် အချိန်တခု ယူရတာပဲလေ။ အခုဟာလည်း အပြောင်းအလဲမှာ သိပ်လောလို့ မရဘူးပေါ့နော်။ ဥပဒေတွေ ချမှတ်ရမယ်။ တိုင်းပြည်ရဲ့ အခုအချိန်မှာ ရေတွေကြီးနေတာပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်တွေလည်း ရှိတယ်။ တခြားအကြောင်းတွေလည်း ရှိတယ်ဆိုတော့ အဓိက တခုကို အရမ်းကြီးတော့ ဇောင်းပေးလို့တော့ မရဘူးပေါ့။ မျှပြီးပေးရတာဖြစ်တဲ့အတွက် တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားမယ်လို့ ယုံပါတယ်။ အခုလောလောဆယ်ကတော့ အပြာင်းအလဲကာလဆိုတော့ အများကြီးပေါ့၊ ဆုံရှုံးတာတွေ ဖြစ်နိုင်သလို အားသာချက်တွေလည်း ဖြစ်နိုင်တယ်။ ဘာမဆိုဖြစ်နိုင်တယ်လေ။
မေး ။    ။ အနာဂတ်မြန်မာပြည်အတွက် သျှီရဲ့ စိတ်ကူးမျှော်လင့်ချက်က ဘာဖြစ်မလဲ။
ဖြေ ။    ။ အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ပဲ မျှော်လင့်တယ်။ ဘာဖြစ်မယ်ဆိုတာတော့ ကိုယ်လည်း မမှန်းတတ်ဘူးပေါ့နော်။ ကိုယ်လည်း မကျွမ်းကျင်တဲ့ အရာဖြစ်နေတဲ့အတွက်လေ။ ဒါပေမယ့် ကိုယ်သည် ဒီနိုင်ငံမှာနေတဲ့အတွက် ဒီနိုင်ငံကိုချစ်တယ်။ ဒီနိုင်ငံကလူတွေကို ချစ်တယ်။ ဒီက ယဉ်ကျေးမှုတွေကို ချစ်တယ်။ မြန်မာပြည်ဟာ သဘာဝအလှတွေလည်း အပြည့်ရှိတယ်။ အဲ့ဒါတွေကိုလည်း မပျက်ဆီးသွားစေချင်ဘူး။ မြန်မာပြည်ဟာ အခုဆိုရင် ကမ္ဘာက အာရုံစိုက်လာပြီ။ နောင်ဆိုရင် ကမ္ဘာကျော်နိုင်ငံတနိုင်ငံဖြစ်လာမှာ။ အဲ့ဒါကို ယုံတယ်။ ဒီထက် အစစအရာရာ သူများနိုင်ငံတွေနဲ့ တသားတည်းဖြစ်နိုင်မယ့် အဓိက ပညာရေးပေါ့နော်။ နောက် လူတွေ အလုပ်အကိုင်ရရှိဖို့။ အဓိက ပညာရေးမြင့်လာမယ်ဆိုရင်  ဘယ်တော့မှ နောက်ကျကျန်ခဲ့မယ့် တိုင်းပြည်တခု မဟုတ်ဘူးလို့၊ အဲ့လိုဖြစ်လာလိမ့်မယ်။ အ့ဒီတော့ အနာဂတ်မှာ တကယ့်ပညာတတ်တွေ အရမ်းပေါကြွယ်ဝပြီး အရမ်းကိုပြည့်ဝတဲ့ တိုင်းပြည်တခုဖြစ်ပါစေလို့ အဲ့ဒါလေးကို မျှော်လင့်တယ်။

ပဲခူးတိုင်းရေတာရှည်မြို့နယ်တွင်ထူးဆန်းသော လှေကြီး ပေါ်သောကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြ

Posted by drmyochit Sunday, September 09, 2012, under | No comments


 
စက်တင်ဘာလ ၀၁၊ ၂၀၁၂ပဲခူး တိုင်း၊ ရေတာရှည်မြို့နယ်၊ လှည်းပွဲလေးကျေး ရွာတွင် ထူးခြားသော လှေတစ်စ င်း ပေါ်ပေါက် သောေ ကြာင့် ဒေ သ ပေါင်းစုံမှ လူများ လာရောက် ကြည့်ရှုကြရာ မလိုလားအပ်သော ပြဿ နာများ ဖြစ်ပွားမ ည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ရွာဦးကျောင်း ဆရာတော် ဦးကောဝိဒက သြဂုတ် ၂၃ ရက်တွင် မြန်မာအင်ဒီ ပဲန်ဒင့်သို့ ပြောသည်။ ယင်းလှေသည် လှည်းပွဲေ လး ကျေးရွာ မှ နှစ်ဖာလုံ ခန့် ဝေးေ သာ လုံးရမ်းေ ချာင်းစပ်တွင် သြဂုတ် ၁၉ ရက်တွင် တွေ့ရြှိ ခင်း ဖြစ်သည်။ လှည်းပွဲလေးရွာအနီးရှိ လုံးရမ်းချောင်း သည် အကျယ်ပေ ငါးဆယ်ကျော်ခန့်သာရှိပြီး အဆိုပါ သစ်တစ်လုံးတည်း ထွင်းထားသော လှေကြီးသည်လည်း အလျား၅၃ပေ၂လက်မ၊လုံးပတ် ပေ ၇ လက်မရှိသော လှေကြီး ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် ထူးဆန်းနေကြခြင်း ဖြစ်သည်။ ယင်း လုံးရမ်းချောင်းသည် တောင်ကျချောင်း တစ်စင်းဖြစ်ပြီး လှေလှော်ခတ်၍ မရသော ချောင်း ဖြစ်သည်။ယင်းချောင်း၏ အထက်ပိုင်းတွင်လည်း ပို၍သာ ကျဉ်းမြောင်းသော ချောင်း ဖြစ်သည်။ ယင်းလှေတွင် စာ ဟု ယူဆရသော အမှတ်အသားများ၊ လှေ၏ အောက်ခြေ ဘေးနှစ်ဖက်တွင် ငါးမူးလုံးခန့် အချိုးကျဖောက်ထားသော အပေါက်များ ကိုလည်း တွေ့ရသည်။ ကျေးရွာရှိ ဒေသခံများသည် ယင်းလှေကြီး ရွာဦးကျောင်းသို့ ရောက်သောနေ့တွင် လှေတွန်းသူ၊ ဆွဲသူများ မှ အချို့သည် မူးလဲခြင်း၊ ကယောင်ချောက်ချား စကားများ ပြောခြင်းကြောင့် ဒေသ အယူအဆအရ အစွဲဝင်သည် ဟု ယူဆ ကြသောကြောင့် မလိုလားအပ်သော ပြဿနာများကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွာဦးကျောင်းဆရာတော်က “တော်ကြာ ဝင်ပူးပြီး ပြောတဲ့လူက ဒီလှေကြီးကို ဟိုဟာ လုပ်ရမယ်။ ဒီဟာ လုပ်ရမယ်ဆိုပြီး ပြောတာမျိုးတွေ၊ မလုပ်ပေးနိုင်ရင် ဒုက္ခရောက်မယ် ဆိုတာမျိုးတွေ ပြောယုံလွယ်တတ်တဲ့ ရွာသားတွေ ဒုက္ခရောက်မှာ စိုးရတယ်”ဟု ယင်း၏အမြင်ကို မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။ ထို့ပြင် ကျေးလက် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက “လှေကြီးပေါ်တော့ လူတွေက လာ ကြည့်ကြတယ်။ ရွာသားတွေကလည်း ချက်ပြုတ် ကျွေးမွေးတာတွေ လုပ်ကြတော့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်နေရတယ်”ဟု ယင်း၏ ကျန်းမာရေးအမြင်ကို ပြောသည်။ ယင်းကျေးရွာဥက္ကဋ္ဌက “လာကြည့်တာက ဒေသခံတွေကော၊ ဘေး နယ်ကလူတွေရော အစုံဆိုတော့ အားလုံးကလှေကြီးပေါ်တာအကြောင်းပြုပြီးမလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာအောင် စောင့်ကြည့် နေကြရတယ်” ဟု ယင်း၏အမြင်ကို ပြောသည်။ ယင်းကျေးရွာတွင် အသက်အကြီးဆုံး ၈၇ နှစ် အရွယ်ရှိ အဘွား ဒေါ်လှိုင်က“ဒီအသက်အရွယ် ရောက်လာပြီ တို့ဆီမှာဒီလောက်ကြီးတဲ့လှေဆိုတာဒါပထမ ဆုံးမြင်ဖူးကြတာပဲ”ဟုယင်း၏ အတွေ့အကြုံကို မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

အနာဂတ် ပြည့်တန်ဆာလုပ်ငန်းကို ရိုဘော့များ သိမ်းပိုက်မည်

Posted by drmyochit Sunday, September 09, 2012, under | No comments


 
  
မကြာတော့မည့်တစ်နေ့တွင် ပြည့်တန်ဆာများရဲ့ မြေအောက် အမှောင်လုပ်ငန်းများကို ရိုဘော့များက သိမ်းပိုက် သွားနိုင်ဖွယ် ရှိသည်ဟု သုတေသနပြုသူများက ယုံကြည်လာကြသည်။
ဩစတြေးလျ စီမံခန့်ခွဲမှု သုတေသန ပါမောက္ခ Ian Yeoman နှင့် လိင်မှုဗေဒပညာရှင် (sexologist) Michelle Mars တို့ နှစ်ဦးရဲ့ လေ့လာချက်အရ၊ ၂၀၅၀ ခုနှစ်တွင် မိန်းမပျက်ကဲ့သို့ ၀တ်စားပြုမူသော ရိုဘော့များသည် အမြတ်အစွန်းရမည့် လိင်လုပ်ငန်းတွေမှာ နေရာယူလာပြီး၊ ပုရိသအပေါင်းရဲ့ မျက်လုံးတွေ ကျွတ်ထွက်လုလု စွဲဆောင်နိုင်စွမ်း ရှိမည်ဟု ခန့်မှန်းထားသည်။ Futures ဂျာနယ်မှာ ၄င်းတို့နှစ်ဦး ရေးသားချက်အရ အနာဂတ် ပြည့်တန်ဆာရုံများနှင့် လိင်ဖျော်ဖြေသည့် ကလပ်များတွင် ရိုဘော့ အမျိုးသမီးများနှင့် ပြည့်နှက်နေမည်ဟု ဆိုသည်။ ရိုဘော့များကို လူမျိုးပုံစံအမျိုးမျိုး၊ ခန္ဓာကိုယ်အချိုးအစားမျိုးစုံ၊ အသက်အရွယ်နှင့် ဘာသာစကား အမျိုးမျိုး၊ လိင်ပိုင်းဆိုင်ရာ အသွင်သဏ္ဍန် မျိုးစုံဖြင့် ဖောက်သည်များ စိတ်ချမ်းသာဖို့ ဖန်တီး ထားနိုင် လိမ့်မည်ဟု ခန့်မှန်းသည်။
Yeoman နှင့် Mars တို့နှစ်ဦး ပူးတွဲရေးသားသည့် အနာဂတ် ပြည့်တန်စာ လုပ်ငန်း စာတမ်းအရ ၂၀၄၀ ပြည့်လွန် နှစ်များအထိ လိင်လုပ်ငန်း များကြောင့် လူကုန်ကူးမှုများနှင့် လိင်ကြောင့်ဖြစ်သော ကူးစက် ရောဂါများ ပိုမိုများပြားလာမည်။ ၄င်းဖြစ်ရပ်များကို ကာကွယ် ဖြေရှင်းဖို့အတွက် ၂၀၅၀ ခုနှစ်ပိုင်းတွင် ရိုဘော့ ပြည့်တန်ဆာ အများအပြားကို အစားထိုး အသုံးပြုလာကြလိမ့်မည်ဟု ခန့်မှန်းထားသည်။

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုတ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီး ပျောက်ကွယ် တော့မည်။

Posted by drmyochit Sunday, September 09, 2012, under | No comments


  
နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုတ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီး ပျောက်ကွယ် တော့မည်။ အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်း နှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ ဓါတ်တော် မွေတော်တို့ဌာပနာထားရာ ရှေးဟောင်း ဘုရားကျောင်းတခုတွင် နိုင်ငံတကာ ရှေးဟောင်း သုတေသန ပညာရှင်တစုက မကြာမှီ ကာလာအတွင်းတွင် ဒေါ်လာသန်း
၁၀၀တန် တရုပ်ကြေးနီ ရှာဖွေထုတ်ရေး ကုမ္မဏီကြောင့် ပျက်စီး ဆုံးရှုံးတော့မည် ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓဘုရားရှင် ရှိစဉ်က ဓါတ်တော် မွေတော်နှင့် နှစ်ပေါင်း ထောင်ကျော် သက်တမ်း ရှိဖြစ်ပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် တွေကို ရှာဖွေ မှတ်တမ်း တင်နေ ကြပါတယ်။ အမေရိကန် ပြည်ထောင်စု Medhill Northwest တက္ကသိုလ် ပါမောက္ခနှင့် မှတ်တမ်း ရုပ်ရှင်ရိုက် ကူးသူ Brent Huffman ဟာ လအတော်တန်ကြာ ကတည်းက အန္တရာယ် အလွန်များလှတဲ့ အာဖဂန် နိုင်ငံအတွင်းရှိ အဆိုပါ ရှေးဟောင်း ဒေသမှာ ရှာဖွေသုတေသန မှတ်တမ်းတင် လုပ်ကိုင် နေခဲ့ပါတယ်။  ရှေးဟောင်း ဗုဒ္ဓဘုရား ကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက် ကိုတူးဖေါ်ခွင့်ရရှိ ထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီ ထုတ်လုပ်ဖို့ အတွက် ရှေးဟောင်း အဆောက်တည်ရှိ တောင်တန်းကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကို အမိန့်ထုတ်ပြီးဖြစ်နေပါပြီ ဒေါ်လာသန်း၁၀၀ တန်ကြေးနီ ထုတ်လုပ်နိုင်ဖို့ အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဖျက်ဆီး တော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့ နီးကပ်လာနေပါပြီ။ ရှေးဟောင်း သုတေန အဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်း ဒေသနေရာကို စိတ်ဆိုးနေ တဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ရဲ့ ညအချိန် ရော့ကက်ဖြင် တိုက်ခိုက်မှုတွေ လမ်းတလျောက် မိုင်ထောင်မှုတွေ ဖြင့်လည်းကြုံတွေ့ရပါတယ်။ တရုပ်ကုမ္မဏီရဲ့ ကြေးနီ ထုတ်လုပ် မှုကြောင့် ရှေးဟောင်း အမွေအနှစ် လက်ရာတွေပျက်ဆီး ဆုံးရှုံးရတော့မယ့် အရေးကိုတွေးပြီး နှလုံးခုန် ရပ်သလိုခံစားရသည်ဟု Huffman ကစိတ်မကောင်း စွာဖြင့်CNN ရုပ်သံ အင်တာဗျူးတွင် ပြောဆိုခဲ့ပါတယ်။ 

မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ ဟု သိရ

Posted by drmyochit Sunday, September 09, 2012, under | No comments


 
နိုင်ငံတော် သမ္မတရုံး၏ အင်တာနက် စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာ တွင် ပြည်သူ့ အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြ တိုင်ကြား နိုင်ပြီဖြစ်သည်။ ပြည်သူ့အသံ ဟအမည်ပေးထားသည့် ကဏ္ဍတွင် တိုင်ကြားမည့်သူအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကိုပါ တိုင်ကြားစာနှင့် အတူဖြည့်သွင်းရမည်ဖြစ်သည်။
ယခုအခါ လယ်မြေသိမ်းခံရသည့် ကိစ္စ၊ အလုပ်သမား အရေးကိစ္စ၊ မီဒီယာ လွတ်လပ်ခွင့်ကိစ္စအစရှိသည်တို့ကို သမ္မတဦးသိန်းစိန် ထံတင်ပြလိုသည့်အခါ စာဖြင့်ပေးပို့ကြသည်ဟု သိရသည်။ ယခုဝက်ဆိုက်မှ တဆင့် ပေးပို့နိုင်ပြီ ဖြစ်သဖြင့် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ လပိုင်းအနည်းငယ်ကြာက စတင်လွှင့်တင်ခဲ့သည့် အစမ်းဝက်ဆိုက်ကို တရားဝင်ဗားရှင်ဖြင့် ယနေ့အစားထိုး ဖေါ်ပြလိုက်သည့်အခါ ယခုကဲ့သို့ ပြည်သူ့အသံ ပေးပို့စာ ကဏ္ဍကိုတွေ့ရှိရခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်မှ သမ္မတရုံးနှင့် ပတ်သက်သည့် သတင်းများကို အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်သည်ထက် စောလျင်စွာ ဖေါ်ပြသဖြင့် လအနည်းငယ် အတွင်း လူသိများလာသည် ကိုတွေ့ရသည်။
ယင်းဝက်ဆိုက်လိပ်စာမှာ http://www.president-office.gov.mm/contact  ဖြစ်သည်

သမီးကိုပြန်ပေးဆွဲပြီး ဖခင်ဖြစ်သူကို သတ်မည်ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံမှုတစ်ခု စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိ

Posted by drmyochit Sunday, September 09, 2012, under | No comments


 
တူမဖြစ်သူ၏ သူငယ်ချင်းက နိုင်ငံတော်သမ္မတရုံးမှ ဗိုလ်မှူးတစ်ဦးဟု လိမ်လည်လျက် သမီးငယ် အား ပြန်ပေး ဆွဲပြီး ဖခင်ဖြစ်သူအား သတ်မည်ဟု ခြိမ်းခြောက် ငွေတောင်းသော မှုခင်းတစ်ခု ရန်ကုန် တိုင်း ဒေ သကြီး စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၃ဝရက်က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ရန်ကုန် တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ်(၃၉)နေ ဦးမိုးနိုင်၏ လက်ကိုင် ဖုန်းသို့ နိုင်ငံတော် သမ္မတရုံးမှ ဗိုလ်မှူးဝင်းနိုင်ဆိုသူက ဦးမိုးနိုင်၏ အိမ်ဖော်ထံမှ ဖုန်းနံပါတ် စုံစမ်းသိရှိ ချက်အရ လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်ပြီး ဦးမိုးနိုင်၏သမီးဖြစ်သူ ISM (International School of Myanmar) ကျောင်းသူ မဖူးဖူးအား ပြန်ပေးဆွဲ၍ ဦးမိုးနိုင်အား သတ်မည်ဖြစ်ကြောင်း၊ ထိုသို့ မဖြစ်စေ လိုက ငွေကျပ်သိန်း တစ်ရာပေးရန် အကြိမ် ကြိမ် ခြိမ်းခြောက် တောင်းခံခဲ့ရာ ဦးမိုးနိုင်က ယင်းနေ့တွင်ပင် စမ်းချောင်း ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ ဦးမိုးနိုင်၏ တိုင်ကြားချက်အရ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူး အောင်သိန်းနှင့် စခန်းမှူး ရဲအုပ်မြအောင်တို့က ၄င်းအားသွားရောက် တွေ့ဆုံမေးမြန်းခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ဆက်လက် တင်ပြချက်အရ တိုင်းဒုစရိုက် နှိမ်နင်းရေးအဖွဲ့မှ ဦးမိုးနိုင်၏ သမီးဖြစ်သူ မဖူးဖူးအား ကျောင်း သွားကျောင်းပြန် စောင့် ကြပ် လိုက်ပါခြင်း၊ကျောင်းတက်ချိန်တွင် ကျောင်းပြင် ပမှ စောင့်ကြည့်ခြင်း၊ ဦးမိုးနိုင်၏ နေအိမ်အနီးတွင် အစောင့်ထားရှိခြင်းတို့ကို ဆောင်ရွက်ပေးပြီး တစ်ချိန်တည်းတွင်ပင် မသင်္ကာ သူက ဦးမိုးနိုင်ထံသို့ ခေါ်ဆိုခဲ့သည့် လက်ကိုင်ဖုန်းအမှတ် ဝ၉-၂ဝ၂၇၆၂၉၏ ခေါ်ဆိုမှု မှတ်တမ်းတို့ကို စိစစ်ဖော် ထုတ်ခဲ့သည်။

ထိုသို့ စိစစ်ချက်များအရ ယင်းလက် ကိုင်ဖုန်းပိုင်ရှင်မှာ မန္တလေးမြို့တွင် နေထိုင်သည့် ဒေါ်မွန်ရွှေ ဆိုသူဖြစ် ပြီး ၄င်း၏သားဖြစ်သူ အာကာ လူမင်းအား ပေးထားသောဖုန်းဖြစ်ကြောင်း၊သားဖြစ်သူထံမှ ယင်းဖုန်းပျောက်ဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖုန်း၏ ခေါ်ဆိုမှုမှတ်တမ်းများထဲမှ နံပါတ်တစ်ခုမှာ အာကာလူမင်း ၏သူငယ်ချင်း ဖြစ်သူ ရာဇာစိန်ဝင်း ဆိုသူ၏ ဖုန်းဖြစ်ကြောင်း ဆက်သွယ်ရေးဌာန မှ ဖော် ထုတ်နိုင်ခဲ့ပြီး ယင်းအာကာ လူမင်းနှင့် ရာဇာစိန်ဝင်းတို့မှာ ဦးမိုးနိုင်၏တူမ ဖြစ်သူမချစ်စု၏ မိတ်ဆွေ များဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည့် အပြင် မချစ်စု၏ လက်ကိုင်ဖုန်းမှ တစ်ဆင့် အာကာလူမင်းနှင့် ရာဇာစိန်ဝင်းတို့၏ ဓာတ်ပုံများကို ဖော်ထုတ်ရရှိခဲ့ပြီး ရာဇာစိန်ဝင်း၏ နေအိမ်အား စောင့်ကြည့်ခဲ့သည်။
စက်တင်ဘာ၂ရက် မွန်းလွဲပိုင်းက ဦးမိုးနိုင်ထံသို့ ယင်းဗိုလ်မှူး ဝင်းနိုင်ဆိုသူက ထပ်မံဆက်သွယ်ပြီး မူလ တောင်းဆိုထားသည့် ငွေအပြင် i-Phoneနှစ်လုံးနှင့် Sim Cardနှစ်ခုကို ပါ နောက်တစ်နေ့ တွင် ပေး ရန် ထပ်မံခြိမ်းခြောက် တောင်းဆိုသဖြင့် ဦးမိုးနိုင်၏ တိုင်ကြားချက်အရ ထိုသူအား ငွေပေးအပ်ချိန်တွင် ဖမ်းဆီးရန် စီမံ ဆောင်ရွက်ခဲ့သည်။

စက်တင်ဘာ၃ ရက် နံနက် ၉နာရီက ဦးမိုးနိုင်ထံ ၄င်းဗိုလ်မှူး ဝင်းနိုင်ဆိုသူက ဆက်သွယ်၍ ညနေ ၄နာရီတွင် (၄၉)လမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ Black Skyကော်ဖီဆိုင်၌ တောင်းထားသော ငွေနှင့် ပစ္စည်းများ လာ ပေးရန် ချိန်းဆိုချက်အရ ရဲတပ်ဖွဲ့ဝင်များက ဦးမိုးနိုင်အိမ်နှင့် Black Skyကော်ဖီဆိုင်အနီး ၌ စောင့်ဆိုင်းခဲ့ပြီး ရဲအရာရှိတစ်ဦးက အနီးကပ် စောင့်ရှောက်ပေးခဲ့ရာ ညနေ၃နာရီခွဲတွင် ၄င်းဗိုလ်မှူး ဝင်းနိုင်ဆိုသူ ရောက်ရှိလာ ပြီး ဦးမိုးနိုင်နှင့် ချိတ်ဆက်လျက် ငွေနှင့်ပစ္စည်းများကို ယူဆောင်သွားခဲ့ရာမှ ကော်ဖီဆိုင် အထွက်တွင် အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များက သက်သေခံ ပစ္စည်းများဖြစ်သည့် ငွေကျပ်သိန်းတစ်ရာ၊ i-Phone နှစ်လုံးနှင့် Sim Card နှစ်ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ် (၁၂၂)လမ်းအမှတ်(၁၈) ခြောက်လွှာ ယာဘက်ခန်းတွင်နေ ထိုင် သူ ရာဇာစိန်ဝင်း(ခ) ရှီပါး(ဘ)ဦးစိန်ဝင်း ဖြစ်ပြီး ဒဂုံအဝေးသင် တက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ် ကြောင်း၊ ကျောင်းအတူသွားစဉ် အာကာလူမင်းထံမှ ခိုးယူခဲ့သော လက်ကိုင်ဖုန်းဖြင့် သမ္မတရုံးမှ ဗိုလ်မှူးဝင်းနိုင် ဟု လိမ်လည်၍ ဦးမိုးနိုင်ထံ ခြိမ်းခြောက် ငွေတောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဤဖြစ်စဉ်တွင် မပေါင်းအပ်သူတို့နှင့် ပေါင်းသင်းမိခဲ့သည့် ဦးမိုးနိုင်၏ တူမဖြစ်သူမချစ်စု၊ မိမိအလုပ်ရှင်၏ ဖုန်း နံပါတ်ကို လူစိမ်းတစ်ဦးထံ အလွယ်ပေးခဲ့သော အိမ်ဖော်၊ ကံဆိုးရှာသူ ဦးမိုးနိုင်တို့နှင့် လောဘ သားကောင် တို့ ဆုံဆည်းမိခဲ့ရာမှ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ကျေပွန်သူ ဝန်ထမ်းများ ကြောင့်သာ ဖြစ်ရပ်ဆိုးကြီး မဖြစ်မီအချိန်မီ တားဆီးထိန်းသိမ်း လိုက်နိုင်ကြောင်း မှတ်သားဖွယ်ရာ တွေ့ရှိ ဖော်ပြလိုက်ပေသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ သဝဏ်လွှာ

Posted by drmyochit Sunday, September 09, 2012, under | No comments

From : ခေတ်လူငယ်
စာတတ်မြောက်ခြင်းသည် အမျိုးသားနှင့် အမျိုးသမီးများအား ကမ္ဘာလောကကြီးကို ပိုမိုနားလည်ပြီး မိမိဆန္ဒရည်မှန်းချက်များနှင့် ကိုက်ညီအောင် ပုံဖော်နိုင်စွမ်း ရှိစေပါသည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့် ကြံ့ခိုင်ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းအတွက် အဓိက အရင်းအမြစ်လည်း ဖြစ်ပါသည်။ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သည် စာတတ်မြောက်ရေး လုပ်ငန်းအား အင်တိုက်အားတိုက် ဆောင်ရွက်နေကြမှုများကို ဂုဏ်ပြုသည့်နေ့ဖြစ်သည်။ ယခုနှစ် နောက်ဆုံးဖြစ်သည့် ကုလသမဂ္ဂ စာတတ်မြောက်ရေး ဆယ်စုနှစ်ကာလအတွင်း စာတတ်မြောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လျှင်မြန်စွာ ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းတွင် လူတစ်ဦး တစ်ယောက်ချင်းအလိုက်၊ ရပ်ရွာအဖွဲ့အစည်းများ အလိုက်၊ နိုင်ငံအလိုက် ကလေးသူငယ်များ၊ လူငယ်နှင့် သက်ကြီးများအား အရေးအဖတ် တတ်ကျွမ်းအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် ၎င်းတို့၏ဘဝကို ပြောင်းလဲခဲ့ပါသည်။ အကျိုးဆက်အားဖြင့် အမျိုးသား၊ အမျိုးသမီးငယ်များနှင့် သက်ကြီး သန်း (၉၀) ခန့် စာတတ်မြောက် လာခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် နောက်ထပ်ဆောင်ရွက်ရန် များစွာ ရှိနေပါသေးသည်။ ယခုတိုင် ကမ္ဘာတစ်ဝန်းတွင် လူငယ်နှင့် လူကြီး (၇၇၅) သန်းခန့်မှာ အရေးအဖတ် မတတ်ကြသေးပါ။ မူလတန်းအရွယ်နှင့် အလယ်တန်းအရွယ် ကလေး (၁၂၂) သန်းတို့မှာလည်း ကျောင်းပြင်ပ ရောက်နေသည့် အပြင် ကျောင်းပြီးသော်လည်း ပြည့်စုံလုံလောက်သော စာတတ်မြောက်မှု စွမ်းရည်မရှိသူ သန်းပေါင်းများစွာ ရှိနေပါသေးသည်။ အဆိုပါ စာတတ်မြောက်သူများအနက် အမျိုးသမီးဦးရေ သုံးပုံနှစ်ပုံ ပါဝင်ပါသည်။ ဤသို့ အရေအတွက် များပြားလှသော စာမတတ်သူများ ဆက်လက်တည်ရှိနေခြင်းသည် ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီရေးနှင့် ၂၁ ရာစုအတွက် လိုအပ်သော ပညာတတ်လူ့အဖွဲ့အစည်း ထူထောင်ရေးကို အဟန့်အတား ဖြစ်စေပါသည်။ အခွင့်မသာသူများအားလုံး စာတတ်မြောက်ခြင်းတည်း ဟူသော အခြေခံ အခွင့်အရေးတစ်ရပ် ရရှိအောင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးရပါမည်။ ပညာရေးအတွက် ကမ္ဘာတစ်ဝန်းလုံး လှုပ်ရှားဆောင်ရွက်ရန် တွန်းအားများစွာ လိုအပ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်အနေဖြင့် ပညာရေးသည် ပထမလုပ်ငန်းသစ် တစ်ရပ်ကို ယခုလနှောင်းပိုင်းတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤလုပ်ငန်းတွင် ဦးစားပေးအစီအစဉ် သုံးရပ်ကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းတို့မှာ ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး၊ သင်ယူမှုအရည်အသွေး တိုးတက်အောင် ဆောင်ရွက်ရေး၊ ကမ္ဘာ့နိုင်ငံသားအဖြစ် ပြုစုပျိုးထောင်ပေးရေးတို့ ဖြစ်ကြပါသည်။ ဤလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြပါရန်၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် ပညာရေးလုပ်ငန်း ဆောင်ရွက်နေသူများ အားလုံးကို မေတ္တာရပ်ခံအပ်ပါသည်။ လူမှုအသိုင်းအဝိုင်း၏ အပယ်ခံဖြစ်သည့် အဆိုပါ သန်းပေါင်းများစွာသော ကလေးများအား ဘေးဖယ်ထားခြင်းဖြင့် ဆုံးရှုံးရသော တန်ဖိုးသည် ပညာရေးအတွက် နိုင်ငံတကာ ချမှတ်ထားသည့် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရန် လိုအပ်သော ရန်ပုံငွေတန်ဖိုးထက် များစွာ ကြီးမားပါသည်။ သင်တို့၏ ကလေးများအတွက် ဘာလိုအပ်ပါသလဲဟု မည်သည့်မိဘကိုမဆို မေးကြည့်ပါ။ အစားအစာ၊ ဆေးဝါးနှင့် နေထိုင်စရာတို့ကို အဓိကလိုအပ်ချက်အဖြစ် စဉ်းစားလေ့ရှိသည့် စစ်ဖြစ်ပွားနေသော ဒေသများနှင့် ဘေးအန္တရာယ် ကျရောက်နေသော ဒေသများတွင် ခိုလှုံနေရသော မိဘများပင်ဖြစ်စေကာမူ ကလေးများအတွက် ပညာရေးဟူ၍ တူညီသော အဖြေကို ပေးကြမည်ဖြစ်ပါသည်။ မည်သည့်ကလေး တစ်ဦးကိုမဆို သင်ကြီးလာလျှင် ဘာဖြစ်ချင်ပါသလဲဟု မေးမြန်းပါက သူ၏အဖြေမှာလည်း ပညာရေးကိုသာ အခြေခံပါလိမ့်မည်။ ပညာရေးသည် မျှော်လင့်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် လမ်းကြောင်း ဖြစ်ပါသည်။ စာတတ်မြောက်သည့် ကမ္ဘာကြီးသည် ပိုမိုငြိမ်းချမ်းသော၊ ပိုမိုသဟဇာတဖြစ်၍ ကြံ့ခိုင်သော ကမ္ဘာကြီး ဖြစ်သည်။ ဤနိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို အလေးထားလျက် စာတတ်မြောက်ရေး လုပ်ငန်းအစီအစဉ်များကို အတူတကွ ဆက်လက်ဆောင်ရွက်ရန် ကျွန်ုပ်တို့သိန္နိဋ္ဌာန် ချမှတ်ထားကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ

Posted by drmyochit Sunday, September 09, 2012, under | No comments



From- သစ်ထူးလွင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်း၌ မြန်မာ့ တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်   ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

“(၆) ရက်နေ့ ညနေ (၆) နာရီ ၀န်းကျင်လောက် ကစပြီး မော်ဟန်ကျေး ရွာနဲ့ (၂)မိုင်အကွာလောက်မှာ အစိုးရ စစ်တပ်တွေနဲ့ KIA စစ်တပ်တွေ တိုက်နေကြတာ။ ညရောက်တဲ့အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” ဟု မော်ဟန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ဒေသခံပြည်သူများနှင့် အနည်းငယ်သာကွာဝေးပြီး လက်နက်ကြီးများဖြင့် ပစ် ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။

“၁၀ မိုင်လို့ခေါ်တဲ့ အစိုးရစစ်တပ်တွေ တပ်စွဲထားတဲ့နေရာက နေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ပေးတယ် လို့ကြားတယ်။ အသံတွေကတော့ တော်တော်ကျယ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ(၆)ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး နောက်တစ်နေ့ စက်တင်ဘာလ (၇) ရက်နေ့နံနက် (၈) နာရီဝန်းကျင်တွင်လည်း မော်ဟန်နှင့်နမ့်စီးအောင်ကျေးရွာကြားရှိ မြစ်ကြီးနား-မန္တလေးရထားလမ်း အနီးတဝိုက်တွင် တပ်စွဲထားသော မြန်မာတပ်မတော်မှ တပ်စုများကို KIA တပ်များမှ ဝင်ရောက် တိုက်ခိုက်မှု ကြောင့် (၂)နာခွဲအကြာ ပြင်းပြင်း ထန်ထန်တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“တိုက်ပွဲက တော်တော်ပြင်းထန်တယ်ဗျ ပစ်ခတ်သံတွေအကြာကြီး ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်သံတွေ လည်း ကြားရတယ်။ တိုက်ပွဲကြောင့် အနီးအနားရွာက လူတွေလည်း ရွာအပြင်ဘက်ကို မထွက်ရဲဘူး ဖြစ်နေ ကြတယ်”ဟု မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအကြံပေး ဦးတင်ဝယ်က ပြောသည်။

၎င်းတိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးရထားလမ်းကို စက်တင်ဘာလ (၇) ရက်နေ့မှစတင်ကာ ခေတ္တ ပိတ်ထား ရကြောင်းနှင့် လက်မှတ်ဖြတ်ပြီးသား ခရီးစဉ်များကိုလည်း ရွေ့ပြောင်းပေးခဲ့ရသည်။

“တိုက်ပွဲကြောင့် ရထားချိန်တွေမှန်တော့မှာ မဟုတ်ဘူး။ နောက်နေ့မနက် မန္တလေးတက်ဖို့အတွက် ရထား လက်မှတ်ဖြတ်တာတောင် မရဘူး”ဟု ဦးတင်ဝယ်က ပြောသည်။

သြဂုတ်လအတွင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများပြင်းထန် ဖြစ်ပွား ခဲ့ပြီး ကျေးရွာ(၁၀) ရွာကျော်မှ   ဒေသခံများဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်မှုများရှိခဲ့ပြီး အဆိုပါမြို့နယ်အတွင်း ရှိ ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ပိတ်ထားရကြောင်းသိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်တွင် နှစ်ဘက် အခြေအနေမှာ ငြိမ်သက်နေကြောင်းနှင့် မြန်မာ့တပ်မတော်ဘက် မှ အင်အားဖြည့်တင်းမှုများရှိနေသည် ကိုတွေ့ရကြောင်း ဒေသခံများ က ပြောသည်။

ရန်ကုန်လျှပ်စစ်ပေးဝေရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်

Posted by drmyochit Sunday, September 09, 2012, under | No comments




From : ခေတ်လူငယ်

လျှပ်စစ်မီး လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လုပ်ကိုင်ခွင့်ပြုနေသော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသော စွမ်းအင်ကဏ္ဍ ဆွေးနွေးပွဲတွင် လျှင်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်ငွေ့/ရေနွေးငွေ့ စက်ရုံများ ဌာနမှ တွဲဖက်အင်ဂျင်နီယာ ဒေါ်မီမီသူက ပြောကြားသည်။ ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုတွင် အဓိကကျသော လှော်ကား၊ သာကေတနှင့် အလုံမြို့နယ်တို့ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တရုတ် Hydro Lang-caung ကုမ္ပဏီ၊ ကိုရီးယား BKB ကုမ္ပဏီ၊ ထိုင်း Toyo Thai ကုမ္ပဏီတို့က လုပ်ကိုင်ရန် MoU (သဘောတူစာချွန်လွှာ) ရေးထိုးထားခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ အင်းစိန်မြို့နယ် ရွာမလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက်လည်း ပြည်ပကုမ္ပဏီတစ်ခုနှင့် MoU ရေးထိုးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ပုဂ္ဂလိကဝင်လာတော့ မီးမှန်မှန်လာနိုင်တယ်။ ဒါပေမဲ့ မီတာခကို သင့်တော်မယ့် ဈေးနှုန်းလေးတော့ ဖြစ်စေချင်တယ်” ဟု ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် အစရှိသည်တို့တွင်လည်း လေစွမ်းအင်သုံး လျှပ်စစ်ပေးဝေမှုများ စတင်တော့မည်ဖြစ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှုပမာဏ အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ရှမ်းနှင့် ဧရာဝတီတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မီဂ္ဂါဝပ် ၉၀၀ နီးပါးသုံးစွဲကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်ဟု ၂၀၁၂ ခုနှစ်စက်တင်ဘာ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံ ထူထောင်ရန် အကြမ်းဖက်ဘင်္ဂလီ (၁၁) ဖွဲ့ ပူးပေါင်း

Posted by drmyochit Sunday, September 09, 2012, under | No comments




From : Arakan Times

RSOဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘန်ဒရော်ဘင်တောင်တန်းဒေသ (ရွာတော်ခရိုင်)နှင့် ဖလောင်းချိတ်မြို့ (Cox's Bazar) ကြားတွင် တိမ်မြုပ်နေသည့် ရခိုင်ပြည်နယ်ကို အစ္စလမ်မိတ်နိုင်ငံ တစ်ခုအဖြစ်ထူထောင်ရန် စိုင်းပြင်နေကြသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၁) ဖွဲ့ ပူးပေါင်းပြီး လှုပ်ရှားမှု တချို့အား ပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း သြဂုတ်လ ၅ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ခ်ျ ဖလောင်းချိတ်သတင်း(Cox's Bazar news) စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။

ဘန်ဒရော်ဘင်ခရိုင် အလယ်ခိုတောင်မြို့နယ် တွင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား အဖွဲ့တစ်ခုသည် ပြန့်ကြဲနေသော ဘင်္ဂလီအဖွဲ့များကို စုစည်းပြီး စခန်းတစ်ခု တည်ဆောက်နေကြောင်းနှင့် အဆိုပါအဖွဲ့အား ကြိုးကိုင်ခိုင်းစေနေသော ဘင်္ဂလီ (၃) ဦးမှာ ဘင်္ဂလားဒေ့ခ်ျ အစိုးရက အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည့် ဟိုးရ်ကာတူလ်း ဂျီဟတ်(JMB) တို့ဖြစ်ကြောင်း ရဲထောက်လှမ်းရေး၏ အစီရင်ခံစာတွင်ဖော်ပြထားကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်အတွင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖလောင်းချိတ် (Cox's Bazar)မြို့မှ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၃) ဦးနှင့် ရွာတော်ခရိုင်ရှိ အလယ်ခိုတောင်မြို့နယ်မှ (၃) ဦး ဖမ်းဆီးရမိကြောင်း အဆိုပါသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ခ်ျအစိုးရမှ ဖမ်းဆီးထားသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား အဖွဲ့ဝင် တစ်ဦးက (JMB) ခေါင်းဆောင် ဆာလ်မန်(ခ) ရူဟူလ်းအာမီ(ခ) တာလ်ဟာ ဆိုသူမှာ လက်ရှိ ဂျာမာယာတူလ်းအာရ်ကန် အဖွဲ့ကို ဦးဆောင်ပါဝင် လှုပ်ရှားနေကြောင်း၊ နောက်ထပ် အဖမ်းဆီးခံ တစ်ဦးဖြစ်သူ မိုဟာမက် ကာဖိကလေးတို့ အဖွဲ့မှာ အလယ်ခိုတောင်မြို့နယ်က ကီလိုမီတာ (၂၀) ကျော် ဝေးသောနေရာတွင် အာမခံစခန်းတည်ဆောက်ပြီး ဂျီဟတ်ဒီ စာအုပ်စာတန်းများ ထုတ်ဝယ် ဖြန့်ချိရန်၊ လက်နက်ကြီး လက်နက်ငယ်သင်တန်း၊ ဟိန္ဒီ၊ အူရဒူစာပေနှင့် စကားများအား သင်ကြားပြီး အာဖ်ဂန်နစ္စတန်ကို သွားရောက်ကာ အကြမ်းဖက်မှု နည်းမျိုးစုံအားရယူရန် မျှော်မှန်းထားကြောင်းနှင့် ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံတော် ထူထောင်ရန် စီစဉ်နေကြောင်း ဝန်ခံခဲ့သည်ဟု အဆိုပါစာမျက်နှာတွင် ရေးသားဖေါ်ပြထားသည်။

၎င်းအဖွဲ့များ၏ လှုပ်ရှားမှုများမှာ နယ်စပ်တစ်လျှောက် လုယက်မှု မှောင်ခိုမျိုးစုံနှင့် ပြစ်မှုမျိုးစုံအား ကျူးလွန်နေကြောင်း သိရသည်။ အဆိုပါ အဖွဲ့အစည်းမှာ လွန်ခဲ့သော (၃) နှစ်အတွင်းက လူအင်အား ၅၀၀၀ ခန့်ရှိခဲ့ပြီး ဘင်္ဂလာဒေခ်ျ့အစိုးရ၏ ထိုးစစ်ဆင်ဖမ်းဆီးခြင်းကြောင့် (AK47) အမျိုးအစား သေနပ်အလက် တစ်ရာကျော်၊ (M16) အမျိုးအစား သေနပ်အလက် ငါးဆယ်ကျော်၊ ဖေါက်ခွဲပစ္စည်းများနှင့် ကျည်ဆံ တစ်သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေါ်ပြထားသည်။

ထို့အပြင် BDR တပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ဦးကလည်း လက်ရှိ မြန်မာ့အတိုက်အခံ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့သည် မိမိတို့နယ်နိမိတ်တွင် ရှိနေကြောင်း လျှို့ဝှက်သတင်း ရထားသည့်အတွက် နယ်စပ်တစ်လျှောက် ထိုးစစ်ဆင်ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး RSO အဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံအတွင်း၌ ပြန့်နှံနေထိုင်ကြပြီး စစ်တကောင်းမြို့တွင် RSO ရုံးဖွင့်ထားကြောင်း၊ ယခုအခါ ဂျာမာယာတူလ်းအာရ်ကန်နာမည်နှင့် အဖွဲ့တစ်ခု မြေပေါ်ဖွဲ့စည်းကာ ဘင်္ဂလားဒေ့ခ်ျအစိုးရနှင့် အစ္စလမ်နိုင်ငံများက ထောက်ခံအသိအမှတ်ပြုလာအောင် လှုပ်ရှားနေကြောင်း စုံစမ်းရရှိထားကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သော ၂၀၁၀ ခုနှစ်က တန်းဆိပ်မြို့နယ် ဘောလီပါရာမှာ အာရ်ကန်မူဆလင်အဖွဲ့ အမည်နှင့် အကြမ်းဖက်ရန် စည်းရုံးလှုံ့ဆော်နေစဉ် ဖမ်းဆီးရမိခဲ့သည့် ချာမိန်းမာဟ်ဖူဇ်းဆိုသူနှင့် လက်ရှိအဖမ်း ခံနေသော လူများကို ဆက်စပ်မှု ရှိမရှိ အထူးစစ်ဆေးနေကြောင်းနှင့် ရခိုင်ပြည်မှာ ဖြစ်ပေါ်သော ပြဿနာဇစ်မြစ်သည် အဓိကသွေးထိုး လှုံ့ဆော်ပေးသူများ ရှိနေကြကြောင်း အဆိုပါ သတင်းစာ မျက်နှာတွင် ဖေါ်ပြထားကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြင်သစ်နိုင်ငံ ဆီးနိတ် လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerar

Posted by drmyochit Sunday, September 09, 2012, under | No comments



ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel နှင့် တွေ့ဆုံ နှုတ်ဆက်စဉ်
တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် အတူ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြင်သစ် ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E Mr. Thierry Mathou, UMP, Deputy Chairman (for Thailand), Mr. Bernard SAUGEY, SOC, Vice-President Mr. Gaetan GORCE, RDSE, Vice-President Mr. Jean-Cloude REQUIER, Administrator Mrs. Caralie ALBUMZAZRD တို့ တက်ရောက်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံစဉ်
ထိုသို့ တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပါတီ၏ ရည်မှန်းချက်နှင့် ယုံကြည်ချက်၊ မူဝါဒလမ်းစဉ်များ၊ မြန်မာနိုင်ငံ တွင် နိုင်ငံရေး တိုးတက်ဖြစ်ပေါ် ပြောင်းလဲရန် ကြိုးပမ်းခဲ့မှုအခြေအနေနှင့် ဆက်လက်ရှင်သန် ခိုင်မာအောင် ဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ပြင်သစ်နိုင်ငံ အပါအ၀င် E.U နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး သည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel အဖွဲ့တို့ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးစဉ်
ထို့နောက် ပြင်သစ်ဆီးနိတ်လွှတ်တော် South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel က မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲ တိုးတက်လာမှုများကို တွေ့ရပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဆောက်လုပ်ရေး ကဏ္ဍများတွင် ဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းသည်ကို တွေ့ရကြောင်းနှင့် သိလိုသည်များ ကို မေးမြန်းဆွေးနွေး ပါသည်။
ယင်းနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြန်လည်ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြင်သစ်ဧည့်သည်တော် ဥက္ကဋ္ဌ Mr. Gerard Midquel နှင့် အဖွဲ့ဝင်များကို အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်