Saturday, July 27, 2013

အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသားစုဂုဏ်ဆောင်နိုင်ရေးအတွက် မသဘာဝကို ဖြတ်တောက်ခြင်းခံနေကြရသည်

Posted by drmyochit Saturday, July 27, 2013, under | No comments



ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့တွင်ဖြစ်သည်။ အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးက သူမ ငယ်စဉ်ဘဝက မေ့မ ရနိုင်ခဲ့သော နာကြည်းချက်များကို ပြန်ပြောင်းပြောပြနေသည်။ သူ့အမည်က မဒီနာ ဘိုကွန်ဒပ်ဖ်ဖြစ် သည်။

မဒီနာ အပျိုဖော်ဝင်စ အရွယ်တွင်ဖြစ်သည်။ အာဖရိကတိုက်နိုင်ငံအတော်များများတွင် အမျိုးသမီးတို့ဘဝ ရှောင်လွှဲ၍ မရခဲ့သော မသဘာဝဖြတ်တောက်ခြင်း FGM (female genital mutilation) ကို သူမလည်း ခံစားခဲ့ရသည်။

အသက်ငယ်လွန်းသေးသဖြင့် အဘယ်ကြောင့် ဤသို့လုပ်ကြရသနည်းဆိုခြင်းကို မဒီနာ နားမလည်ခဲ့ပေ။ သူမလိုပင် မာလီနိုင်ငံအတွင်းရှိ ဖူလာနီမျိုးနွယ်စုတို့အတွင်း မိန်ကလေးတိုင်းသည် မသဘာဝကို ဖြတ်တောက်ခြင်း ခံကြရသည်။ အပျိုဖော်ဝင်ချိန်မတိုင်မီ ရိုးရာဓလေ့အတိုင်း မသဘာဝကို ဖြတ်တောက်ခြင်းခံရမည်မှာ ထုံးစံသာဖြစ်သည်။

အာဖရိကတိုက်ရှိ လူမျိုးစုများအတွင်း အမျိုးသမီးတို့ကို အပျိုဖော်မဝင်မီ မအင်္ဂါအစိတ်အပိုင်းကို ဖြတ်တောက်ခြင်းဖြင့်၊ ဆီးသွားရန်ကောင်းမွန်ခြင်း၊ ရာသီသွေးဆင်းရန် အဆင်ပြေခြင်းတို့ဖြစ်စေသည်ဟု အယူရှိခဲ့ကြသည်။ ထို့ပြင် ပိုဆိုးသည်က အင်္ဂါကိုချုပ်ကာ တစ်လခန့် ခြေလက်တို့ကို တုတ်နှောင်ထားမှု ခံရခြင်းဖြစ်သည်။

“ကျွန်မသိလိုက်တာကတော့ သူတို့ပြောသလိုမဟုတ်ဘဲ နာကျင်တဲ့ဝေဒနာကို အရမ်းခံစားခဲ့ရတယ်။ အမျိုးသမီးတို့သဘာဝ ရာသီသွေးပေါ်ချိန်မှာလည်း မချိမဆန့်ခံစားရတယ်။ ပိုဆိုးတာက အရှက်ရအောင်လုပ်သလိုမျိုး အမြဲခံစားနေရတယ်” ဟု မဒီနာကပြောသည်။

အာဖရိက နိုင်ငံတကာ ကလေးများနေ့တွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေးအဖွဲ့အစည်းများက အမျိုးသမီးများ သဘာဝကို ဖြတ်တောက်ခြင်းဓလေ့အား အပြင်းအထန်ဆန့်ကျင်ကန့်ကွက်လေ့ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်ရှိ အမျိုးသမီးပေါင်း သန်း ၁၄၀ ခန့်သည် ထိုဓလေ့ဆိုး၏ အဓမ္မကျင့်ခြင်းကို ခံနေကြရသည်ဟုဆိုသည်။ ထိုဓလေ့၏ ပြုကျင့်ခြင်းခံနေရသော အမျိုးသမီးအများစုမှာ အာဖရိကတိုက်မှ ဖြစ်ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ယနေ့တိုင်လုပ်ဆောင်နေကြဆဲဖြစ်သည်။

အသက် ၁၀ နှင့်အထက် မိန်းကလေး ၁၀၁ သန်းခန့်သည် အာဖရိကတိုက်တွင် နည်းမျိုးစုံဖြင့် မသဘာဝဖြတ်တောက်ခြင်းကို ခံနေကြရသည်။ ၂၀၁၀ ပြည့်နှစ်တွင် မာလီနိုင်ငံ၌ ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် အခွင့်အရေးအတွက် ထူထောင်ထားသည့် Plan Internation အဖွဲ့သည် အမျိုးသမီး ငယ်များ မသဘာဝဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ခံ ခဲ့ရာ ဖခင်အားလုံး၏ ထက်ဝက်ခန့်နှင့် မိခင်သုံးပုံ တစ်ပုံတို့သည် ထိုဓလေ့ကို သဘောကျနေကြောင်း တွေ့ရသည်။

“ဒီဓလေ့က စိုးရိမ်စရာမှ မလိုတာ။ ကျွန်တော်တို့ ရာစုနှစ်ပေါင်းများစွာ အစဉ်အလာအနေနဲ့ လုပ်ခဲ့ကြတာပဲ” ဟု သမီးနှစ်ယောက်ဖခင်ဖြစ်သူ အဘ္ဘဒူက သုတေသီများကို ပြောကြားခဲ့သည်။

အန္တရာယ်များသော ခွဲစိတ်မှု

မိသားစုများတွင် မိန်းကလေးများကို လက်မထပ်မီ မသဘာဝကို ပိတ်ထားခြင်းသည် မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ခြင်း ဟု ယူဆကြသည်။

မသဘာဝကို ငယ်စဉ်ကတည်းက ပိတ်ခြင်းခံရသော မိန်းကလေးများဘဝသည် တစ်ကြိမ်နှင့် ကိစ္စပြီးသည်မဟုတ်ပေ။ သူတို့ လက်ထပ် ထိမ်းမြားချိန်တွင် တစ်ကြိမ်ပြန်ဖွင့်ချိန်ကြရသဖြင့် နောက်ထပ်နာကျင်မှုဝေဒနာကို ခံစားကြရပြန်သည်။ အပျိုစစ် ကြောင်းပြလိုသဖြင့် ရိုးရာက တားမြစ်ထားသည့်ဒုက္ခများကို အမျိုးသမီးတို့ မရှုမလှ ခံစားကြရုံသာရှိသည်။

“ဘယ်လောက် ထိတ်လန့်ကြောက်ရွံ့ရတယ်ဆိုတာ ပြောပြလို့တောင် မရဘူး။ ဒါကြောင့် လက်ထပ်ရတော့မယ်ဆိုရင် ကျွန်မတို့ သေမလောက်ကြောက်လွန်းလို့ တွေးတောင် မတွေးဝံ့ဘူး” ဟု မဒီနာကဆိုသည်။

ရိုးရာအရ မသဘာဝ ပိတ်ပွဲ၊ ဖွင့်ပွဲများကို ပြုလုပ်ရာတွင် မေ့ဆေး၊ ထုံဆေးများကို အသုံးပြုခွင့်မရှိပေ။ ထို့ပြင် သန့်ရှင်းစွာဖြင့် ဆောင်ရွက်ပေးသော ကိစ္စလည်းမဟုတ်။ ဘလိတ်ဓား၊ သာမန်ဓား သို့မဟုတ် ကတ်ကြေးများကို အသုံးပြုပြီး ပိုးသတ်ရသည် ဆိုခြင်းမှာ လုံးဝနားမလည်ကြပေ။ ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ပေးသူကလည်း ကြုံသည့်နေရာတွင် သင့်သလို ပြုလုပ်ပေးလိုက်သည်သာဖြစ်သည်။ အိမ်ရှေ့တွင် လုပ်ချင်လည်းလုပ်မည်၊ ရေချိုးသည့်နေရာတွင် လုပ်ချင်လည်း လုပ်လိုက်မည်သာဖြစ်သည်။

“လုပ်ဆောင်စရာတွေ လုပ်ဆောင်ပေးပြီးရင် သတို့သမီးဘဝကို အဲဒီယောက်ျားက ပိုင်သွားပြီ။ တစ်နေ့ထဲမှာ မသဘာဝကို လွတ်မြောက်အောင် အလုပ်ခံရခြင်းအပြင် ယောက်ျားနဲ့အတူနေရခြင်းဆိုတဲ့ ဒုက္ခနှစ်မျိုးကို တစ်ပြိုင်တည်းခံစားရတဲ့ အမျိုးသမီးတွေရဲ့ဘဝ တွေးသာကြည့်ပေတော့” ဟု မဒီနာကဆိုသည်။

နေရာတိုင်းတွင် မသဘာဝဖြတ်တောက်ခြင်းဓလေ့ကို အတွေ့အကြုံရှိသူတွေက ပြုလုပ်နေကြခြင်းဖြစ်သည်။ သူတို့က မိန်းကလေးဘဝကို အပျိုဖော်ဝင်ခြင်းနှင့် လက်ထပ်ရန်ပြင်ဆင်ခြင်းကို တစ်ပြိုင်တည်းရိုးရာအရ ပြုလုပ်ပေးကြခြင်းဖြစ် သည်။ လက်မထပ်မီ အပျိုရည် ထိန်းသိမ်းခြင်းနှင့် ၊ အိမ်ထောင်မပြုမီ သစ္စာရှိခြင်းတို့ကို ဤနည်းဖြင့်ပြသခြင်းကိုသာ သူတို့ ဓလေ့က လက်ခံကြသည်။ အရွယ်ရောက်လာသည်နှင့် မိန်းကလေးတိုင်း ထိုဓလေ့ကို လိုက်နာကျင့်သုံးရန် သူတို့လူနေမှုဘဝ တွေက တွန်းအားပေးခဲ့ကြသည်။

မသဘာဝပိတ်ခြင်းခံရသော မိန်းကလေးတိုင်းသည် နှစ်စဉ် ကျန်းမာရေးဆိုင်ရာ ပြဿပေါင်းများစွာနှင့် ရင်ဆိုင်ကြရသည်။ နာကျင်ခြင်း၊ ခြောက်ခြားခြင်း၊ ကူးစက်ရောဂါဝင်ပြီး သွေးဆင်းခြင်းစသည့် ဝေဒနာများကို ခံစားကြရသည်။ ဘဝတစ်လျှောက်လုံး ကိုယ်ဝန်မရနိုင်ခြင်း၊ ကလေးမွေးဖွားရခက်ခဲခြင်း၊ သားပျက်ခြင်းစသည့် ဒုက္ခပေါင်းစုံကိုလည်း ခံစား ကြရသည်။

မကြာသေးမီက အီဂျစ်နိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် ဆိုဟီရာ ဘာတေးဆိုသည့် မိန်ကလေးတစ်ဦးသည် အပျိုဇာတ် သွင်းစဉ်အချိန်တွင် သေဆုံးသွားခဲ့ရသည်။ ဆိုဟီရာ သေဆုံးခြင်းနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် ဆူဆူညံညံများ ဖြစ်သွား ခဲ့ရသည်။ တစ်နိုင်ငံလုံးတွင် ထိုဓလေ့ကို ပိတ်ပင်ပေးရန် တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။ အီဂျစ်နိုင်ငံတွင် ထိုဓလေ့ကို ပိတ်ပင်ထားသော်လည်း အမျိုးသမီး သုံးပုံနှစ်ပုံလောက် ခံစားနေကြရဆဲ ဒုက္ခဖြစ်နေသေးသည်။

မည်သို့ အသနားခံသည်ဆိုစေ ရိုးရာအရ မိဘများက နှုတ်အားဖြင့် ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်နှိပ်စက်ကာ အတင်းအဓမ္မ ပြုလုပ်ခံစေခြင်းတို့ကြောင့်လည်း အမျိုးသမီးတို့ဘဝ ဒုက္ခတွေ့နေကြရဆဲဖြစ်သည်။

“အဲဒီနေ့ကို သမီး ဘယ်တော့မှ မမေ့ဘူး။ အမေက သမီးကို စောစော လာနှိုးတယ်။ ပြီးတော့ ဖြတ်တောက်ခံဖို့ အသင့်ပြင် ထားလို့ ခပ်မာမာ ပြောတယ်” ဟု အသက် ၁၃ နှစ်အရွယ် အာလမ်ဆိုသူ မိန်းကလေးကဆိုသည်။

“အခန်းထဲကို မိန်းမကြီးနှစ်ယောက်ဝင်လာတယ်။ အိတ်ထဲက ဘလိတ်ဓားကို ဆွဲထုတ်လိုက်ကြတယ်။ အမေက သမီး လက်မောင်းတွေကို မလှုပ်နိုင်အောင် ချုပ်လိုက်တယ်။ မိန်းမကြီးတွေက ဘလိတ်ဓားနဲ့ သမီးကို ဖြတ်တောက်ကြတယ်။ သမီး နာလွန်းလို့ အော်လိုက်မိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး။ ကိစ္စပြီးတော့ အမေက အဲဒီမိန်းမကြီးတွေကို ပိုက်ဆံ ပေးလိုက်တယ်။ နာရီပိုင်းအတွင်းမှာပဲ သွေးတွေ အရမ်းထွက်လာတယ်”

ဂျဘူတီး၊ ဆီရီယာ လီယွန်၊ မာလီ၊ ဆိုမာလီနှင့် ဂီနီနိုင်ငံများတွင် ထိုဓလေ့က စွဲမြဲနေဆဲဖြစ်သည်။ အမျိုးသမီး ၁၀ ဦးတိုင်းတွင် ၉ ဦးသည် မသဘာဝဖြတ်တောက်ပိတ်ဆို့ခြင်းများကို ခံစားနေကြရသည်။

စိုးရိမ်ရသည့်နေ့

အသက် ၁၁ နှစ်အရွယ်မာရီယာမာသည် ထိုနေ့က ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ ယနေ့ သူမကို ရိုးရာဓလေ့အတိုင်း အပျိုဇာတ်သွင်းမည်ဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် သူတို့မိသားစုသည် မာလီမြောက်ပိုင်းမှ မြို့တော် ဘာမာကိုသို့ လပိုင်းလေးအတွင်းကမှ ရောက်ရှိလာကြခြင်းဖြစ်သည်။

ဤမြို့သို့ရောက်ကတည်းက သူမစိတ်ထဲတွင် တစ်နေ့နေ့ ဓလေ့နှင့် ရင်ဆိုင်ရတော့မည်ကို စိုးရိမ်ပြီး သောကရောက်နေရရှာ သည်။ နာကျင်စွာ ခံစားရမည့်နေ့ကို စောင့်နေရသလိုဖြစ်သည်။

“အိမ်နီးချင်း သမီး သူငယ်ချင်းရဲ့ အစ်မက အဲဒီလိုလုပ်ပြီး သေသွားတယ်။ သမီးအလှည့်ရောက်ရင် အဲဒီလိုဖြစ်မှာ အရမ်း ကြောက်နေတယ်” ဟု မာရီယာမာကဆိုသည်။

ဘာသာရေးခေါင်းဆောင်များသည် ထိုဓလေ့နှင့်ပတ်သက်ပြီး အမျိုးမျိုးဆွေးနွေးခဲ့ကြသည်။ အချို့က ဆက်လုပ်ရန် တိုက်တွန်းပြီး အချို့ကလည်း ရပ်ဆိုင်းပစ်ရန် တိုက်တွန်းတောင်းဆိုကြသည်။

အယ်လ် ရှိတ် ဆဒ်ဆိုသူသည် အီဂျစ်နိုင်ငံအတွင်းရှိ ကျေးရွာတစ်ရွာမှ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ အသက် ၇ နှစ်အရွယ် သမီးလေး၏ ဖခင်တစ်ဦးလည်းဖြစ်သည်။ ဆဒ်သည် ထိုဓလေ့က ကျန်းမာရေးကို ထိခိုက်စေနိုင် ကြောင်း ကောင်းစွာသိထားသူဖြစ်သည်။ သို့ဖြစ်ရာ သမီးအတွက် ထိုဓလေ့ကို မပြုလုပ်ရန် ဘာသာရေးခေါင်းဆောင်များကို သွားရောက်ဆွေးနွေးခဲ့သည်။

“ကျွန်တော်ကတော့ အဲဒီဓလေ့ကို လက်မခံဘူး။ ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီဓလေ့ဟာ လက်တွေ့ မဆန်ဘူးလို့ သွားဆွေးနွေးခဲ့တယ်”

မာလီတွင် မိန်းကလေးတိုင်းကို အသက် ၅ နှစ်ရောက်သည်နှင့် မသဘာဝဖြတ်တောက်ခြင်းကို စတင်ပြုလုပ်သည်။ အချို့သော မြို့ပြများတွင် မိန်းကလေးများကို မွေးပြီးပြီးချင်း ရက်ပေါင်း ၄၀ တွင် ပြုလုပ်ပေးလေ့ရှိသည်။

နိုင်ငံတကာစံဖြင့်ကြည့်လျှင် ဤအပြုအမူသည် အကြမ်းဖက်သည့် လုပ်ရပ်သာဖြစ်သည်။ သို့သော် ယနေ့တိုင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ၂၈ နိုင်ငံအတွင်း မသဘာဝဖြတ်တောက်ခြင်းကို ဓလေ့တစ်ခုအနေဖြင့် လုပ်ဆောင်နေကြဆဲဖြစ်သည်။ အာဖရိကတွင် ထိုဓလေ့ကို ဥပဒေဖြင့် တားမြစ်ခဲ့သော်လည်း လူမျိုးစုများအတွင်း တရားမဝင် လုပ်ဆောင်နေကြဆဲဖြစ်သည်။ ဥပဒေရှိသော် လည်း ဥပဒေအရ အရေးယူမှုမှာ ခပ်ရှားရှားဖြစ်သည်။

ကလေးများအခွင့်အရေးကို အကာအကွယ်ပေးပါမည်ဟု အာဖရိကသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ လက်မှတ်များ ရေးထိုးခဲ့သော်လည်း ဥပဒေကို မျက်ကွယ်ပြုခြင်း၊ ချိုးဖောက်မှုများကို မသိချင်ယောင်ဆောင်ခြင်းများ ပြုလုပ်နေသေးသည်။

ဘဝနှင့်ရင်းပြီး ခံစားခဲ့ရသော မဒီနာတစ်ယောက် ယခု မာလီနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများအခွင့်အရေးအတွက် လှုပ်ရှားနေသော Plan International တွင် ဝင်ရောက်ဆောင်ရွက်ပေးနေသည်။ သူမတို့လုပ်ငန်း အောင်မြင်မှုများ ရနေသည်ဟုဆိုသည်။

“သူတို့ကို ပညာပေးကြရတယ်။ ကျွန်မတို့လုပ်နေတဲ့ ရွာပေါင်း ၄၄ ရွာလောက်မှာ မသဘာဝဖြတ်တောက်တဲ့ဓလေ့ ကင်းစင်တဲ့ရွာတွေဖြစ်ကုန်ပြီ” ဟု မဒီနာက ဝမ်းသာအားရဆိုသည်။

“မိဘတွေ သက်ကြီးဝါကြီးတွေကို ကျွန်မတို့ မချဉ်းကပ်ဘူး။ ကလေးတွေကို အဓိကထားပြီး ကျွန်မတို့ ချဉ်းကပ်ကြတယ်။ မိန်းကလေးနဲ့ ယောက်ျားလေးဆိုတာ အခွင့်အရေး မတူကြဘူး။ နောင်တစ်ချိန်မှာ မိဘတွေဖြစ်လာကြမယ့် မျိုးဆက်သစ် တွေကို ကျွန်မတို့က ဆိုးမွေတွေ လက်ဆင့်မကမ်းစေချင်ဘူး” ဟု မဒီနာ၏ပြောစကားမှာ အားတက်စရာဖြစ်တော့သည်။

http://www.aljazeera.com/ မှ Davinder Kumar ရေးသားသည့် Fighting female genital mutilation in Africa ကို မြန်မာမှုပြုပါသည်။

Written by အယ်ဒီတာတစ်ဦး

မောက္ခ

အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အတန်းဖော်နှစ်ဦးကို အုပ်ထိန်းသူ ကျောင်းထုတ်

Posted by drmyochit Saturday, July 27, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မူလတန်းကျောင်းတစ်ကျောင်းတွင် အဓမ္မပြုကျင့် ခံခဲ့ရ သည်ဟု ဆိုသည့် သူငယ်တန်းကျောင်းသူ နှင့်အတူ နေထိုင်သည့် အတန်းဖော်ကျောင်းသူနှစ်ဦး တို့ကို ဇူလိုင် လ ၂၅ ရက်နေ့တွင် အုပ်ထိန်းသူက ကျောင်းထုတ်သွားကြောင်း ကျောက်တန်း မြို့နယ်ပညာရေး မှူးက The Voice သို့ ပြောကြားသည်။

တည်းခိုခန်းပိုင်ရှင်က ခေါ်ယူမွေးစားထားသည့် အဆိုပါ အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူသည် ဇွန်လ ၂၇ ရက်နေ့ က နေမကောင်း ဟုဆိုကာ အုပ်ထိန်းသူက ခွင့်တိုင်ခဲ့ပြီး ကျောင်းထုတ်သွားသည့် အချိန်အထိ ကျောင်းပြန် မတက်ခဲ့ကြောင်း၊ အခြားနှစ်ဦးမှာ ခွင့်မဲ့ ပျက်ကွက်နေသဖြင့် စာသင်ကျောင်းသို့ လာရောက်တွေ့ ဆုံရန် အုပ်ထိန်းသူကို အကြောင်းကြားခဲ့ကြောင်း မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးက ဆိုသည်။

ကလေးများကို မူလအုပ်ထိန်းသူဖြစ်သည့် ဗဟန်းမြို့နယ် တောင်ကြီးကျောင်းတိုက်တွင် သီတင်း သုံးနေသည့် ဆရာတော်တစ်ပါးက ပြန်လည်ခေါ်ယူသွား၍ ကျောင်းထုတ်ခွင့်ပြုရန် တည်းခိုရိပ်သာ မန်နေဂျာ က စာသင်ကျောင်းသို့ လာရောက် ပြောဆိုသဖြင့် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ၎င်းကထပ်မံ ပြောဆို သည်။

“အုပ်ထိန်းသူကိုယ်တိုင် ခွင့်တောင်းမှတော့ ခွင့်မပြုလို့မရဘူး” ဟု ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် ၎င်းနေထိုင်ရာ တည်းခိုရိပ်သာအတွင်းရှိ ကောက်ရိုးပုံတွင် လူကြီး တစ်ဦးက အဓမ္မ ကျူးလွန်သည်ဟု မြို့နယ်ဆရာဝန်၊ ပညာရေးမှူး၊ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင် များရှေ့တွင် ထွက်ဆိုခဲ့ကြောင်း၊ တစ်ပတ်ခန့် အကြာတွင် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန် ပါသည်ဟု ပြောင်းလဲထွက်ဆိုခဲ့၍ အတန်းဖော် သူငယ်တန်း ကျောင်းသား ၁၇ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေး ရန် တောင်းဆိုခဲ့ကြောင်း ယင်းကျောင်းသားများ၏ မိဘများက The Voice သို့ ပြောကြားသည်။

အဆိုပါ ကျောင်းသူ၏ ဒဏ်ရာများသည် သာမန်ဒဏ်ရာ မဟုတ်ဘဲ အဓမ္မပြုကျင့်ခံရသည့် ဒဏ်ရာဖြစ်ပြီး ကလေး ချင်း ကျူးလွန်ခြင်း လုံးဝမဖြစ်နိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာ ဝန်ကြီး များနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်ကို ကိုးကားကာ ကျောက် တန်းမြို့နယ် ဆရာဝန်ကြီးက ဆိုသည်။

အဆိုပါကျောင်းသူ အဓမ္မပြုကျင့်ခံရသည်ဟု ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အုပ်ထိန်းသူ တည်းခို ခန်းပိုင် ရှင်ကို The Voice က ဆက်သွယ်မေးမြန်းခဲ့ရာ မီဒီယာမှတစ်ဆင့် ပြန်လည် ဖြေကြားလိုခြင်း မရှိကြောင်း ပြန်လည်ဖြေကြား သည်။

အဓမ္မပြု ကျင့်ခံရသည့် သူငယ်တန်းကျောင်းသူမှာ ပအို့ဝ် တိုင်းရင်းသူတစ်ဦးဖြစ်ပြီး မြန်မာစကားကို ‘ဟုတ်ကဲ့’  စကားတစ်ခွန်းသာ ပြောဆိုတတ်ပြီး ကိစ္စတစ်စုံတစ်ရာရှိပါက ၎င်းနှင့်အတူနေ အတန်းဖော် ကျောင်း သူနှစ် ဦးတို့က တစ်ဆင့်ပြောဆို ဆက်ဆံရကြောင်း ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

(အောင်မျိုးထက်)
The Voice Weekly

စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer ကို ကိုကာကိုလာ မြန်မာအမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်

Posted by drmyochit Saturday, July 27, 2013, under | No comments



ရန်ကုန်၊ ဇူလိုင် ၂၆

ကိုကာကိုလာ၏ မြန်မာနိုင်ငံအတွက် အမှတ်တံဆိပ် သံတမန် (Brand Ambassador) အဖြစ် တေးသံရှင် စိုင်းစိုင်း ခမ်းလှိုင်နှင့် Bobby Soxer ကို ခန့်အပ်ကြောင်း ကိုကာကိုလာ မြန်မာကုမ္ပဏီထံမှ စုံစမ်း သိရှိ ရသည်။

ကိုကာ ကိုလာ မြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံးဟု ကြေညာထားသော ဈေး ကွက်မြှင့် တင်ရေး အစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့နှင့် သြဂုတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့ တို့၌ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ကိုကာကိုလာ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံရကြောင်း၊ စိုင်းစိုင်းခမ်းလှိုင်နှင့် အမျိုးသမီး တေးသံ ရှင် Bobby Soxer တို့ကလည်း ၎င်းတို့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြ ထားသည်။

ကိုကာကိုလာ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်ဖြစ်သော Coca Cola Happiness Journey အစီအစဉ်တွင် မြန်မာနိုင်ငံအတွက် ရည်ရွယ်ရေးစပ်ထားသော ကိုကာကိုလာ တေးသီချင်းကို စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer က သီဆိုဖျော်ဖြေမည်ဟု ကိုကာကိုလာ မြန်မာကုမ္ပဏီမှ ဈေးကွက်ဒါရိုက်တာ Mr.Rommel Fuentebella က ပြောကြားသည်။

ကိုကာကိုလာ ကုမ္ပဏီသည် Max အချိုရည် ထုတ်လုပ်သော ပင်းယကုမ္ပဏီနှင့် ပူးပေါင်း၍ ကိုကာကိုလာ အချိုရည်များ ယခုနှစ်ဆန်းမှ စတင်ထုတ်လုပ်နေပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာထားသည်။

အမေရိ ကန်တေးသံရှင် တေလာဆွစ်ဖ်၊ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင် Salman Khan စသည့် ပုဂ္ဂိုလ်များကိုလည်း ကိုကာကိုလာ၏ သက်ဆိုင်ရာ နိုင်ငံများတွင် Brand Ambassador များအဖြစ် ခန့်အပ်ထားသည်။

The Voice Weekly

မိခင်အလောင်းကို စားသောက်သူအဖြစ် သံသယရှိသူကို ရဲများက ဖမ်းဆီး

Posted by drmyochit Saturday, July 27, 2013, under | No comments


အောင်မင်းဘာသာပြန်သည်

ဟင်းအိုးနှင့် ရေခဲသေတ္တာထဲတွင် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို တွေ့ရှိခဲ့ရသည့် အတွက် မိခင်အလောင်းအားပြန်စားသည်ဟု သံသယဖြစ်ကာ လီနိုရန်ဇီဆိုသူအား ဖမ်းဆီးလိုက်သည့် အမှုအခင်းတစ်ခု အီတနိုင်ငံဆယ်လာနိုမြို့တွင် ဖြစ်ပွားခဲ့သည်ဟု နယူးယောက်နေ့စဉ်သတင်းဌာနက ဖော်ပြလိုက်သည်။

လီနိုရန်ဇီသည် အသက် ၇၀ အရွယ်မိခင်ဖြစ်သူ မာရီယာပီယာနှင့် တစ်အိမ်တည်း နေထိုင်သူဖြစ်ပြီး နှစ် ပေါင်းများစွာ စိတ်ရောဂါဝေဒါနာခံစားနေရသူတစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။

ရန်ဇီ၏ နေအိမ်အတွင်းမှ မနှစ်မြို့ဖွယ် အနံ့အသက်များထွက်နေသည်ကို အိမ်နီးချင်းများက စောဒက တက်သည့်အတွက် ရဲများမှ၎င်း၏ နေအိမ်အတွင်းသို့ ၀င်ရောက်စုံစမ်းရာမှ ယခုကဲ့သို့တွေ့ခဲ့ရ ခြင်းဖြစ်သည်။

ဓာတ်ငွေ့များ ဆိမ့်ထွက်နေခြင်းအားတွေ့ရမည့်အစား လွန်ခဲ့သောသုံးရက်ခန့်အကြာက သေဆုံးခဲ့ပြီဟု ခန့်မှန်းရသော ၎င်း၏မိခင်ဖြစ်သူ၏ ခံန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ တွေ့ရှိခဲ့ရသည်ဟု ရဲများကဆိုသည်။

ရန်ဇီသည် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အား ဟင်းအိုးထဲထည့်ပြုတ်နေသည့်အပြင် အခြား ဟင်းအိုးများနှင့် ရေခဲသေတ္တာများတွင်လည်း ထည့်သွင်းသိမ်းဆည်းထားသည်ကိုလည်း တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

ထို့ပြင် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကိုလည်း ရေချိုးခန်းအတွင်း တွေ့ရှိခဲ့ရသည်ဟု ထိုဒေသအခြေစိုက် သတင်းဌာနက ဖော်ပြထားသည်။
သေဆုံးသူ မာရီယာပီယာသေဆုံးခဲ့သည့် အချိန်ကို တိတိကျကျသိရန် စစ်ဆေးမည်ဟုလည်း သိရသည်။

မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန် ရန်ဇီကို ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ ပြန်လွှတ်ပေးခဲ့သည် မှာတစ်လခန့်သာရှိသေးသည်။

ရန်ဇီ၏ အိမ်အတွင်းသို့ ရဲများဝင်ရောက်ရှာဖွေရာ ၎င်းမှာအိပ်ယာပေါ်တွင် ၀တ်လစ်စလစ်ဖြင့် လဲလျောင်း နေသည်ကို တွေ့ရှိခဲ့ရပြီး သူ့ကိုဆေးစစ်မှုပြုလုပ်ရန် ဆေးရုံသို့ပို့ဆောင်ထားပြီဖြစ်သည်ဟု ဟပ်ဖင်တန် ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Ref: nydailnews
Mizzima - News in Burmese

ကိုးရီးယားစစ်ပွဲနှစ်ခြောက်ဆယ်ပြည့်အထိမ်းအမှတ်ချီတက်ပွဲ မြောက်ကိုးရီးယား ပြုလုပ်

Posted by drmyochit Saturday, July 27, 2013, under | No comments


ဆိုးလ်၊ ဇူလိုင် ၂၇။

မြောက်ကိုးရီးယားသည် ကိုးရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခြင်း နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် အကြီး စား စစ်ရေးချီတက်ပွဲတစ်ခု ယနေ့ပြုလုပ်ပုံကို မြောက်ကိုးရီးယားပြည်တွင်း တီဗီလိုင်းတွင် ထုတ်လွှင့် သည်။

ထောင်ချီသောသော တပ်ဖွဲ့ဝင်များနှင့် ပရိသတ်များသည် ပြုံးယမ်းရှိ ကင်အီဆွန်းရင်ပြင်တွင် ထိပ်ပိုင်း ခေါင်းဆောင် များနှင့် စစ်ခေါင်းဆောင်များ ခြံရံလျက် ခေါင်းဆောင်ကင်ဂျုံအန် စင်မြင့်ပေါ် တက်လာ ချိန်တွင် “ကင်ဂျုံ အန်ကို ကျွန်တော်တို့ အသက်များဖြင့် ကာကွယ်ပါ” ဟစ်အော်ခဲ့ကြသည်။

စစ်သား များထောင်နှင့် ချီပြီး စစ်ချီခြေလှမ်းများဖြင့် စစ်တီးဝိုင်းလည်း တီးခတ်ကာ ရင်ပြင်သို့ ချီတက်ကြ သည်။ ကင်ဂျုံအန်သည် မော်စီတုန်း ဝတ်စုံပုံစံ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်မြင့်သို့ ကော်ဇော နီပေါ်မှ လျှောက်လှမ်းလာစဉ် အစောင့်ရဲများက အလေးပြုကြပြီး စစ်တီးဝိုင်းသည်လည်း နောက် ဘက် တွင် တီးမှုတ်နေသည်။

၁၉၅၀-၅၃ကိုးရီးယားစစ်ပွဲသည် အပစ်အခတ် ရပ်စဲရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့သော်လည်း တောင် မြောက် ကိုးရီးယားနှစ်နိုင်ငံသည် သဘောတရားအားဖြင့် စစ်ပွဲဖြစ်နေဆဲဖြစ်သည်။
လက်နက် များ ပြသခြင်းနှင့် စစ်ချီတက်ပုံစံဖြင့် ချီတက်လာကြသော စစ်သားများသည် စစ်အေးကာလ အားကောင်း ချိန် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်တို့ပြုလုပ်ခဲ့သည့် ချီတက်ပွဲများကို သတိရစေသည်။
စာတမ်း ရှည်ကြီး များကို မိုးပျံပူးဖောင်းနှင့် ချိတ်ထားပြီး မြောက်ကိုးရီးယား အလံသည်လည်း ရင်ပြင်တွင် ပြည့်နေသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း မြောက်ကိုးရီးယားသည် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲကို လေးစား သော အားဖြင့် လူထုလှုပ်ရှားခြင်းနှင့် မီးပန်းများ ဖောက်ခြင်းများ ပြုလုပ်ခဲ့သည်။
၎င်းကဲ့ သို့ပြု လုပ်ခြင်းသည် ကာလရှည်ကြာတင်းမာခဲ့ပြီးနောက် ဆက်ဆံကောင်းမွန်လာရေး တောင်-မြောက် ကိုး ရီးယားတို့ ကြိုးပမ်းနေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယခုလ အတွင်းတွင် ပူးတွဲစက်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး အကြိမ်ကြိမ် ဆွေးနွေးပြီးဖြစ်သော်လည်း သဘော တူညီမှု မရသေးပေ။

တောင်ကိုးရီးယားတွင် စစ်ပွဲနှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတ ပတ်ဂျင်ဟီးက မိန့်ခွန်း ပြောကြား ပြီး မြောက်ကိုးရီးယားဘက်မှ ရန်စလာမှုကို သည်းမခံတော့ကြောင်း ပြောကြားပြီး ဆိုးလ်ဘက်မှ မြောက် ကိုးရီး ယားနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်မည်ဟု ပြောကြားသည်။

“အကယ်၍ စစ်မှန်တဲ့ ပြောင်းလဲမှု၊ တိုးတက်မှု လမ်းကြောင်းကို စမယ်ဆိုရင် နျူကလီးယား လက်နက် ထုတ်လုပ် မှုကို စွန့်လွှတ်ပါလို့ မြောက်ကိုးရီးယားကို တိုက်တွန်းပါတယ်” ဟု သမ္မတပြောကြားသည်။

Ref:BBC/AFP
မြန်မာ့ခေတ်

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်ဝင်လာသည့် ယခင်မြန်မာ နိုင်ငံသားအား ဥပဒေအရ အရေးယူပြီး၍ ပြည်နှင်ဒဏ်ပေး

Posted by drmyochit Saturday, July 27, 2013, under | No comments


စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ပေးအပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်လည်ဝင်လာသည့် Somchai Rakyodying (ခ)စိုင်းဆုတ် (ယခင်မြန်မာနိုင်ငံသား) အား လ၀က ဥပဒေအရ အရေးယူပြီးပြီ ဖြစ်၍ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်အရ အက်ဥပဒေ ပုဒ်မ ၇/၁ဖြင့် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူ Somchai Rakyodying (ခ)စိုင်းဆုတ်သည် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ပြန်လည်ဝင်ရောက် လာခဲ့ပြီး ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ သြဂုတ်အတွင်းက ရွှေဂုံတိုင်ဟိုတယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားဖြစ်သူ စိုင်းဆုတ်သည် ယခင်က မြန်မာနိုင်ငံသားဖြစ်ပြီး ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး ယင်းနောက် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရင်း ထိုင်းနိုင်ငံသားအဖြစ် ခံယူခဲ့ကြောင်း ရန်ကုန်မူးယစ် အထူးအဖွဲ့ (အနောက်ပိုင်း) ကြီးကြပ်သူ အရာရှိ ဒုရဲမှူးခင်မောင်သိန်းက ပြောကြားသည်။

အဆိုပါ စိုင်းဆုတ် မြန်မာနိုင်ငံအတွင်း ပြန်ဝင်လာခြင်းနှင့် ပတ်သက်၍ ''သူက ထိုင်းမှာရှိတဲ့ ဂိုဒေါင်တစ်ခုမှာ အလုပ်လုပ်တယ်။ အဲဒီဂိုဒေါင်က စိတ်ကြွဆေးပြား လုပ်ရာမှာသုံးတဲ့ ဆူဖာဖက်ဒရင်း အတောင့်တွေကို ချွတ်ပြီးတော့ အမှုန့်လုပ်တယ်။ အမှုန့်လုပ်ပြီးတော့ စိတ်ကြွဆေးပြား ချက်တဲ့နေရာတွေကို ပို့တယ်။ ပို့တာတော့ အတိအကျ မသိဘူး။ သူ့ရဲ့တာဝန်က အဝေးပြေး ဂိတ်တွေကနေ သွားယူတယ်။ ယူပြီးရင် ချင်းမိုင်မှာရှိတဲ့ သူတို့ငှားထားတဲ့ အိမ်တစ်အိမ်မှာ သိမ်းထားတယ်။ လာသယ်တဲ့ အခါကျရင် သူကသော့ဖွင့်ပေးတယ်။ သူက အဲဒီ အလုပ်ကိုပဲ လုပ်ပေးရတယ်'' ဟု ရန်ကုန် မူးယစ်အထူးအဖွဲ့ (အနောက်ပိုင်း) ကြီးကြပ်သူ အရာရှိ ဒုရဲမှူးခင်မောင်သိန်းက ပြောကြားသည်။

''တစ်နေ့မှာ သူတို့အိမ်ကို ရဲက ၀င်စီးတယ်။ အဲဒီမှာ ဆူဖာဖက်ဒရင်းတွေ အများကြီးတွေ့တယ်။ တွေ့တော့ စစ်လိုက်တော့ သူပါတယ်ဆိုတာ သိတယ်။ အဲဒီအချိန်မှာ သူ့ကို အစ်ကိုတို့ဆီမှာ သတင်းပေးထားတယ်။ ထိုင်းနိုင်ငံသား မြန်မာနိုင်ငံကို ထွက်ပြေးလာတယ်။ သူ့ကို ရွှေဂုံတိုင် ဟိုတယ်မှာ ဖမ်းမိတယ်'' ဟု ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ပြန်ဝင်လာသူ စိုင်းဆုတ်အား လ၀ကဥပဒေအရ အရေးယူကာ ဗဟန်းတရားရုံးမှ ထောင်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

''သူက ကျိုင်းတုံ ရပ်ကွက်(၂)မှာနေခဲ့တာ အဲဒီကလူတိုင်း သိပါတယ်။ သူ ၁၅ နှစ်လောက်မှာ ထိုင်းကိုသွားပြီး အလုပ်လုပ်တယ်။ ထိုင်းကို လူတိုင်းသွားပြီးတော့ အလုပ်လုပ် နေကြတာပဲ။ သူပြန်လာတော့ ထောင်တစ်နှစ်ချခံရတယ်'' ဟု စိုင်းဆုတ်၏ အစ်ကိုဝမ်းကွဲ ဖြစ်သူက ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံသားဖြစ်သူ စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်အဖွဲ့ (ONCB)မှ လက်ထောက် ညွှန်ကြားရေးမှူး Mr Sithisak Kallayanapradit နှင့် တာဝန်ရှိသူများထံသို့ မူးယစ်ပြတိုက်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒုရဲမှူးကြီး မြင့်အောင်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၆ရက် မွန်းလွဲပိုင်းတွင် မူးယစ်ပြတိုက်၌ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

From: Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်