Saturday, October 12, 2013

တရုတ်မယ်လား၊ မြန်မာမယ်လား၊ မိုးစက်ဝိုင်အတွက် မေးခွန်းများ

Posted by drmyochit Saturday, October 12, 2013, under | 1 comment

အနှစ် ၅၀ ကျော် အလှမ်းကွာဝေးနေခဲ့သော မယ်စကြဝဠာပြိုင်ပွဲ ကို မြန်မာ နိုင်ငံက ပြန်လည်ဝင် ရောက်ယှဉ်ပြိုင်တော့မှာ မို့ မြန်မာနိုင်ငံသား တို့ ရင်ခုန်စွာ စောင့်မျှော်နေကြတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဝင်ပြိုင်မယ့်သူကတော့ တက္ကသိုလ်များ ချန်ပီယံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအတွက် ဆုဖလားကိုကိုင်ပြီး အဝါ ရောင်ပြိုင်ကားပေါ်ကဆင်းလာတဲ့ ဓာတ်ပုံ ကြောင့် ဟိုးလေးတကျော် နာမည်ကြီးနေ တဲ့ “မိုးစက်ဝိုင်”ပဲ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံအကြောင်း လူတကာရဲ့ ပါးစပ်ဖျား ရောက်သွားရတာက ပြိုင်ကားအဝါကြီးနဲ့ ဆုဖလားကြောင့်မဟုတ်သလို မိုးစက်ဝိုင် ရဲ့ ပင်ကိုအလှကြောင့်လည်း မဟုတ်ပါဘူး။

ဓာတ်ပုံထဲက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေးအနှစ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကနေပြီးတော့ ပြိုင်ကားပေါ်ကဆင်းလာတဲ့ အသစ်စက်စက် မယ်စကြဝဠာမြန် မာကို စောင့်ကြိုနေပုံက မြင်သူတိုင်းကို ရင်ခုန်စေခဲ့တာပါ။

ကိုယ့်စိတ်ကူးနဲ့ ကိုယ် အမျိုးမျိုးပုံဖော်တွေး၊ ဆက်စပ် တွေးလိုက်ကြတာ မိုးစက်ဝိုင်ကိုယ်တိုင်က သူမနဲ့ နေရွှေသွေးအောင် ဘယ်လိုမှမပတ် သက်ပါကြောင်း စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ရတဲ့အထိပါပဲ။

နေရွှေသွေးအောင်ကလည်း ဝဘ်ဆိုက်တစ်ခုကတစ်ဆင့် ဆိုခဲ့ပြီးဖြစ်တဲ့ တက္ကသိုလ်ဘောလုံးပွဲကို ဘယ်လိုကြောင့် ရောက်သွားရကြောင်း ရှင်း လင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပျံ့နှံ့သွားပြီးဖြစ်တဲ့ ဓာတ်ပုံတွေကို ပြန်သိမ်းလို့မရနိုင်တော့သလို လူအများရဲ့ “သို့လော၊ သို့လော”အတွေးတွေကလည်း ပျောက်ပျက်မသွားခဲ့ပါ။

နေရွှေသွေးအောင် က မိုးစက်ဝိုင်ကို မော်စကိုမြို့အထိ လိုက်ပါအားပေးမယ်ဆိုတဲ့ ကောလာဟလတွေက ထွက်နေသေးတယ်။ မိုးစက်ဝိုင်က လည်း မည်သူမဆို လိုက်ပါအားပေးနိုင်ခွင့်ရှိတယ်။ အားပေးမှုကို ဖိတ်ခေါ်ပါတယ် လို့ လိမ္မာပါးနပ်စွာ ဖြေကြားထားတယ်။

အဲဒီလို အပြောစွမ်းရည်ကျွမ်းကျင်လိမ္မာမှုကို နိုဝင်ဘာ ၉ ရက်နေ့မှာ ကျင်းပမယ့် မယ်စကြဝဠာပွဲမှာ အသုံးချနိုင်လိမ့်မယ် မျှော်လင့်တယ်။

ပြိုင်ပွဲရက်နဲ့ တစ်လတိတိအလို အောက်တိုဘာ ၉ ရက်နေ့မှာ အွန်လိုင်း ပေါ်တက်လာတာက ၂၀ဝ၉ ခုနှစ်ကလုပ် တဲ့ Miss Chinese Burma ပြိုင်ပွဲမှာ မိုးစက်ဝိုင် ဒုတိယဆုရခဲ့တဲ့သတင်းနဲ့ဓာတ်ပုံများပါပဲ။

တချို့လူတွေက တရုတ်နိုင်ငံမှာ လုပ်တဲ့ မယ်ပြိုင်ပွဲဝင်ထားသူတစ်ဦး က မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ ဖြစ်သင့်သလားပေါ့။ တကယ်ကတော့ အဲဒီ Miss Chinese Burma က တရုတ်ကုန် သည်ကြီးများအသင်းနဲ့ “Gold Phoenix - ဇာမဏီ” သတင်းစာ က ပူးတွဲကမကထပြုပြီး ရန်ကုန်မှာကျင်းပခဲ့တာပါ။

ရိုးရိုးရှင်းရှင်းပြောရရင် မြန်မာနိုင်ငံသား တရုတ် အမျိုးသမီးများသာ သီးသန့်ပြိုင်တဲ့ မယ်ပြိုင်ပွဲ ပေါ့။ အဲဒီတော့ မိုးစက်ဝိုင်ရဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် (Eligibility) အပေါ် မေးခွန်းထုတ်စရာ မရှိတော့ပါ။

အဲဒီ ၂၀ဝ၉ ခုနှစ် ပွဲသတင်းကတစ်ဆင့် သိလိုက်ရတာက မိုးစက်ဝိုင်ရဲ့ တရုတ်နာမည်က “ယန်စင်ရောင်း” (Yang Xinrong) ပါတဲ့။

အဲ . . . မေးစရာရှိတာက “ယန်စင်းရောင်း”ဆိုတဲ့ အလှမယ် ဘယ်ပုံဘယ်နည်းနဲ့ မြန်မာနိုင်ငံသားဖြစ်လာသလဲဆိုတာပါ။ မျိုးဆက် ဘယ်နှဆက် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ပြီလဲ။ နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်လာတာလား။ ဒါတွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။

မိတ်ဆွေ တစ်ယောက်ဆို တရုတ်သွေး တစ်မတ်ပါလို့ ၁၈ နှစ်ပြည့်မှတ်ပုံတင်လဲဖို့အတွက် လျှောက်လွှာမှာ “မြန်မာ-ရှမ်း-တရုတ်”လို့ ဖြည့်မိလို့လားမသိ နှစ်ပေါက်အောင်ကြာနေတာ ယနေ့အထိ မကျလာသေးဘူး။ မျက်နှာကြီးရာ ဟင်းအိုးပါထည့်ပေးလိုက် ကြသလား။

မြန်မာနိုင်ငံသားစစ်စစ်ဖြစ်လျှင် တရုတ်၊ ကုလား၊ ဂျူး၊ အာမေးနီးယန်း ဘယ်လူမျိုးမဆို အရည်အချင်းပြည့်မီရင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ပါတယ်။

ဒါပေမဲ့ ခံစားမိတာတစ်ခုက မြန်မာတိုင်းရင်းသူစစ်စစ်ကလေးတွေ တရုတ် ပြည်ကို နည်းမျိုးစုံနဲ့ လူကုန်ကူးခံနေရတာတွေကို နိုင်နင်းစွာ မဟန့်တားနိုင်သေးခင် ကျွန်တော့်တစ်သက်တာမှာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့်၊ ကမ္ဘာက အာရုံစိုက်တဲ့ မယ် စကြဝဋ္ဌာပြိုင်ပွဲကို မြန်မာနိုင်ငံက တရုတ်အမျိုး သမီးစစ်စစ်က မြန်မာနိုင်ငံကို ကိုယ်စားပြု မယ်ဆိုတော့ “ဖြစ်မှဖြစ်ရလေခြင်း”ပေါ့။ ဘယ်သူတွေညံ့လို့လဲ။

မီးကျိုးမောင်းပျက် တရုတ်အမျိုးသားကြီးများရဲ့ မျိုးဆက်ရှင်သန်ရေး အတွက် ကူညီပေးနေရတဲ့ (လူကုန်ကူးခံနေရတဲ့)မြန်မာတိုင်းရင်း သူလေးတွေအတွက် မချိတင်ကဲဖြစ်မိတာပါ။ သူတို့ထက် ကံဆိုးသူတွေကတော့ လိင် အလုပ်သမလေးတွေ ဖြစ်ရပေါ့။

“တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါဆဲချင် ပလေး” ဆိုတာမျိုး ပေါ့။ ကျွန်တော်ကကော ဘာများ တတ်နိုင်ဦးမှာလဲ။

မိုးစက်ဝိုင်ရဲ့ နိုင်ငံသားဖြစ်မှုအပေါ် သံသယဝင်မိတာက တရုတ်ရုပ်သံလိုင်း CCTV မှတစ်ဆင့် ကြည့်လိုက်ရတဲ့ ဗီဒီယိုအင်တာဗျူးမှာ အင်္ဂလိပ်လို ရေလည် အောင်ပြောသွားနိုင်ပေမယ့် ပြည်မကြီး တရုတ်လေသံကပ်ပါလာတာကို သတိပြုလိုက်မိလို့ပါ။

သူငယ်ချင်း မြန်မာတရုတ်တွေ အင်္ဂလိပ်လိုပြောတာကို နားရည်ဝ နေတဲ့အပြင် ပြည်မကြီးတရုတ်များနဲ့လည်း ထိတွေ့ဆက်ဆံဖူးတဲ့အတွက် ကွာခြားချက်ကို သတိပြုမိတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ရှိသူတွေ တာဝန်မယူသေးမီအထိတော့ မယ်စကြ ဝဠာမြန်မာ မိုးစက်ဝိုင်(ခ) ယန်စင်ရောင်း ရဲ့ မော်စကိုခရီးစဉ်ဖြစ်တဲ့ “Journey To The West” ကို ရင်ခုန်စွာ စောင့်စားအား ပေးနေမှာပါ။

ဥက္ကာဦး
စောင့်ကြည့်ဂျာနယ်၊ အတွဲ(၈)၊ အမှတ်(၁၉)

တရုတ်နိုင်ငံတွင် ထိုင်ခုံတစ်လုံး ရုတ်တရက် ပေါက်ကွဲ အမျိုးသမီး တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ

Posted by drmyochit Saturday, October 12, 2013, under | No comments



တရုတ်နိုင်ငံ ဖူကျန့် ပြည်နယ်တွင် အသက် ၂၄ နှစ်အရွယ်ရှိ မိန်းကလေး တစ်ဦးသည် ကွန်ပျူတာ ရှေ့တွင် ထိုင်နေစဉ် ၄င်းထိုင်နေသော ထိုင်ခုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိန်းကလေးသည် လွင့်စင် လာခဲ့သည့် စတီး အပိုင်းအစများ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ထိုးဖောက်ဝင် ရောက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သူမ၏ ခန္ဓာကိုယ် အတွင်းမှ ဝက်အူလှည့်ပေါင်း များစွာနှင့် ပလတ်စတစ် အပိုင်းအစများကို အရေးပေါ် ခွဲစိတ် ကုသ၍ ဖယ်ရှားပေး ခဲ့ရကြောင်း သိရသည်။

၎င်းမိန်းကလေးသည်ရေချိုးပြီးနောက် ကွန်ပျူတာ စားပွဲရှေ့ရှိ ထိုင်ခုံတွင် ထိုင်၍ လေမှုတ် စက်ဖြင့် သူမ၏ ဆံပင်ကို အခြောက်ခံနေစဉ် သူမထိုင်နေသည့် ထိုင်ခုံက ရုတ်တရက် ထ၍ ပေါက်ကွဲခဲ့ မှုကြောင့် သတိမေ့ သွားခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ အစ်ကို ဖြစ်သူက ဆိုသည်။

ယင်းမိန်းကလေး ထိုင်နေသော ထိုင်ခုံတွင် တပ်ဆင်ထားသည့် ဂက်စ်ထားရှိရာ နေရာ၏ ဖိအားကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ဟန်တူကြောင်း ထိုင်ခုံစက်ရုံမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း Dangnan နေ့စဉ်ထုတ် သတင်းစာက ဖော်ပြ ခဲ့သည်။

မိုးစက်ဝိုင်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ထပ်မံထွက်ပေါ်

Posted by drmyochit Saturday, October 12, 2013, under | No comments


ယခုရက်ပိုင်းအတွင်း၌ Miss Universe Myanmar မိုးစက်ဝိုင်နှင့်ပတ်သက်သော အငြင်းပွားဖွယ်ရာ အကြောင်း အရာများ အွန်လိုင်းတွင်ပေါ်ထွက်လာပြီး ဝေဖန်ငြင်းခုံမှုများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်အတွင်းက ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Miss Chinese Myanmar 2009  ပြိုင်ပွဲတွင် မိုးစက်ဝိုင်သည် တရုတ်အမည် (Yang Xinrong) ဖြင့် ယှဉ်ပြိုင် ခဲ့သောကြောင့် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုမယ်အဖြစ် ၀င်ပြိုင် သင့်၊ မပြိုင်သင့်  မြန်မာ အွန်လိုင်း သုံးစွဲကြသူများအကြား အငြင်းပွားနေကြခြင်းဖြစ်သည်။ ထို့အပြင်   မိုးစက်ဝိုင် အကြောင်း ကို တရုတ်သတင်းဌာနများနှင့် သတင်းစာများက မစ္စ တရုတ်- မြန်မာ ၂၀၀၉ ဆုရရှိခဲ့ သူတစ်ဦး အနေဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြုကာ Miss UniverseMyanmar ရွေးချယ်ခံခဲ့ ရသည့် အကြောင်းအရာများကို အမွှမ်းတင် ရေးသားနေသည်များကို အချင်းချင်းမျှဝေကြကာ  ဝေဖန်နေခြင်း ဖြစ်သည်။

အွန်လိုင်းတွင်   အငြင်းပွားနေသော မိုးစက်ဝိုင်အကြောင်း နှင့် ပတ်သက်၍ Miss Universe Myanmar Organization က ၄င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် အောက်တိုဘာ ၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ သတင်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ သတင်းအမှားဖန်တီးနေသူများကို သိရှိသော်လည်း ၄င်းတို့၏ဂုဏ်သိက္ခာကို ထောက်ထားသောအားဖြင့် ရပ်တန့်ပေးပါရန် တောင်းဆိုလိုကြောင်း ရေးသားထားသည်။
Miss Universe Myanmar Organization မှ ပြောရေးဆိုခွင့်ရှိသူ  ကိုချမ်းလင်းသူကလည်း မိုးစက်ဝိုင်သည် Miss Chinese Myanmar 2009 ပြိုင်ပွဲ ၀င်ပြိုင်ခဲ့သည်မှာ ဟုတ်မှန်သော်လည်း ပြိုင်ပွဲသည် Miss ပြိုင်ပွဲသီးသန့် ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံတကာကုန်သည်ကြီးများအသင်း နှစ်ပတ်လည်ပွဲတွင် ပြုလုပ်ခဲ့သည့် ပွဲတစ်ပွဲသာဖြစ်ကြောင်း ၎င်းကပြောသည်။  
         
ထို့အပြင် မိုးစက်ဝိုင်၌ တရုတ်နာမည်မရှိဘဲ နာမည်အရင်းမှာ ဝေေ၀ခိုင်ဖြစ်ကာ Passort အထဲတွင်လည်း ဝေေ၀ခိုင်သာ ဖြစ်ကြောင်း မိုးစက်ဝိုင်ထံမှ အတည်ပြုထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
မိုးစက်ဝိုင်၏မိဘများမှာလည်း မြန်မာနိုင်ငံတွင် မွေးဖွားသည့် နမ့်ခမ်းရှမ်းတိုင်းရင်းသားများဖြစ်ကြောင်း ကိုချမ်းလင်းသူက ပြောသည်။ အွန်လိုင်းတွင်ပျံ့နှံ့နေသော ပုံများမှာလည်း ၀တ်စုံ (၃)စုံ ယှဉ်ပြိုင်ရာမှ  တရုတ်ရိုးရာဝတ်စုံနှင့် ယှဉ်ပြိုင်မှုများကို ဖော်ပြခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ဝေဖန်မှုများကြောင့် ပြိုင်ပွဲအပေါ် တစ်စုံတစ်ရာသက်ရောက်မှုမရှိဘဲ ရုရှားသို့ သွားရောက်ရန် အချိန်ကပ်နေသောကြောင့် မိုးစက်ဝိုင်ကို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။အင်တာနက်စာမျက်နှာများတွင် မိုးစက်ဝိုင်နှင့် ပတ်သက်၍ ဝေဖန်မှုထွက်ပေါ်သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကလည်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူနှင့် ပတ်သက်၍ သတင်းများထွက်ပေါ်ခဲ့ရာ အောက်တိုဘာ ၃ ရက် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ယင်းကိစ္စသည် မဟုတ်မှန်ကြောင်း မိုးစက်ဝိုင်က ပြောခဲ့သည်။ ယင်းသတင်းစာရှင်းလင်းပွဲ ၌ သတင်းထောက်တစ်ဦးက မိုးစက်ဝိုင်အနေဖြင့် ယခင်က ယခုကဲ့သို့ Miss ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်မှု ရှိ၊ မရှိ မေးမြန်းခဲ့ရာ ယခုပွဲကဲ့သို့ ပြိုင်ပွဲကြီးများတွင် မယှဉ်ပြိုင်ဖူးသော်လည်း မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း၏ နှစ်ပတ်လည်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ဖူးကြောင်း မိုးစက်ဝိုင်က ဖြေကြားခဲ့ဖူးသည်။
Miss Universe ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း မိုးစက်ဝိုင်၏ဓာတ်ပုံကို ဖော်ပြထားပြီဖြစ်ပြီး ပရိသတ်အကြိုက်ဆုအတွက် စတင်မဲပေးနိုင်နေပြီဖြစ်သည်။

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုလည်း အောက်တိုဘာ ၈ ရက်က စတင်ဖွင့်ခဲ့ပြီး ယခုအချိန်အထိ Like လုပ်ထားသူ သုံးသောင်းကျော်ရှိပြီဖြစ်သည်။ ယခုရက်ပိုင်းတွင် ထွက်ပေါ်နေသောသတင်းများနှင့် ပတ်သက်၍ ဝေဖန်သူများရှိသလိုပင် မည်သည့်လူမျိုးဖြစ်စေကာမူမြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည့်သူဖြစ်သောကြောင့် အားပေးကြောင်း ရေးသားထားသူများလည်းရှိကြသည်။
မိုးစက်ဝိုင်သည် နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ပြုလုပ်မည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ အောက်တိုဘာ ၁၈ ရက် တွင် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily

Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေ

Posted by drmyochit Saturday, October 12, 2013, under | No comments


ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ်ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

အမေရိကန် စစ်တပ်သည် စိတ်ကူးယဉ် သိပ္ပံလူစွမ်းကောင်း ဇာတ်လမ်း Iron Manတွင် ပါရှိသည့် စူပါလူသားစွမ်းရည်မျိုး မြှင့်တင်ပေးနိုင်သော ချပ်ဝတ်တန်ဆာ တစ်မျိုးကို သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ်ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။ အစိုးရ၏ သုတေသန စမ်းသပ်ခန်းများ၊ သိပ္ပံဌာနများနှင့် အမေရိကန်၏ နည်းပညာ ကုမ္ပဏီကြီး အများအပြားသည် အနာဂတ်ကာလ စစ်သည်များအတွက် ရည်ရွယ်သည့် စမတ် ချပ်ဝတ်တန်ဆာ တစ်မျိုးကို ပူးပေါင်း စမ်းသပ်နေသည်ဟု ခိုင်ခိုင်မာမာ ယူဆရသည်။

ထိုဝတ်စုံများသည် ခန္ဓာကိုယ် ပြင်ပတွင် ငြမ်းစနစ်တစ်ခု ပံ့ပိုးပေးပြီး လူတစ်ဦးအနေဖြင့် လုံးဝ သယ်ယူရန် မဖြစ်နိုင်သော ဝန်အလေးချိန်မျိုးကိုပင် သယ်ဆောင်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ လက်ရှိတွင် Tatical Assault Light Operator Suit (Talos) အမည်ရှိ ဝတ်စုံကို နည်းပညာဆိုင်ရာ ဖြည့်တင်းတပ်ဆင်မှုများ၊ အာရုံခံစနစ် ပံ့ပိုးမှုများဖြင့် အဆင့်မြှင့်တင်လျှက် ရှိသည်။ အမေရိကန် စစ်ဘက်က ယင်းစမတ်ဝတ်စုံကို အသုံးပြုရန် ကျယ်ပြန့်သည့် ကွန်ရက်ချိတ်ဆက်မှု ဧရိယာမျိုး လိုအပ်ပြီး စစ်သားများ အနေဖြင့်လည်း Google Glassကဲ့သို့ ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ထားရသည့် အဆင့်မြင့် ကွန်ပျူတာစနစ်မျိုးကို အသုံးပြုရမည်ဟု ပြောကြားခဲ့ဖူးသည်။

Talosတွင် လက်ရှိစမ်းသပ် တပ်ဆင်ထားသည့် ခန္ဓာကိုယ်ပြင်ပ ငြမ်းစနစ်သည် ဟိုက်ဒရောလစ် အားဖြည့်မှုဖြင့် လူတစ်ဦးကို အလွန်အားကောင်းသည့် လုပ်ဆောင်မှုများ ဆောင်ရွက်ခွင့် ပေးနိုင်မည် ဖြစ်သည်။ "ငြမ်းစနစ်နဲ့အတူ အကောင်းဆုံး ချပ်ဝတ်အကာအကွယ်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မယ့် စနစ်မျိုးကို ကျွန်တော်တို့ မြှင့်တင်နေတာ ဖြစ်ပါတယ်။ Talosမှာ ဝတ်စုံရဲ့ စွမ်းအင်စနစ်၊ ဝတ်ဆင်သူရဲ့ ကျန်းမာရေး အခြေအနေတွေကို ညွှန်ပြနိုင်မယ့် Displayတွေ ပါဝင်ပါတယ်။ ပြီးတော့ လက်နက်စနစ်တွေကိုပါ ထည့်သွင်း တပ်ဆင်သွားမှာပါ"ဟု အမေရိကန် စစ်ဘက် သုတေသန၊ ဖွံ့ဖြိုးရေးနှင့် အင်ဂျင်နီယာ ဌာနချုပ်မှ သိပ္ပံပညာဆိုင်ရာ အကြံပေး ဗိုလ်မှူးကြီး ကားလ်ဘောဂျက်စ်က ပြောကြားခဲ့သည်။

၎င်းက "ဒါဟာ ခေတ်သစ် သံချပ်အကာအကွယ် ဝတ်စုံပါ။ ဆက်သွယ်ရေးအတွက် အင်တင်နာတွေ ပါမယ်။ အာရုံခံ ထောက်လှမ်းစနစ်တွေ ပါလာမယ်။ ဝတ်စုံမှာ ဒါတွေ အားလုံးကို အဆင်ပြေပြေ ဝင်ဆံ့အောင် တပ်ဆင်သွားမှာပါ"ဟုလည်း ရှင်းပြခဲ့သည်။ အမေရိကန် စစ်တပ်မှ တပ်ကြပ်ကြီး ခရစ်ဖာရစ်က "ဒီလို ဝတ်စုံမျိုးကို လုပ်ငန်းစုကြီး တစ်ခုတည်းက တာဝန်ယူ ဖန်တီးဖို့တော့ မဖြစ်နိုင်လောက်ဘူး"ဟု မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့်လည်း အမေရိကန် အစိုးရသည် စစ်ရေး အထောက်အပံ့ ပေးနေသည့် ကုမ္ပဏီများ၊ သိပ္ပံအကယ်ဒမီကြီးများ၊ တစ်ဦးချင်း ပညာရှင်များကို စုရုံးတိုင်ပင်ကာ ကဏ္ဍအလိုက် ပူးပေါင်းပေးရန် တောင်းဆိုခဲ့သည်။ ဥပမာအားဖြင့် မက်ဆာချူးဆက် နည်းပညာ ဌာန (MIT)သည် ဝတ်စုံ၏ ဒီဇိုင်းတည်ဆောက်မှု အပိုင်းအတွက် အဓိက တာဝန်ယူထားသည်။

MITသည် လတ်တလောတွင် အရည်ဝတ်စုံ တစ်မျိုးကို စမ်းသပ်လျှက် ရှိသည်။ သာမန်အားဖြင့် ယင်းဝတ်စုံသည် ပျော့ပြောင်းသည့် အရည်ဓာတ် အဖြစ်သာ ရှိနေမည် ဖြစ်သော်လည်း လျှပ်စစ်စွမ်းအင် ထောက်ပံ့ခြင်း၊ သို့မဟုတ် သံလိုက်စက်ကွင်းတစ်ခု သက်ရောက်စေခြင်းဖြင့် မာကျောကြံ့ခိုင်သည့် သံချပ်ဝတ်စုံ တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားမည် ဖြစ်သည်။ MITမှ ပရော်ဖက်ဆာ ဂါရတ်သ် မက်ကင်လေက NPRနှင့် အင်တာဗျူးတွင် မိမိတို့၏ စိတ်ကူးမှာ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားဆန်ဆန် ဖြစ်နေလိမ့်မည်ဟု ပြောကြားခဲ့သည်။ "ပြောရရင် Iron Manလိုပေါ့ဗျာ"ဟု ၎င်းက ဆိုသည်။၎င်းက "ဟိုးအရင် Alien ဇာတ်ကားထဲမှာ ဆီဂေါ်နီဝီဗာ ဝတ်ခဲ့တဲ့ ဝတ်စုံမျိုးကိုလည်း ဥပမာ ပေးနိုင်လိမ့်မယ်။ စက်ရုပ်ကြီးတစ်ရုပ်ထဲမှာ လူကဝင်ပြီး ထိန်းချုပ်ရတာမျိုးလေ။ လှုပ်ရှားလို့ရတယ်၊ လူတစ်ယောက် မသယ်နိုင်တဲ့ အလေးချိန်မျိုးကို သယ်ဆောင်နိုင်တယ်။ အခြေခံ သဘောတရား အရတော့ ကျွန်တော်တို့ စိတ်ကူးထားတဲ့ ဝတ်စုံနဲ့ တူပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ အမေရိကန် စစ်တပ်သည် Talos ဝတ်စုံများကို လာမည့် (၃)နှစ်အတွင်း စစ်မြေပြင်တွင် စတင်အသုံးပြုနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

ညဥ့်နက်ပိုင်း လူစိမ်းတစ်ဦး နေအိမ်ပေါ်ရှိ ထုတ်တန်းပေါ်မှ ခုန်ဆင်းဓါးဖြင့် ထိုးသူကို ဓါးကိုလုပြီး ပြန်လုံးတိုက်ခိုက်ခုခံနိုင်ခဲ့သည့် ယဉ်ကျေးမှုတက္ကသိုလ်၊ ဂီတပညာအထူးပြုကျောင်းဆင်း မသဇင်

Posted by drmyochit Saturday, October 12, 2013, under | No comments


အင်မတန်သတ္တိကောင်းတဲ့ ညီမငယ်တစ်ဦးပါ... ကျနော်တို့အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်က ဂီတပညာအထူးပြုနဲ့ကျောင်းဆင်းခဲ့သူတစ်ဦးပါ။

ဖြစ်စဉ်ကတော့ ည ၂နာရီ ၃နာရီခန့် မှာမိုးတွေရွာတော့ နောက်ဖေးတံခါးကို ပိတ်ဖို့အသွား မီးဖိုခန်းထဲမှာ လူစိမ်းတစ်ယောက်က ထုတ်တန်းပေါ်ကဆင်း ဓါးနဲ့ထိုးတာပါ လည်ပင်းကို စထိုးမိပါတယ် သတ္တိကောင်းတဲ့ ညီမက အဲဒီလူလက်ထဲကဓါးကိုလုပြီး ပြန်လုံးပါတယ်။

မျက်နှာကို တစ်ချက်ထပ်ထိပါတယ် လူစိမ်းက ဓါးနဲ့ကြိမ်ဖန်များစွာထိုးသော် လည်း ညီမက ပြန်လည်ခုခံ ကာကွယ် ခဲ့တဲ့အတွက် အရမ်းထိခခိုက်တာမျိုးမဖြစ်ခဲ့ပါဘူး။

နောက်ဆုံးဓါးသွားကွတ်ထွက်ပြီး၊ လူစိမ်းကို ညီမက ပြန်ချုပ်ထားနိုင်ခဲ့ပြီး အော်ဟစ်အကူအညီတောင်းတော့မှ တခြားသူတွေရေက်လာပြီး လူစိမ်းကို ရဲစခန်းပို့နိုင်ခဲ့ပါတယ်။

ခုလောလောဆယ်တော့ရန်ကုန်ဆေးရုံကြီး အခန်း ၈ မှာ ဆေးကုသခံယူလျက်ရှိပါတယ်။ ယဉ်ကျေးမှုတက္ကသိုလ်ဆင်း ညီမငယ်တစ်ဦးအတွက် ကျနော်တို့ TOGETHER ညီအကိုမောင်နှမများသွားရောက် ကူညီစောင့်ရှောက်ခဲ့ကြပါတယ်။

Posted From Ogre MoodTOGETHER network

ဆက်စပ်သတင်း (Mizzima - News in Burmese)

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမျိုးသမီးအား ဓါးဖြင့်ထိုး
********************************************************

ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၇ မိနစ်

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည်
နေအိမ်တွင် သူငယ်ချင်းမိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် မိုးရွာသဖြင့် နေအိမ်ရှေ့ ၀ရန်တာတွင် လှန်းထားသည့်အ၀တ်များအား သိမ်းဆည်းပြီး အခန်းတံခါးများပိတ်ကာ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲအားထွက်ဆိုထားသည်။

ထိုအချိန်တွင် မသိင်္ဂီတို့အိပ်ခန်းပေါ်ရှိ အုတ်ဘောင်ပေါ်တွင် အမည်မသိ လူတစ်ဦး ဒူးထောင်ထိုင်နေ သည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်ဟုလည်း ဆိုထားသည်။ ထိုအခါ အဆိုပါလူငယ်က မသဇင်တို့၏ နေအိမ် အတွင်းမှ ယုဆောင်ထားသည့် အရိုးအသွား ကိုးလက်မရှိ၊ အနက်ရောင်ကော်ရိုးတပ် စတီးဓားပြားဖြင့် ထိုးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် မသဇင်တွင် ယာပါးပြတ်ရှ၊ ယာညှပ်ရိုးပြတ်ရှ၊ ယာဒူးပွန်းစုတ်ဒဏ်ရာများရရှိကာ ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။

ဓားဖြင့် ထိုးခဲ့သူမှာ မျိုးဇော် (၁၉)နှစ်၊ ပုံနှိပ်စက်ကိုင်၊ IME ကုမ္ပဏီ၊ တိုက်(၈)၊(ပ)၊ အင်းစိန်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်ဖြစ်သူဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းကိုအရေးယူပေးရန် မသဇင်က အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၅၂ဖြင့် တရားစွဲတင် မည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

Mizzima - News in Burmese

Pills and ovarian cancer ကိုယ်ဝန်တားဆေးနဲ့ မျိုးဥအိမ်-ကင်ဆာ

Posted by drmyochit Saturday, October 12, 2013, under | No comments


Pills lower ovarian cancer risk ကိုယ်ဝန်တားဆေးဟာ မျိုးဥအိမ်-ကင်ဆာ ဖြစ်မှာကို လျှောနည်းစေတယ်

Combined oral contraceptive pill ဟော်မုန်း ၂ မျိုးတွဲပါတဲ့ လူအများဆုံးသုံးနေကြတဲ ကိုယ်ဝန်တား (တနေ့ ၁ လုံး၊ တလ ၂၈ လုံး) စားဆေးကို လေ့လာချက်ကနေ ထွက်လာတဲ့ နောက်ထပ် ရလဒ်တခုဖြစ်ပါတယ်။ ၁ဝ နှစ်သောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ Ovarian cancer မျိုးဥအိမ်-ကင်ဆာ ဖြစ်မှာကို ထက်ဝက် သက်သာတာ တွေ့ရတယ်လို့ ၂၅-၁ဝ-၂ဝ၁၁ ဆေးပညာသတင်းအရ သိလာရပါတယ်။

ဒါပေမဲ့ Breast cancer ရင်သား-ကင်ဆာ ဖြစ်တာတော့ ပိုများစေနိုင်တယ်။ ကိုယ်ဝန်တားဆေး ၁ဝ နှစ်တာ သောက်ခဲ့တဲ့ အမျိုးသမီးပေါင်း တသိန်းထဲမှာ ရင်သား-ကင်ဆာ ပိုဖြစ်တာ အယောက် ၅ဝ ပိုပြီး၊ မျိုးဥအိမ်-ကင်ဆာ ဖြစ်တာ ၁၂ ယောက် လျှော့နည်းတာ တွေ့ရတယ်။

အရင် သုတေသနတွေက ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်စေကြတဲ့ ကိုယ်ဝန်-တားဆေးတွေနဲ့ ကိုယ်ဝန် ဆောင်တာတွေဟာ ကင်ဆာနဲ့ ဘယ်လို ဆက်စပ်သလဲ ဆိုတာတွေကို လေ့လာခဲ့တယ်။

(နယူးကပ်စ်တယ်လ်) တက္ကသိုလ်၊ မြောက်ပိုင်း ကင်ဆာ သုတေသနဌာနက ဒေါက်တာ အဒ်မွန်ဆန်ကနေပြောတာက "ဒီတွေ့ရှိချက်ကနေ အမျိုးသမီးတွေကို ပိုပြီး သိစေလိုက်တာက တားဆေးတွေဟာ ကိုယ်ဝန်ကို တားပေးနိုင်တာအပြင် မျိုးဥအိမ်-ကင်ဆာ ဖြစ်မှာကို ပါ နည်းစေတယ်။ ဒါပေမဲ့ ရင်သား-ကင်ဆာ ဖြစ်စေနိုင်တာနဲ့တော့ ချိန်ဆရပါလိမ့်မယ်။"

ဒီလေ့လာမှုဟာ European Prospective Investigation of Cancer (EPIC) မှာ စာရင်းသွင်းပြီး အမျိုးသမီး စုစုပေါင်း ၃ သိန်းကျော်ကို ပြုလုပ်ခဲ့တာပါ။ တားဆေးထဲမှာ Oestrogen (အီစထိုဂျင်) နဲ့ Progestogen (ပရိုဂျက်စတိုဂျင်) ဟော်မုန်း ၂ မျိုးပါတယ်။ ဒီဆေးမျိုး ၁ဝ နှစ်ကြာသုံးသူတွေမှာ ဆေး ၁ နှစ်လောက်သာ သုံးသူတွေထက် မျိုးဥအိမ်-ကင်ဆာ ဖြစ်စေမှာ နည်းကြတာတွေ့ရတာ ဖြစ်ပါတယ်။ လေ့လာသူတွေ ပြောတာထဲမှာ နောက်တချက်က ကိုယ်ဝန်ဆောင်၊ ကလေး မွေးရရင်လဲ မျိုးဥအိမ်-ကင်ဆာ ဖြစ်မဲ့ အခွင့်အလမ်းကိုပါ နည်းစေတယ်။ ကလေးများလေး၊ နည်းလေ။

ဒါပေမဲ့ ကလေးနို့တိုက်တာနဲ့ ဆက်စပ်မှုကိုတော့ အထောက်အထား မတွေ့ဘူးလို့လဲ အခုသုတေသီတွေက ဆိုပါတယ်။ တခြား လေ့လာမှုတွေ့တော့ အဲလိုဖြစ်စေနိုင်တယ်လို့ တွေ့ထားပါတယ်။

Ovarian cancer မျိုးဥအိမ်-ကင်ဆာဟာ အဖြစ်မနည်းပါ။ (ယူကေ) မှာ နှစ်တိုင်း ၆၅ဝဝ ယောက် တွေ့နေရပါတယ်။ ဆရာဝန်တွေက အသက်အရွယ်၊ မျိုးဗီဇချို့ယွင်းချက်၊ လူအလွန်ဝတာ၊ ဆေးလိပ်သောက်တာစတဲ့ အကြောင်းတရားတွေနဲ့ ဆက်စပ်မယ်လို့ ယူဆကြတယ်။

(အောက်စ်ဖို့ဒ်) တက္ကသိုလ်က ကင်ဆာသုတေသနဌာနက Naomi Allen ပြောတာကတော့ မျိုးဥအိမ်-ကင်ဆာ ဆိုတာ သိအောင်လုပ်ရတာ မလွယ်ဘူး။ ဒါ့ကြောင့် အမျိုးသမီးတွေကို အသက်ကယ်ဘို့ရာ မဖြစ်အောင် ကာကွယ်တာက ပိုအရေးကြီးတယ်။ ဒီတွေ့ရှိချက်က အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ တားဆေး သောက်ရတာနဲ့ ကလေးယူရတာ ၂ မျိုးလုံးကနေ မျိုးဥအိမ်ကင်ဆာဖြစ်မှာကို နည်းစေတယ်လို့ မသိကြလို့ပါဘဲ။

အဲဒီဌာနက ကျန်းမာရေး သတင်းဌာနက Sara Hiom ပြောတာက "မျိုးဥအိမ်-ကင်ဆာကို စောစောသိရင် စောစော ကုသတာ ကောင်းပါတယ်" လို့။ ဗိုက်အောက်နေရာမှာ နာတာ၊ ဗိုက်ဖေါင်းလာတာ၊ အစာမကျေသလိုနေတာ၊ အစာများများ စားမရတာ၊ ဗိုက်ကယ်နေတာဆိုတာတွေဖြစ်ရင် သတိထားရပါမယ်။ ဒီလက္ခဏာတွေ စဖြစ်လာမယ်၊ ကြာလဲကြာမယ်ဆိုရင် နှေးမနေပါနဲ့ ဆေးစစ်ပါ။ နောက် သုတေသနသစ်တခု အဆိုအရ ကိုယ်ဝန်တား စားဆေးသစ်တွေဟာ သွေးခဲစေတာ ပိုဖြစ်စေနိုင်တယ်။ ဒိန်းမတ်နိုင်ငံ (ကိုပင်ဟေဂင်) တက္ကသိုလ်က သုတေသန လုပ်သူတွေရဲ့ တွေ့ရှိချက်အရ တားဆေးတွေထဲမှာ Drospirenone, Desogestrel နဲ့ Gestodene တွေပါနေရင် သွေးခဲစေဘို့ရာ နှစ်ဆဖြစ်နိုင်တယ်။ လက်ရှိ သုံးနေကြတား Levonorgestrel နဲ့ ယှဉ်ပြောတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ Ecee2 အပါအဝင် အမျိုးမျိုးသော အရေးပေါ် ကိုယ်ဝန်တားဆေးတွေနဲ့ Contraceptive implant ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း ဖြစ်တယ်။

အချက်အလက်တွေ -
- ဟော်မုန်း ၂ မျိုးပါ ကိုယ်ဝန်တား စားဆေး ၁ နှစ်အထိသာသောက်သူ အမျိုးသမီး တသိန်းထဲမှာ မျိုးဥအိမ်-ကင်ဆာဖြစ်နိုင်တာ ၂၈ ယောက်ရှိတယ်။
- ဟော်မုန်း ၂ မျိုးပါ ကိုယ်ဝန်တား စားဆေး ၁ဝ နှစ်အနည်းဆုံးသောက်သူ အမျိုးသမီး တသိန်းထဲမှာ မျိုးဥအိမ်-ကင်ဆာဖြစ်နိုင်တာ ၁၅ ယောက်ရှိတယ်။
- ကိုယ်ဝန် တခါမှမဆောင်ဘူးတဲ့ အမျိုးသမီး တသိန်းထဲမှာ မျိုးဥအိမ်-ကင်ဆာဖြစ်နိုင်တာ ၃၄ ယောက်ရှိတယ်။
- ကိုယ်ဝန် အနည်းဆုံးတခါဆောင်ဘူးတဲ့ အမျိုးသမီး တသိန်းထဲမှာ မျိုးဥအိမ်-ကင်ဆာဖြစ်နိုင်တာ ၂၄ ယောက်ရှိတယ်။

၁၇-၈-၂ဝ၁၁ ဆေးပညာသတင်းတခုအရ မျိုးဥအိမ်-ကင်ဆာကို သွေးစစ်တာနဲ့ သိနိုင်စရာ အလားအလာ ရှိတယ်လို့ ပါရှိတယ်။ အမေရိကန် သုတေသနသမားတွေကနေ မျိုးဥအိမ်ကင်ဆာ လူနာရဲ့သွေးထဲမှာ Marker antibody (အင်တီဘော်ဒီ) တမျိုးတွေ့လာလို့ ဒီလို ပြောနိုင်တာပါ။ နေကောင်းနေတဲ့ အမျိုးသမီးတွေမှာ အဲဒါမရှိဘူး။ (ရှီကာဂို) Rush University Medical Center က အဖွဲ့တခုကနေ လုပ်တဲ့ စမ်းသပ်မှု ဖြစ်ပါတယ်။

မျိုးဥအိမ်-ကင်ဆာ (ဆဲလ်) တွေရဲ့ မျက်နှာပြင်မှာ Mesothelin ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ကို တွေ့ရှိလို့ပြောနိုင်တာပါ။ စမ်းသပ်သူ အမျိုးသမီးတွေထဲက ၁၅၂ ယောက်က ကျန်းမာသူတွေ၊ ၁ဝ၉ ယောက်က ကလေးမရနိုင်သေးသူတွေ၊ ၂၈ ယောက်က မျိုးဥအိမ်ကင်ဆာရှိသူတွေနဲ့ ၂၄ ယောက်က ကင်ဆာမဟုတ်တဲ့ အကျိတ်ရှိသူတွေ ဖြစ်ကြတယ်။

ဒီ (အင်တီဘော်ဒီ) ဟာ မျိုးဥအိမ်-ကင်ဆာ ရှိသူအများစုမှာရော မျိုးဥအိမ်ကြောင့် ကလေးမရနိုင်သေးသူတွေရော သွေးထဲမှာ ရှိနေကြတယ်။ ကျန်းမာနေတဲ့ အမျိုးသမီးတွေမှာတော့ မရှိပါ။ ကင်ဆာ မဟုတ်တဲ့ မျိုးဥအိမ် အလုံး ရှိသူတွေမှာလဲ မရှိကြပါ။

အခုတွေ့ရှိချက်က အရေးပါတယ်။ ဘာလို့လဲဆိုတော့ မျိုးဥအိမ်-ကင်ဆာကို စောစောမသိနိုင်တာမို့ သေဆုံးမှုနှုန်း မြင့်နေလို့ပါဘဲလို့ သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာ (လူဘော်စကီ) ကပြောပါတယ်။

ကောက်ချက်ချရရင် ကိုယ်ဝန်တခါဆောင်ဘူးသူရင် အပျိုကြီးတွေထက် မျိုးဥအိမ်ကင်ဆာဖြစ်မှာ သက်သာတယ်။ လူအများသုံး၊ ဟော်မုန်း ၂ မျိုးတွဲပါ၊ တနေ့ ၁ လုံး၊ တလမှာ ၂၈ လုံးသောက်ရတဲ့ တားဆေးတွေက အရေးပေါ် တားဆေးတွေထက် မျိုးဥအိမ်ကင်ဆာ အဖြစ်နည်းတယ်။ ရင်သားကင်ဆာဖြစ်မှာတော့ ပိုများတယ်။

Dr. တင့်ဆွေ

မဖွယ်မရာ ပါတီပွဲ ဗီဒီယိုကိစ္စ ချက်သမ္မတ၏ သမီးဖြစ်သူ ဖြေရှင်းနေရ

Posted by drmyochit Saturday, October 12, 2013, under | No comments

This summary is not available. Please click here to view the post.

တာ့ဂ်ျမဟာရှေ့ အပြုအမူများအတွက် မယ်စကြာဝဠာ တောင်းပန်

Posted by drmyochit Saturday, October 12, 2013, under | No comments


အိုလီဗီရာသည် မယ်စကြာဝဠာများ တာဝန်ယူရသည့် အစဉ်အလာအတိုင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာလှည့် သွားလာရင်း ဒေလီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တာ့ဂ်ျမဟာ အဆောက်အအုံကြီးရှေ့ ကန့်သတ်နေရာတွင် ခွင့်ပြုချက် မရှိဘဲ ကြော်ငြာဓာတ်ပုံ ရိုက်ခဲ့ရာ၌ စော်ကား လိုသည့် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါကြောင်း မယ်စကြာဝဠာဆုရှင် အိုလီဗီရာ ကူလ်ပိုက ပြန်လည် တောင်းပန်ခဲ့သည်။ အမေရိကန် နိုင်ငံကို ကိုယ်စားပြုပြီး (၂၀၁၂)ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲ၏ သရဖူကို ဆောင်းနိုင်ခဲ့သည့် အသက်(၂၁)နှစ်အရွယ် အလှမယ်သည် အိန္ဒိယသို့ သွားရောက်လည်ပတ်ရင်း တာ့ဂ်ျမဟာရှေ့ တွင် မယ်စကြာဝဠာ အဖွဲ့အစည်းအတွက် ကြော်ငြာ ဓာတ်ပုံများ အရိုက်ခံခဲ့သည်။ အိုလီဗီရာသည် မယ်စကြာဝဠာများ တာဝန်ယူရသည့် အစဉ်အလာအတိုင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာလှည့် သွားလာရင်း ဒေလီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ UNESCOက ကမ္ဘာ့ အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ထားသည့် တာ့ဂ်ျမဟာ ဂူဗိမာန်ကြီး ရှေ့ဘက်ရှိ ခုံတန်းတွင် အိုလီဗီရာက ဖိနပ်ကြော်ငြာ တစ်ခုအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ပြီး ယင်းနေရာကို အခွင့်မရှိဘဲ ဓာတ်ပုံမရိုက်ရန် ကန့်သတ်ထားသည်။

ထိုခုံသည် (၁၉၉၂)ခုနှစ်က ဗြိတိသျှ အိမ်ရှေ့စံမင်းသား ချားလ်စ်ကို လက်ထပ်ခဲ့ရသည့်အတွက် စိတ်ပျက်ဝမ်းနည်းမှုကို လှစ်ဟပြသည့် အနေဖြင့် မင်းသမီး ဒိုင်ယာနာ တာ့ဂ်ျမဟာသို့ သွားရောက် လည်ပတ်ခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့ဖူးသည့် နေရာလည်း ဖြစ်သည်။ ဒိုင်ယာနာ ထိုင်ခုံဟု အမည်ပေးထားသော နေရာတွင် ဓာတ်ပုံရိုက်ရန်အတွက် အိန္ဒိယ ရှေးဟောင်း သုတေသန ဌာန၏ ခွင့်ပြုချက် လိုအပ်သော်လည်း ယင်းကို မျက်ကွယ်ပြုခဲ့ခြင်းသည် စော်ကားမှု တစ်ခုဟု အိန္ဒိယ မီဒီယာများက ရေးသားခဲ့သည်။ ဒေလီ ရဲတပ်ဖွဲ့ကလည်း မိမိတို့သည် အဆိုပါ ဖြစ်စဉ်အပေါ် အလေးအနက် စုံစမ်းနေကြောင်း ပြောဆိုခဲ့သည်။

အိန္ဒိယနွယ်ဖွား တစ်ဦးဖြစ်ပြီး Jonas Brothers အဖွဲ့နှင့်အတူ AIDS တိုက်ဖျက်ရေး (၁၀)ရက်ကြာ ခရီးစဉ်အဖြစ် ဒေလီသို့ ရောက်ရှိခဲ့သည့် အိုလီဗီရာက ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး "ကျွန်မအနေနဲ့ စော်ကားချင်တဲ့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့တာကို လူတွေ နားလည်ကြပါစေလို့ မျှော်လင့်ပါတယ်။ ကျွန်မ ဆိုလိုချင်တာက ခုချိန်မှာ ကျွန်မဟာ မယ်စကြာဝဠာ အဖွဲ့အစည်းရဲ့ ဝန်ထမ်း တစ်ဦးသာ ဖြစ်ပါတယ်။ ကျွန်မကို ရည်ညွှန်းပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ရပါတယ်။ အိန္ဒိယကို ကိုယ်စားပြုဖို့ဆိုရင် တာ့ဂ်ျမဟာထက် ပိုကောင်းတဲ့ ပြယုဂ် မရှိနိုင်ဘူးလို့ အဖွဲ့အစည်းက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ လုပ်ရပ်က ကြီးမားတဲ့ စော်ကားမှုလို ဖြစ်သွားတယ် ဆိုရင်တော့ ကံမကောင်းလို့ပါပဲ။ ရိုးရိုးသားသား ပြောရရင်တော့ ကျွန်မလုပ်ရပ်က ရည်ရွယ်ချက် လုံးဝ မပါခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။

မယ်စကြာဝဠာ အဖွဲ့အစည်းကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ တာ့ဂ်ျမဟာမှ ကြော်ငြာဓာတ်ပုံ ကဏ္ဍသည် စီးပွားရေးအတွက် အသုံးပြုရန် ရည်ရွယ်ချက် မရှိကြောင်းနှင့် မရိုမသေပြုမှု မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။ "အဖွဲ့အစည်းအနေနဲ့ ရည်ရွယ်ချက် မပါခဲ့ပေမယ့် ထိခိုက်မှု တစ်ခုခု ခံစားရသူတိုင်းကို လေးလေးနက်နက် တောင်းပန်ချင်ပါတယ်"ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အစောပိုင်းက အိန္ဒိယ မီဒီယာများက စည်းမျဉ်းချိုးဖောက်မှုကြောင့် တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားပါက အိုလီဗီရာ အနေဖြင့် ထောင်ဒဏ်(၂)နှစ်ထိ ဖြစ်စေ၊ ရူပီးငွေ (၁)သိန်းထိဖြစ်စေ ကျခံရနိုင်ကြောင်း ရေးသားခဲ့ကြသည်။ အိုလီဗီရာသည် Jonas Brothers အဖွဲ့မှ နစ်ခ်ဂျိုနက်စ်နှင့် ချစ်သူများ ဖြစ်နေပြီး ဒေလီသို့ မလာရောက်မီ နစ်ခ်၏ မွေးနေ့ကို လာ့စ်ဗီးဂက်စ်တွင် အတူတကွ ဆင်နွှဲခဲ့ကြသည်။

From:Planet Myanmar Network

အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ်

Posted by drmyochit Saturday, October 12, 2013, under | No comments

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက် ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ် ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်း ချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလား အလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်း ရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာ လုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ဤမေးခွန်းများအပေါ် လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုက ဘာလဲ။

ကွန်မြူနစ်နိုင်ငံတွေနဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ ကြီးမားတဲ့သဘော ကွဲလွဲမှုမရှိတော့ဘူး။ အခု အဲဒီလို သဘော ကွဲလွဲမှုက မွတ်ဆလင် အကြမ်းဖက်သမား တွေကတစ်ဖက် ယူအက်စ်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေက တစ်ဖက် အကြားမှာရှိနေတာ။ ဆင့်ပွားတိုက်ပွဲ ကတော့ စစ်သွေးကြွ အစ္စလာမ္မစ်နဲ့ စစ်သွေးကြွမဟုတ်တဲ့ ခေတ်သစ်ဝါဒီ အစ္စလာမ်တွေကြားက တိုက်ပွဲပဲ။ လူမှုဖွံ့ဖြိုး တိုးတက်မှုသမိုင်းမှာ အရင်က ရင်မဆိုင်ခဲ့ဖူးတဲ့ အခြေအနေသစ် တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ကျွန်တော်တို့မှာ တခြားသူတွေ ထိခိုက်ပျက်စီးဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဖျက်ဆီးပစ်မယ့် လူတစ်စုရှိနေတယ်။ သူတို့အရင် ရှိခဲ့တာက တမီးလ်ကျားတွေ။ ဒါပေမဲ့ သူတို့က အခိုင်အမာရှိတဲ့ အကြောင်းပြချက် တစ်ခုအတွက် တိုက်ခဲ့ကြတာ။ သီရိလင်္ကာက တမီးလ်တွေ နေစရာကိုယ်ပိုင် ဒေသတစ်ခုရဖို့ အတွက်ပဲ။ အခုဟာက ဘာသာရေးခံယူချက်က ပေါက်ဖွားလာတဲ့ တခြား အကြောင်းပြချက် တစ်ခုအတွက်၊ အစ္စလာမ်အတွက် တိုက်နေကြတာ။

အယ်လ်ကေဒါစတိုင် အကြမ်းဖက် ဝါဒက တစ်ကမ္ဘာလုံးအနှံ့ ပျံ့တာကြောင့် ဆန်းသစ်ပြီး တစ်မူထူးတယ်။ မော်ရော့ကို နိုင်ငံက အဖြစ်အပျက်တစ်ခုဟာ အင်ဒိုနီးရှား မှာရှိတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ ဆန္ဒဇောကို လှုံ့ဆွပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံးက ဒီအစွန်းရောက်သမား ပေါင်းစုံ တွေထဲမှာ တူညီတဲ့ တစ်ယူသန် အစွဲကြီးစိတ် ရှိတယ်။ ဒီအစ္စလာမ္မစ် အကြမ်းဖက်ဝါဒတွေ တစ်ဟုန်ထိုး အုံကြွလာတာကို နှိမ်နင်းဖို့က နှစ်ပေါင်း အတော်ကြာလိမ့်မယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဒီအကြမ်းဖက်သမား တွေလက်ထဲ ဖျက်အားပြင်း လက်နက်တွေ ရောက်သွားမယ့် အန္တရာယ် ရှိနေတယ်။ ဒီလို သာရောက်သွားခဲ့ရင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်။ ရန်လိုတဲ့ နိုင်ငံတွေရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒါကြောင့် ရပ်ဆိုင်းပစ်ရ မယ်။ သူတို့ သိုလှောင်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကိုလည်း သိမ်းရမယ်။

အစ္စလာမ်က ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ပြိုင် ရက်ဒီကယ် အစ္စလာမ်ဆိုတဲ့ အစ္စလာမ်ဝါဒက ပြဿနာ။ ရေနံနဲ့ မရောယှက်တဲ့ အစ္စလာမ် ဝါဒက အန္တရာယ် ပေးနိုင်တယ်။ ဒါပေမဲ့ အစ္စလာမ်ဝါဒ အပေါင်း ရေနံကတော့ အန္တရာယ်ပေးဖို့ လွယ်ကူတဲ့ အရောအဖက် ဖြစ်သွားပြီ။ အစ္စလာမ်ဝါဒအပေါင်း ရေနံ အပေါင်း ဖျက်အားပြင်းလက်နက် ညီမျှခြင်း အန္တရာယ်ပဲ။ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန်နိုင်ငံက ပထဝီနိုင်ငံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းပစ်လိမ့်မယ်။ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း နျူကလီးယားလက်နက် ရချင်လာကြလိမ့်မယ်။ WMD (ဖျက်အားပြင်းလက်နက်) အတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ အကြမ်းဖက် သမားတွေလက်ထဲ ရောက်သွားမယ့် အခွင့်အလမ်း တွေလည်း ပိုများလာလိမ့်မယ်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ မွတ်ဆလင်တွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်ဆလင် တွေကြားမှာ အနောက်က သူတို့အပေါ် နှိမ့်ချ ဆက်ဆံခဲ့တာ ကြာလှပြီ။ အခု သူတို့ခေတ် ရောက်ပြီလို့ အလေးအနက် ယုံကြည်နေကြတယ်။ ၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အာရပ်မျိုးနွယ်လုံး ဆိုင်ရာ အမျိုးသားရေးဝါဒက မွတ်ဆလင်ကမ္ဘာ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်မပေးနိုင်တော့ အစ္စလာမ် အစွဲသန်စိတ်က ညီညွတ်အောင် ပေါင်းစည်းပေးမယ့် တခြားရွေးစရာ အင်အား တစ်ခုဖြစ်လာခဲ့တယ်။

အောင်မြင်မှု သိပ်မရကြသူတွေ အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့စိတ်၊ အပယ်ခံစိတ်တွေပေါ် မှီပြီး စစ်သွေးကြွအစ္စလာမ်က ရှင်သန်တာ။ ဒါ့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက အားဖြင့် ယူအက်စ်က ဦးဆောင်ပြီး မောင်းနှင်တာ ဆိုတော့ စစ်သွေးကြွအစ္စလာမ်က အမေရိကားနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်လိုက်ကြတယ်။ အမေရိကားက အစ္စရေးကို အခိုင်အမာ ထောက်ခံတာကလည်း သူတို့စိုးရိမ် ထိတ်လန့်စိတ်ကို ဆွပေးနေတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းပြီးသွားရင်တောင် အကြမ်းဖက်ဝါဒက ဆက်ရှိနေဦးမှာ။

အစ္စရေးနိုင်ငံ ထူထောင်လိုက် ကတည်းက အရှေ့အလယ်ပိုင်း အာရပ်တွေက သူတို့ စာသင်ကျောင်းတွေ၊ ဘာသာရေး ကျောင်းတွေ၊ ဗလီတွေမှာ ဂျူးမုန်းတီးရေး၊ အစ္စရေးမုန်းတီးရေးကို သင်ပေးနေ ခဲ့ကြတာ။ ဒါကို အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေထဲ အင်အားကြီးမားတဲ့ အစ္စရေးရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထပ်တလဲလဲပြနေတဲ့ မီဒီယာပုံရိပ်တွေနဲ့ မကြာခဏ အားဖြည့်ပေး ကြတယ်။ ကွက်တိကွက်ကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အနှစ် ၄၀ နောက်ပိုင်းမှာ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားလောက်တဲ့ အစ္စလာမ် လူမှုအဖွဲ့အစည်းဟာ အနောက် အထူးသဖြင့် အမေရိကားကြောင့် ဆုတ်ယုတ်သွားပြီး အမေရိကားရဲ့ လိင်မှုကိစ္စလော်လီတဲ့ ယဉ်ကျေးမှုကြောင့် ဖောက်ပြန် ပျက်စီးသွားပြီ ဆိုပြီး အာရပ်တွေ ဒေါသထွက် အရှက်ရကြတယ်။
ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းသွားရင် အစွန်းရောက်တွေ အတွက် အလွယ်တကူ လှုံ့ဆော်စည်းရုံးစရာ အချက်တစ်ခု လက်လွတ်သွားမယ်။ ဒါပေမဲ့ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်သွေးကြွ အုပ်စုတွေ ကျရှုံးသွားတာ မတွေ့ရသေးရင် အာရပ်မဟုတ်တဲ့ မွတ်ဆလင်ကမ္ဘာက ဂျမားအစ္စလာမီယားနဲ့ တခြားစစ်သွေးကြွ အုပ်စုတွေက အစွန်းရောက်တွေ စုဆောင်းတာ ဆက်လုပ်နေကြဦးမှာပဲ။ အစ္စရေး- ပါလက်စတိုင်း ပြေငြိမ်းမှု ရသွားရင်တောင်မှ အာရပ်မဟုတ်တဲ့ မွတ်ဆလင်တွေကို တစ်ယူသန်ဝါဒနဲ့ စစ်သွေးကြွလှုပ်ရှားမှုဟာ အောင် မြင်ဖို့ အလားအလာ မရှိကြောင်း ရှင်းရှင်းလင်းလင်း လက်တွေ့ပြသနိုင်အောင် ယူအက်စ်နဲ့ သူ့အနောက်တိုင်း မဟာမိတ်တွေက အစ္စလာမ် စစ်သွေးကြွဝါဒကို စီးပွားရေး၊ စစ်ရေးအပြင် တခြားနည်းလမ်း တွေနဲ့ပါ အသေအချာ ချေမှုန်းပစ်ရမယ်။

အရှေ့တောင်အာရှက အစ္စလာမ်ရဲ့ သဘောသဘာဝက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ ပြောင်းလဲသွားခဲ့တယ်။ ပထမဦးဆုံး ၁၉၇၃ ခုနှစ်တုန်းက ရေနံဈေးလေးဆ တက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံက တစ်ကမ္ဘာလုံးမှာ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်ပေးပြီး ဘာသာရေးဆရာတွေ လစာထောက်ပံ့တဲ့ သာသနာပြု လှုပ်ရှားမှုကို ရက်ရက်ရောရော ငွေကြေးပံ့ပိုး ပေးခဲ့တယ်။ အဲဒီနောက် ၁၉၇၉ ခုနှစ် အီရန်မှာ ရှားဘုရင်ကို ဖယ်ရှား ပစ်လိုက်တာက အစ္စလာမ်ရဲ့ ပါဝါအပေါ် မွတ်ဆလင်တွေ ယုံကြည်သက်ဝင်ကြပုံကို အကြီးအကျယ် သြဇာ သက်ရောက်ခဲ့တယ်။

နောက်ဆုံးအနေနဲ့ ၁၉၈၀ ပြည့်နှစ်တွေ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အာဖဂန်နစ္စတန် ဂျီဟတ်စစ်ပွဲကို အရှေ့တောင်အာရှက မွတ်ဆလင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြ တဲ့အတွက် အရှေ့တောင်အာရှ မွတ်ဆလင် အတော်များများ အစွန်းရောက်တွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ဆီက မွတ်ဆလင်တွေကို "ခင်ဗျားတိုလိုက်နာတဲ့ ဘာသာရေး ကျင့်စဉ်တွေက ဘာကြောင့်အလွန်အမင်း စည်းကမ်းကြီးလာကြတာလဲ" လို့ မေးတဲ့ အခါ သူတို့ကဖြေတယ်။ "ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ပညာပိုတတ်တယ်။ ဒီတော့ ဘယ်ဟာကို လိုက်နာစောင့်ထိန်း ကြရမယ်ဆိုတာ ပိုသိတယ်" ဒါပေမဲ့ ဒီ့ထက် အရေးပါတဲ့ အကြောင်းရင်းက မွတ်ဆလင် ကမ္ဘာရဲ့ အချက်အချာမှာရှိတဲ့ ဘာသာတူတွေရဲ့ ဖိအားပဲ။ ဗလီတွေ၊ မဒရာဆာ ဘာသာရေးကျောင်းတွေ၊ ဘာသာရေးဆရာ တွေကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရန်ပုံငွေ တွေကြောင့် ကမ္ဘာအနှံ့ ဘာသာရေးစိတ် ပြင်းပြမှုတွေ တိုးလာတာနဲ့အမျှ အဲဒီလူတွေ အားလုံးက အသင့်အနေအထားနဲ့ နိုးကြား နေကြတယ်။ အဲဒီနောက် စိတ်ဇောသန်သူ တွေထဲက တချို့ကို ဂျီဟတ်စစ်သည်တွေ ဖြစ်လာအောင် အစွန်းရောက် ရယ်ဒီကယ် တွေက အပိုင်စီး ထိန်းထားလိုက်ကြတယ်။ အယ်လ်ကေဒါနဲ့ သူတို့ဒေသခံ အစွန်းရောက် တွေက ဗလီတွေမှာ သူတို့ကိုယ်ပိုင် ဘာသာရေး သင်တန်းတွေအတွက် သင့်တော်မယ် ထင်တဲ့သူ လူသစ်တွေ စုဆောင်းကြတယ်။
ဒီသင်တန်းတွေမှာ ကမ္ဘာအနှံ့ အဖိနှိပ်ခံ မွတ်ဆလင်တွေ အတွက် တိုက်ပွဲဝင်ဖို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင် အားလုံးရဲ့တာဝန်ဖြစ်တယ်။ လိုအပ်ရင် ဒီအရေးအတွက် အသက်ပေးပြီး အာဇာနည်တွေ လုပ်ကြရမယ်လို့ သင်ကြားကြတယ်။

အရှေ့တောင်အာရှမှာ မွတ်ဆလင် တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး။ သူတို့က စိတ်အေးလက်အေး ရှိတယ်။ ပေါင်းရသင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကျော်အတွင်း ရေနံအကျပ်အတည်း ဖြစ်ကတည်းက ရေနံဒေါ်လာတွေက မွတ်ဆလင်ကမ္ဘာမှာ အဓိကသြဇာ သက်ရောက်တဲ့ အချက်ဖြစ်လာတယ်။ အစွန်းရောက်တွေက ဘာသာရေး သိမ်းသွင်းတာတွေ လုပ်ခဲ့ကြတယ်။ ဝါဟာဘီဝါဒကို သင်ကြားပေးတဲ့ ဗလီတွေ၊ ဘာသာရေး ကျောင်းတွေ ဆောက်ခဲ့ကြတယ်။ တရားဟော ဆရာတွေ စေလွှတ်ခဲ့ကြတယ်။ ညီလာခံတွေ ကျင်းပခဲ့ကြတယ်။ ကမ္ဘာအနှံ့ ဖြန့်တာ ကွန်ရက်ဖွဲ့တာတွေ လုပ်ခဲ့ကြတယ်။
(တန်ဖိုးအဆင့်သတ်မှတ်တဲ့) ရွှေစံချိန်က ဆော်ဒီအာရေးဗီးယား ဖြစ်တယ်။ ဆော်ဒီအာရေးဗီးယား ဟာ တကယ့်အစစ်အမှန် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အရှေ့တောင်အာရှ မွတ်ဆလင်တွေ တကယ်တော့ ကမ္ဘာ တစ်ဝန်းလုံး မွတ်ဆလင်တွေကို တဖြည်းဖြည်းနဲ့ လက်ခံ ယုံကြည်လာအောင် လုပ်ခဲ့ကြတယ်။

ဘာသာပြန်သူ - ကောင်းထက်ဝင်း (ရန်ကုန်တက္ကသိုလ်)
The Voice Weekly

လက်ချောင်းများဆုံးရှုံးခဲ့ရသည့်အလုပ်သမား နစ်နာကြေးဘတ်၎သိန်းရရှိ

Posted by drmyochit Saturday, October 12, 2013, under | No comments


အောက်တိုဘာ ၁၁ ရက်
မင်းဘခက်

ထိုင်းနိုင်ငံဘန်ကောက်မြို့ ဖက်ကဆင် ၆၃လမ်းတွင်ရှိသောစက္ကူသေတ္တာအလုပ်ရုံတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသော မြန်မာအလုပ် သမား တစ်ဦး  အလုပ်သမားအရေးကူညီသူများ၏ ကူညီ မှုကြောင့် နစ်နာ ကြေးဘတ်  လေးသိန်းကျော် ယမန်နေ့ကရရှိသွားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မကျည်း ကျွန်းကျေးရွာမှ ဦးအောင်တင်+ဒေါ်သန် တို့၏  သား အသက် ၂၇ နှစ်အရွယ် ကိုမင်းစိုးသည်၂၀၁၃ခု ဇန်န၀ါရီလ ၈ ရက်နေ့ည ၇နာရီခွဲအချိန် အလုပ် လုပ်နေ စဉ် မမျှော်လင့်ပဲ ဘယ်ဘက်လက်ဝါးပြင် အလယ်မှ ပြတ်ထွက်သွားခဲ့သည်။

ကိုမင်းစိုး က “ကျနော်  ဆေးရုံက ဆင်လာပြီးတော့ ဘယ်မှာ အကူညီတောင်းလို့တောင်းရမှန်း မသိဖြစ် နေတာ။ ဖေဖေါ်ဝါရီလ မှာ ကူညီရေးဆရာတော် ဦးဇောတိက  က MATအဖွဲ့ ဖုန်းနံပါတ်ကိုပေး တယ်။ စုစုပေါင်း ဘတ်ငွေ လေးသိန်းတိတိ တစ်ခါတည်းရရှိခဲ့ပါတယ်။ ကူညီပေးကြတဲ့သူတွေ အားလုံး ကိုကျေးဇူးတင်ပါတယ်” ဟုပြောသည်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်FED မှ ရှေ့နေအဖွဲ့နှင့် ဘန်ကောက်မြို့ အခြေစိုက်ထိုင်း နိုင်ငံရောက်မြန် မာနိုင်ငံ သားများအဖွဲ့MAT တို့ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။


MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း  က “ ကျနော်တို့  ရှေ့နေရှေ့ရပ်တွေနဲ့ အလုပ်လုပ် လာနိုင်တာ အလုပ်သမားတွေအတွက် ကံကောင်ြး ခင်းပေါ့နှော။ ဒီကိစ္စက အလုပ်သမားရုံးမှာရှင်းတာ သူဌေးက တစ်ပြားမှ မပေးဘူး။ တရားရုံးကြီးအထိရောက်သွားတာ။ ဒါကြောင့်လည်း အချိန်တွေ အများကြီးကြာ သွားခဲ့တယ်။  ဒီအလုပ်သမားမှာ  ပတ်စပို့နဲ့ ၀တ်ပါမစ်ရှိတယ်။ ပကာစာခွန်းလုပ်ထားတာမရှိသလို  ဘဏ့် အကောင့်လုပ်ထားတာမရှိလို့ ဒီလောက်ပဲရတာပါ” ဟုပြောသည်။

တရားရုံးကို အောက်တိုဘလ ၁ ရက်နေ့က ၀မ်းလန်းဖုန်း လိုင်းငန်ကင်း တရားရုံးကြီးမှာ ဆုံးဖြတ်ချက် ချခဲ့ကြခြင်းဖြစ်သည်။


ရွှေလုပ်သား      

ကမ္ဘာကြီး ဟန်ချက် ပျက်ဦးမည်လော

Posted by drmyochit Saturday, October 12, 2013, under | No comments


အောက်တိုဘာ ၁၂။

သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ ၂၈၈၀ ပြည့်နှစ် မတ်လ ၁၆ ရက်တွင် ကမ္ဘာကြီးကို အလွန်ကြီးမားသည့် ဂြိုဟ်ငယ်တစ်ခုက တစ်နာရီလျှင် ၃၈၀၀၀ မိုင်နှုန်းဖြင့် အရှိန်ပြင်းပြင်း ၀င်ဆောင့်ရန်အလားလားရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဆယ်စုနှစ် အနည်းငယ်ကြာလျှင် ကမ္ဘာပျက်မည့် ကောလဟလာများ ထွက်လာလေ့ရှိသည်။ Y2K ကိစ္စ၊ မာယာပြက္ခဒိန် အရှုတ်တော်ပုံများတွင် ဇာတ်သိမ်းခန်း၌ ရယ်ဖွယ်ဖြစ်ရပ်များနှင့်သာ အဆုံးသတ်လေ့ရှိ ခဲ့သည်။ သို့သော် သဘာဝဘေး အန္တရာယ်များမှာမူ ထိုသို့ မဟုတ်ပေ။ AD 1950 ပြည့်နှစ် ဖေဖော်ဝါရီလ ၂၃ရက်က အလားတူ ဂြိုဟ်သိမ်တစ်ခု ကမ္ဘာကို ၀င်တိုက်ခဲ့ဖြင့် ပြောင်းလဲမှုများ ဖြစ်ခဲ့သည်။

ယခု ဂြိုဟ်ငယ်မှာမူ လမ်းကြောင်းမပြောင်းခဲ့လျှင်၊ ဖျက်ဆီးမှု ကြိုတင် မပြုနိုင်ခဲ့လျှင်၊ ပညာရှင်တို့ ခန့်မှန်းချက်သာ မှန်ကန်ခဲ့လျှင် လက်ရှိ ကမ္ဘာကြီးသည် 0.3 % အထိ ပြောင်းလဲမှုများနှင့် ကြုံတွေ့ရဖွယ် ဖြစ်သည်။ အကြောင်းမှာ ယင်းဖြစ်စဉ်သည် ၄၄၈၀၀ မီဂါတန်မျှရှိသော ဗုံးတစ်လုံး ပေါက်ကွဲသည့် နှယ် အဖျက်စွမ်းအား ကြီးမားသော ကြောင့် ဖြစ်သည်။

ယခုဂြိုဟ်ငယ်၏ အချင်းသည် တစ်မိုင်၏ သုံးပုံနှစ်ပုံခန့်အထိ ကြီးပြီး စက္ကန့်တွင် ၉မိုင်နှုန်းဖြင့် ချည်းကပ်လျှက် ရှိသည်။

Ref; Mail-online(UK)
The Myanma Age

တတိယလိင် အလှမယ် တစ်ဦးဖြစ်တဲ့ သညာမောင် ၀င်ပြိုင်မည့် MISS INTERNATIONAL QUEEN 2013 တွင် ရေကူး ၀တ်စုံဖြင့်ပါ ယှဉ်ပြိုင် ရမည်ဟုဆို

Posted by drmyochit Saturday, October 12, 2013, under | No comments



ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေ၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည့် MISS INTERNATIONAL QUEEN 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တတိယလိင် အလှမယ်အဖြစ် သညာမောင်က ပထမဆုံး ဝင်ရော က် ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ အသက် ၂၉ နှစ် အရွယ်ရှိ သညာမောင်သည် ကရင်ပြည်နယ် မိကရင်ရွာ တွင် မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂၀၀၇ ခုနှစ်တွင် စတင် ရောက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီတခုတွင် စတင် အလုပ်ဝင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်း တခု၌ အလုပ် လုပ်ကိုင်ကာ BA. ENGLISH မေဂျာဖြင့် ပညာသင်ယူဆဲ ဖြစ်ကြောင်း သိရသည်။ သညာမောင်၏ MISS IN TERNATOINAL QUEEN 2013 ပြိုင်ပွဲဝင်မည့် ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။ ။ MISS INTERNATIONAL QUEEN ပြိုင်ပွဲဝင်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲ။

ဖြေ။ ။ ပြိုင်ပွဲဝင်တွေရဲ့ အဓိက အရေးအကြီးဆုံးက ယောက်ျားဘဝကနေ မိန်းကလေး တယောက် ဘဝ ကို လုံးဝ ပြောင်းလဲထားတဲ့သူ တယောက် ဖြစ်နေရမယ်၊ မိန်းကလေး တယောက်ရဲ့ အသွင်ပုံစံ အပြည့် ရှိ နေရမယ်၊ လူမှု ဆက်ဆံရေး လည်း ကောင်းမွန် နေရမယ်။

မေး။ ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တတိယလိင် အလှမယ် တယောက်အဖြစ် ဘာကြောင့် ပြိုင်ပွဲဝင် ဖြစ် ခဲ့တာလဲ။

ဖြေ။ ။ အစတုန်းကတော့ ပြိုင်ပွဲဝင်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူး။ စိတ်လည်း မဝင်စားဘူး။ ဘာလို့လဲ ဆိုတော့ တချို့ သူတွေလိုမျိုး ကိုယ့်ကို နောက်ခံ ထောက်ပံ့ပေးမယ့် စပွန်ဆာတွေလည်း မရှိဘူးလေ၊ ဒါပေမယ့် သူ ငယ်ချင်းတွေကမြန်မာပြည် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်သင့်တယ်လို့ အကြံပေးကြတယ်။ အစ်မရဲ့ ရုပ်ရည် နဲ့ ဆိုရင်လည်း ဖြစ်နိုင်တယ်လို့ ဝိုင်းပြီး အကြံပေးကြတာနဲ့ လျှောက်လွှာ တင်ဖြစ်ခဲ့တယ်။ နောက်တော့ေ လျှာက်လွှာတင်တဲ့ အယောက် ၈၀ ကျော်ထဲက၃၀ ပြန်ရွေးတဲ့ အထဲမှာ ကိုယ် က အရွေးခံရတယ်ဆိုတော့ အံ့သြသွားတယ်၊ ပြီးတော့ ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသွားတယ်။

မေး။ ။ ပြိုင်ပွဲဝင်ဖို့ စပြီး လျှောက်ခဲ့တဲ့တုန်းက အတွေ့အကြုံ ပြောပြပေးပါလား။

ဖြေ။ ။ ပြိုင်ပွဲဝင်ဖို့ လျှောက်လွှာတင်တော့ အင်တာဗျူး လုပ်ရတယ်၊ အဲဒီမှာ အစ်မက မြန်မာပြည် ကိုယ် စားလှယ်အနေနဲ့ ပထမဆုံး ပြိုင်တဲ့သူ တယောက် ဖြစ်နေတယ်။ ပြိုင်ပွဲဝင်ရတဲ့ အကြောင်းရင်းကို မေးတော့ မြန်မာနိုင်ငံမှာ ကျားမ ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတာရယ်၊ ပြည်သူလူထုရဲ့ တတိယလိင်တွေ အပေါ် လက်မခံနိုင်သေးတဲ့ အမြင်တွေကို ပညာပေးချင်တဲ့ သဘောပေါ့။ ပြီးတော့ ဆုရဖို့ကိုလည်း မမျှော်မှန်း ထား ပါဘူးလို့ အင်တာဗျူးတော့ လူကြီးတွေကို အစ်မ ပြောပြဖြစ်ခဲ့တယ်။

မေး။ ။ တတိယလိင်တယောက် အနေနဲ့ အခုလို မယ်ပြိုင်ပွဲဝင်ဖို့ လုပ်တော့ ဝေဖန်ခံရတာတွေ၊ အားပေး မှုတွေ ဘယ်လိုရှိလဲ။

ဖြေ။ ။ အစ်မရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ FACEBOOK စာမျက်နှာမှာတော့ ပရိသတ်တွေက ကွန်မန့်တွေ ပေး ကြတယ်။ အမျိုးဘာသာကို ဖျက်တယ်၊ လုံးဝ လက်မခံနိုင်ဘူး ဆိုတာမျိုးတွေ ဝေဖန်ခံရတယ်။ ဒါပေမယ့် အစ်မက အကောင်းမြင် ဝါဒီသမား တယောက်အဖြစ် ခံယူထားတဲ့သူ ဆိုတော့ သူတို့တွေရဲ့ ဝေဖန်မှုေ တွ ကို ကောင်းတဲ့ ရှုထောင့်ကနေ မြင်လိုက်တယ်။ မကောင်းတဲ့ အပိုင်းတွေရှိသေးရင် ကိုယ်က ပြုပြင်လိုက်တ ယ်။ အားပေးတာတွေ ကတော့ တော်တော်လေး များတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံတွင်းကရော၊ နို င်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ ရောပေါ့ ပြိုင်ပွဲဝင်တာကို အားပေးကြတယ်။

မေး။ ။ ဒါဆိုရင် နိုဝင်ဘာ ၁ ရက်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ကိုရော ဘာတွေ ပြင်ဆင်ပြီး ထား ပြီးလဲ။

ဖြေ။ ။ ပြိုင်ပွဲဝင်ဖို့ အတွက်ကတော့ လောလောဆယ်မှာ ရေကူးဝတ်စုံတွေ အများကြီး ပြင်ဆင်နေတယ်။ မြန်မာဝတ်စုံတွေနဲ့ ညနေခင်း ဝတ်စုံတွေလည်း အစ်မရဲ့ ဒီဇိုင်နာဆီမှာ ချုပ်နေတယ်။ TALENT SHOW အတွ က်ကိုတော့ ကရင်ဒုံးယိမ်းအက ကဖို့ ပြင်ဆင်နေတယ်၊ လေ့ကျင့်နေတယ်။ အစတုန်းကတော့ မြန်မာအကေ လး ကချင်ခဲ့တာပါ။ ဒါပေမယ့် ဝတ်စုံတွေ ရှာဖို့ ခက်တယ်လေ။

မေး။ ။ ပြိုင်ပွဲဝင်မယ် ဆိုတုန်းက စပွန်ဆာပေးဖို့ ကမ်းလှမ်းခံရသေးလား။

ဖြေ။ ။ ပြည်တွင်းမှာက အစ်မရဲ့ အသိမိတ်ဆွေ သိပ်ပြီးတော့မရှိဘူး။ သူငယ်ချင်း တယောက်ကတော့ အစ်မရဲ့ အတွေ့အကြုံ တွေကို အင်တာဗျူး လာလုပ်ပြီး စပွန်ဆာ ပေးဖို့ကမ်းလှမ်းပေမယ့် အဲဒီ တယောက် ကလည်း အခုထိ အကြောင်းမပြန် တော့ပါဘူး။

မေး။ ။ အခုလို ပြိုင်ပွဲဝင်မှာကိုရော မိဘတွေက သဘောတူရဲ့လား။

ဖြေ။ ။ ဝင်ပြိုင်မယ် ဆိုတာကို မိဘတွေက မသိသေးဘူး။ ဒါပေမယ့် သတင်းတွေက ထွက်သွားတော့ အိ မ်က ဖုန်းဆက် လာတယ်။ အစ်မရဲ့ အမေကတော့ အကောင်းဘက်က မြင်ပေးပေမယ့် သူ့စိတ်ထဲမှာ သိပ် ပြီးတော့ လက်မခံသေးဘူး။ ဆုံးမသင့်တာ ဆုံးမတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ ရှိတဲ့ တတိယလိင် တွေအတွက် အခွင့်အလမ်းတွေ နည်းနေသေးတာ၊ လူတွေလ က်မခံနိုင်သေးတာ ကိုရော ဘယ်လိုခံစားရလဲ။

ဖြေ။ ။ အစ်မရဲ့ အတွေ့အကြုံအရ ဆိုရင်တော့ တည်တည်တံ့တံ့ နေနိုင်တဲ့သူနဲ့ မနေနိုင်တဲ့ သူတွေရှိ တ ယ်။ ကိုယ်လို လူမျိုးတွေ ဆိုတာက ဒီလိုမျိုးဘဝနဲ့ နေထိုင်တာဆိုတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာလေးနဲ့ အိနြေ္ဒ ရ ရလေး ရှိနေစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တတိယလိင်တွေက ကိုယ်တိုင်ကိုယ်ကျ ပွင့်ပွင့်လင်းလ င်းနဲ့ ဆုံးဖြတ်နိုင်ရမယ်။ ဒီလိုမျိုး တတိယလိင် ဘဝကို ခံယူလိုက်မယ်ဆိုရင် ခံနိုင်ရည်ရှိရဲ့လားဆိုတာကို ကို ယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်၊ ကောင်းတဲ့သူ တယောက်အဖြစ် လူမှုအဖွဲ့အစည်းကို အထောက်အကူ ပြုနို င် မလား၊ ပတ်ဝန်းကျင်က လူတွေ လက်ခံနိုင်မလား ဆိုတာတွေအရေးကြီးတယ်။

မေး။ ။ သညာမောင်အနေနဲ့ တတိယလိင်ဘဝကို စပြီး ပြောင်းလဲလိုက်တုန်းက ဘယ်လိုမျိုး အခြေအနေ တွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ။ ။ အခက်အခဲတွေကတော့ အများကြီးရှိခဲ့တယ်၊ အိမ်က လုံးဝလက်မခံဘူး၊ အကြီးအကျယ် ပြဿနာ တက်ခဲ့ရတယ်။ အိမ်ကို ပြန်မလာနဲ့လို့ နှင်ထုတ်ခံခဲ့ရတယ်။ အရင်က ကိုယ့်ကို ရိုသေလေးစားခဲ့တဲ့ သူတွေက ရှိန်သွားတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို တဖြည်းဖြည်း သိလာတော့ ပြန်ပြီး လက်ခံပေးလာတယ်။

မေး။ ။ တတိယလိင် ဘဝရဲ့ အားသာချက်နဲ့ အားနည်းချက်ကရော ဘာတွေဖြစ်မလဲ။

ဖြေ။ ။ အစ်မတို့လိုမျိုး လူတွေရဲ့ အားသာချက်ကတော့ စိတ်ဓာတ်ကြံ့ခိုင်လာတယ်။ ဒီလိုဘဝကို ပြောင်း မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တွေးရတယ်လေ။ ဒီလိုဘဝမှာ ကြံ့ကြံ့ခံနိုင်ရဲ့လား၊ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပြီးမှ ခွဲစိတ်ပြုပြင်ကြရတာလေ။ အားနည်းချက်ကတော့ များေ သာအားဖြင့် ပတ်ဝန်းကျင်က သိပ်ပြီးတော့ လက်မခံကြဘူး။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင် တွေ့တာနဲ့ ဟာ သတခုလို မြင်ကြတယ်။ အလုပ်ကိစ္စနဲ့ တနေရာရာကို သွားလို့ အမျိုးသားတွေနဲ့ တွေ့ရင် သူတို့က ကိုယ့်ကို ရှိန်နေတတ်ကြတာမျိုးတွေ ကြုံတွေ့ရတယ်။

မေး။ ။ တတိယလိင်တယောက် ဖြစ်တဲ့ သညာမောင်ရဲ့ ခံယူချက်ကရော။

ဖြေ။ ။ အစ်မကတော့ အရာရာတိုင်းကို ကြံ့ကြံ့ခိုင်ပြီး ကိုယ့်လမ်းကို လျှောက်နေတယ်၊ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်။ အစ်မမြင်နေတာက မြန်မာလူမျိုးတွေ မှာတင် မဟုတ်ဘဲ နိုင်ငံတကာမှာပါ တတိ ယလိင်ဆိုတဲ့ သူတချို့က ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားကြတာများတယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေချင် ဘူး။ ဒါကြောင့်မို့လို့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တန်ဖိုးရှိလာအောင်၊ အကျိုးရှိလာအောင် ကူညီသွားမယ်လို့ စဉ်းစားထားတယ်။

BY THE IRRAWADDY

ကိုးလအတွင်း တရုတ်သို့ ဇနီးမယား အဖြစ် လူကုန်ကူးမှု ၄၂ ခုဖြစ်ပွား

Posted by drmyochit Saturday, October 12, 2013, under | No comments

တရုတ်နိုင်ငံသို့ ဇနီးမယား
အဖြစ် ရောင်းစား လူကုန် ကူးမှု များ
 မဖြစ်ပွားစေရန် အသိ ပညာပေး
မှု များရှိ သော်လည်း
ဆင်းရဲမွဲတေ မှုနှင့် စီးပွားရေး
အဆင်မပြေမှုများကြောင့်
ထွက်ပေါက် ရှာကြသော
 မြန်မာအမျိုးသမီးငယ်
များမှာ ဇနီးမယား
အဖြစ် ရောင်းစားခံရ
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလ အထိ  ၉ လအတွင်း လူကုန်ကူးမှု စုစုပေါင်း  ၆၉ မှု ဖြစ်ပွား ခဲ့ပြီး ယင်းအမှုများ အနက် လူကုန်ကူးမှု ၄၂ မှုမှာ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် အဓမ္မ ထိပ်မြား လက်ထပ်ရန် ရောင်း စားမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရှိရသည်။

ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ၉ လ အတွင်း ဖြစ်ပွားသော လူကုန်ကူးမှုများ အနက်  ၆၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံ သို့ တရုတ်အမျိုးသားများ၏ ဇနီးမယား အဖြစ် ရောင်းစားမှုများနှင့် ရောင်းစားရန် ကြံစည်ကြိုးပမ်းမှုများ ဖြစ်နေပြီး  လူကုန်ကူးသူများသည် ယခင်က ကဲ့သို့ လိမ်လှည့်ဖြား လူကုန်ကူးခြင်း မဟုတ်ဘဲ တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ် သွားရောက်လျှင် ငွေကြေး အမြောက် အမြား ရရှိမည်ဟု ပေါ်တင် ပြောဆို စည်းရုံး လူကုန်ကူးခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရင်တုန်းကတော့ လူကုန်ကူးတဲ့ ပွဲစားတွေက လိမ်လည်ပြီးတော့ လူစုဆောင်းတယ်။ ဥပမာအားဖြင့် မူဆယ်ဘက်က အထည်ချုပ်စက်ရုံမှာအလုပ်ရမယ်။ ဆေးဆိုးပန်းရိုက် အလုပ်ရမယ်ဆိုပြီး ခေါ်သွားပြီးတော့မှ တရုတ်ဘက် ရောင်းစားတာ ပေါ့နော်။  အခုနောက်ပိုင်းကျတော့ ပွဲစားတွေက ပေါ်တင် စည်းရုံးတာ။ တရုတ် မယား လုပ်ရမယ်။ ၆ လ ပြည့်ရင် ပြန်လာ လို့ရတယ်။ ရွှေတွေ ဘယ်လောက်ဆင်ပေးမယ်။ အိမ်အတွက်ဘယ်လောက် ပေးမယ်ဆိုပြီးတော့ ဒါမျိုးတွေနဲ့ စည်းရုံး လာတယ်။ တကယ်တမ်းကျတော့ အဲဒါတွေက ဖြစ်မလာဘူး။ သွေးဆောင်ပြီးစည်းရုံးတာပေါ့”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

လူကုန်ကူးသူများသည် တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒေသများအပြင်  မြို့ပြ ဒေသကြီး များဖြစ်သည့် စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းကဲ့သို့သော  ဒေသများမှ အမျိုးသမီးငယ်များကို ပစ်မှတ် ထား သွေးဆောင် စည်းရုံးကြကြောင်း၊ မြန်မာအမျိုးသမီးများကို လူကုန်ကူးသူများတွင် တရုတ်နိုင်ငံမှ  တရုတ်အမျိုးသားနှင့် အိမ်ထောင် ကျနေသော  မြန်မာ အမျိုးသမီးများ ကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိကြောင်း သိရှိရသည်။

ယခု အောက်တိုဘာလ အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသမီးငယ် ၄ ဦးကို တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ်ရောင်းစားရန် ကြိုးပမ်းသည့် လူကုန်ကူးမှု ဖြစ်စဉ်  ၂ ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ် ၂ ခုစလုံးတွင် တရုတ်နိုင်ငံမှ တရုတ် အမျိုးသား နှင့်အိမ်ထောင်ကျနေသူ မြန်မာ အမျိုးသမီး ၂ ဦး ပါဝင်ပတ်သက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ထံမှ သိရှိရသည်။

အောက်တိုဘာလဆန်းပိုင်းဖြစ်ပွားခဲ့သော လူကုန်ကူးမှုဖြစ်စဉ်တွင်  ရန်ကုန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၃ ဦးကို ဒေါ်စောဥမ္မာ(ခ) မဥမ္မာဆိုသူက တရုတ်ပြည်တွင် အလုပ် ပေါ ကြောင်း၊ တရုတ်အမျိုးသားကို လက်ထပ်ယူလျှင် ကောင်းကောင်း မွန်မွန်နေရပြီး အပျိုဖြစ်စေ၊ အအိုဖြစ်စေ ကလေး ၁ ယောက် မွေးပေးပြီးလျှင် ရန်ကုန်ပြန်လာနိုင်ကြောင်း ပြောဆိုစည်းရုံးပြီး ခေါ်ဆောင်လာစဉ် မူဆယ်မြို့တွင် သက်ဆိုင်ရာက လူကုန်ကူးသူ မဥမ္မာကို  အောက်တိုဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ လူကုန်ကူးသူ မဥမ္မာသည် တရုတ် နိုင်ငံတွင်  တရုတ်နိုင်ငံသား ၀မ်ဝေဆိုသူနှင့် အိမ်ထောင်ကျထားသူဖြစ်ပြီး သား ၁ ဦး ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အလားတူ တရုတ်နိုင်ငံသား အမျိုးသားတဦးနှင့် အိမ်ထောင်ကျနေသူ မမြတ်စုမွန် (ခ) ပုံ့ပုံ့သည် မှော်ဘီမြို့နယ်မှ
မြန်မာ အမျိုးသမီးငယ်တဦးကို  ယွမ်ငွေ ၃ သောင်းဖြင့် တရုတ်ဇနီးမယား အဖြစ် ရောင်းစားရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီး  သက်ဆိုင်ရာက အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း၊ နမ္မတူမြို့နယ် ဆိုင်ဂျာရွာတွင်လည်း မြန်မာအမျိုးသမီးတဦးကို တရုတ် နိုင်ငံသား တဦးနှင့် အိမ်ထောင်ပြုထားသူ မြန်မာအမျိုးသမီးက ယွမ် ၃၆၀၀၀ ဖြင့် လူကုန်ကူး ရောင်းစားမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင်  လူကုန်ကူးခံထားရသော မြန်မာအမျိုးသမီးကို ကယ်ဆယ်နိုင်ရေး ရဲတပ်ဖွဲ့က ကြိုးစားဆောင်ရွက်နေ သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်အမျိုးသားက တရားမ၀င် ဇနီးမယားအဖြစ် ပေါင်းသင်းသော်လည်း  တရုတ်အမျိုးသမီးတဦး နှင့်တရားဝင်လက်ထပ်နိုင်သည့်အခါ ငွေဖြင့် ၀ယ်ထားသည့် မြန်မာ အမျိုးသမီး ကို  ဇနီးမယားလိုအပ်နေသော တခြား တရုတ်အမျိုးသားထံသို့  လက်ဆင့်ကမ်းရောင်းချမှုများရှိကြောင်း သိရှိ ရသည်။

“တရုတ်အမျိုးသားတွေက အများအားဖြင့်ကတော့ မြန်မာအမျိုးသမီးတွေကို သူတို့က ၀ယ်ထားတာလေ။ တရုတ် အမျိုးသမီးနဲ့ လက်မထပ်နိုင်သေးခင်မှာ  မြန်မာနိုင်ငံနဲ့နီးတဲ့ တရုတ်ပြည်နယ်စပ်က(သို့မဟုတ်) လာအိုနဲ့ နီးရင် လာအို ဘက်က အမျိုးသမီးတွေကို ပွဲစားတွေကနေ တဆင့်ဝယ်တယ်။ ၀ယ်ပြီးတော့ မယားအဖြစ်နဲ့ပေါင်းတယ်။ တကယ်လို့ သူတို့ တရုတ်အမျိုးသီး ဇနီး မယား ရပြီဆိုတာနဲ့ နောက် တရုတ်တယောက်ဆီကို  ထပ်ပြီးတော့ ရောင်းစားတာမျိုး တွေရှိ တယ်။ နေ့ခင်းဘက်မှာ သူတို့ တောင်ယာ လုပ်ငန်းခွင်တွေမှာ စေခိုင်းတာတွေရှိတယ်။ ညဘက်မှာ မယားအဖြစ်နဲ့ ပေါင်းတယ်။ လူကိုကျေးကျွန်သဖွယ် စေခိုင်းတာမျိုးဖြစ်နေတာပေါ့”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး နှိမ်နင်း ရေး အဖွဲ့မှ အရာရှိတဦးက ဆိုသည်။

ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ ဒေါ်စူဇန်နာလှလှစိုးက တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ရောင်းစား လူကုန် ကူးမှု များ မဖြစ်ပွားစေရန် အသိပညာပေးမှု များရှိသော်လည်း ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး အဆင်မပြေမှုများကြောင့်  ထွက်ပေါက်ရှာကြသော မြန်မာအမျိုးသမီးငယ်များမှာ ဇနီးမယား အဖြစ် ရောင်းစားခံရသော လူကုန်ကူးမှုများကို ကြုံတွေ့ရ ကြောင်း ပြောသည်။

“တရုတ်မှာ အမျိုးသမီးလိုအပ်ချက်က သန်း ၃၀ လောက်လိုတယ်လို့ သိရတယ်။ လိုအပ်ချက်များနေတော့ လူကုန် ကူးမှု တွေဖြစ်နေတာပဲ။ ကျမတို့ မြန်မာနိုင်ငံတခုတည်းမှမဟုတ်ဘူး။ လာအိုနဲ့ ထိုင်းနိုင်ငံနဲ့ တ ရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေ အားလုံးမှာ အမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားအဖြစ် ရောင်းစား ခံနေရတဲ့ လူကုန်ကူးမှုတွေ ဖြစ်နေတာပဲ´´ဟု ဒေါ်စူဇန်နာလှလှစိုးက ဧရာဝတီသို့ပြောဆိုသည်။

ဆလိုင်းသန့်စင်| ဧရာဝတီ

ဆူပူမှု ဖြစ်မည်စိုး၍ သံတွဲပဋိပက္ခ ဖမ်းဆီးထားသူများကို ထောင်ပြောင်း

Posted by drmyochit Saturday, October 12, 2013, under | 1 comment

နေအိမ်များ ဖျက်ဆီးခံရပြီးနောက် ငိုကြွေးနေကြသူများကို အောက်တိုဘာလ ၂ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – စိုးဇေယျထွန်း / Reuters)

ရခိုင်ပြည်နယ်၊ သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးထားသူများကို အောက်တိုဘာ ၁၇ ရက်နေ့တွင် တရားရုံး ထုတ်ရန် သတ်မှတ် ထားသော်လည်း ဒေသခံများ ဆူပူမှုဖြစ်မည်ကို စိုးရိမ်သောကြောင်း သံတွဲထောင်မှ ကျောက်ဖြူထောင် သို့ ယမန်နေ့ညက ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ထောင်ပြောင်းရာတွင် မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း မရှိကြောင်း ဖမ်းဆီး စစ်ဆေး ခံရသူ တဦးဖြစ်သည့် သံတွဲမြို့နယ်၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌ ဦးမောင်မောင် ပု၏ ဇနီးဖြစ်သူ ဒေါ်မမေနုက ဧရာဝတီသို့ ပြောသည်။

“ကျမတို့ သံတွဲထောင်ကို ဒီမနက်မှာ ထောင်ဝင်စာ သွားတွေ့တော့မှ သိရတယ်။ သူတို့ကို ကျောက်ဖြူထောင် ပြောင်းထားတယ်ဆိုတာ ဘာကြောင့် ပြောင်းတာလဲကိုလည်း မေးတော့ ရဲတွေက မသိဘူး ဆိုပြီး ဟိုလွှဲဒီလွှဲ လုပ်နေတယ်။ သံတွဲထောင်မှာဆို သူ့ကျန်းမာရေးကို မိသားစုက နီးတော့ ဂရုစိုက်ပေး လို့ ရသေးတယ်။ အခုက ကျောက်ဖြူထောင်ဆိုတော့ ထောင်ဝင်စာ ပေးဖို့တောင် မိသားစုမှာ သွားရေးလာရေး နဲ့ ကုန်ကျစရိတ်နဲ့ အခက်ခဲ ဖြစ်ရပြီ” ဟု ဒေါ်မမေနုက ဆိုသည်။

တခြား ဖမ်းဆီးခံရသူ တဦးဖြစ်သည့် ဦးဝင်းကိုလေး၏ ဇနီးဖြစ်သူ ဒေါ်တင်တင်ရီကလည်း ဖမ်းဆီးခံထားရသူများ၏ မိသားစုများအနေဖြင့် ရွှေ့ပြောင်းလိုက်သော ကျောက်ဖြူထောင်တွင် အကူအညီပေးသူများ မရှိလျှင် ထောင်ဝင်စာပို့ရန်ပင် အခက်တွေ့နိုင်ကြောင်း၊ သက်ဆိုင်ရာကလည်း အခြေအနေများကို အကြောင်းကြားခြင်း မရှိသောကြောင့် မည်သို့ ဆက်လုပ်ရမည်ကို မသိကြောင်း ပြောသည်။

“ကျမ အမျိုးသားက သံတွဲမှာ စဖြစ်တုံးကတည်းက ဘယ်နေရာမှာ ဘာဖြစ်နေတယ်၊ ကားထုတ်ပြီး လိုက်ခဲ့ပါဦးလို့ အုပ်ချုပ်ရေးပိုင်းကလူတွေပဲ ခေါ်လို့ သူတိုနဲ့ အတူလိုက်နေခဲ့တဲ့သူပါ။ သတင်း တိတိကျကျလည်း မဖော်ထုတ်နိုင်သေးဘဲနဲ့ အကုန်ဆွဲ ဖမ်းတဲ့ဆီမှာ ပါခဲ့ရတာ” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း သံတွဲပဋိပက္ခကြောင့် ထပ်မံ ဖမ်းဆီးမှုများ ရှိနေကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ လာရောက်ခေါ်သွားသည်၊ မည်သည့်နေရာတွင် ချုပ်ထားသည်ကိုလည်း စုံစမ်းမရ ဖြစ်နေသောကြောင့် ထပ်မံ ဖမ်းဆီးခံရသူများ၏ မိသားစုများက အထူးစိုးရိမ်နေကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ဗဟို ကော်မတီဝင် ဦးထွန်းရွှေက ဧရာဝတီသို့ ပြောသည်။

“ဟိုတလောလေးကလည်း ဘယ်သူ ဖမ်းသွားတယ် မသိဘဲ ပျောက်နေရာကနေ နောက်ဆုံး အလောင်းပဲ ပြန်တွေ့ခဲ့တာကြောင့် အခုလို ထပ်ဖမ်းတဲ့ဆီမှာ ဘယ်ကိုမှ စုံစမ်းမရတော့ မိသားစုတွေက စိုးရိမ်ကြတာပေါ့။ ဖမ်းတဲ့ဆီမှာလည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေ မပါဘဲ လမ်းသွားနေစဉ် ခဏလိုက်ခဲ့ပါဆိုပြီး အရပ်ဝတ်တွေနဲ့ ခေါ်သွားတာမျိုး ဖြစ်နေတယ်။ ဒီမနက်ပဲ သံတွဲမြို့ပေါ်က မိုးဝေဆိုတဲ့ လူငယ်တဦးကို ခေါ်သွားတယ်။ ပြီးခဲ့တဲ့နေ့ကလည်း ဇီးဖြူကုန်းဘက်မှာ ထပ်ဖမ်းခဲ့တယ်လို့ ကြားတယ်။ ဖမ်းမယ်ဆိုရင်လည်း တိတိကျကျနဲ့ တရားဝင် လုပ်တာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

သံတွဲဖြစ်ပျက်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးမည့်စာရင်းကို ကြိုတင် စီမံထားပုံရကြောင်း၊ ဖမ်းဆီးရာတွင်လည်း တရားဥပဒေနှင့် အညီ ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ ထင်ရာလုပ်နေသလို ဖြစ်ကြောင်း၊ သံတွဲအကျဉ်းထောင်သို့ မိမိသွားရောက်ကြည့်ရှုအပြီး ညတွင်းချင်း ထောင်ပြောင်းသည်ကို မေးခွန်းထုတ်စရာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဌ ဦးဇော်အေးမောင်က ဧရာဝတီသို့ ပြောသည်။

“ကျနော် ထောင်ထဲကို သွားတွေ့တုန်းက လူအများရှေ့မှာပဲ၊ ရဲရှိတယ်၊ အကျဉ်းဦးစီးက တာဝန်ရှိသူတွေလည်း ရှိတယ်။ ကျေးလက်ကလာတဲ့ လက်သမားဆရာနှစ်ယောက် ညှင်းပမ်းနှိပ်စက် ခံထားရတယ်။ တယောက်ဆိုရင် ခြေထောက်ကို အချက် ၅၀ လောက် ယောင်ကိုင်းနေအောင် ရိုက်ထားတာ။ လမ်းလျှောက်လို့ မရဘူး။ နောက်တယောက်က အချက် ၁၅၀ လောက် ရိုက်ခံရတယ်။ ခေါင်းကိုလည်း ၅ ချက်လောက် အရိုက်ခံရတဲ့အခါ မူးမေ့သွားတာဗျ။ လုပ်လိုက်တဲ့သူတွေတောင် လှန့်ဖြန့်သွားတဲ့အတွက် ဒီလိုလုပ်တယ်ဆိုတာ မပြောပါနဲ့လို့တောင် ပြောထားတယ်တဲ့” ဟု ဦးဇော်အေးမောင် ဆိုသည်။

ညှင်းပမ်းနှိပ်စက်ခံရသူများမှာ မည်သည့်မျိုးနွယ်စုများ ဖြစ်သည် ဆိုသည်ကိုမူ ဦးဇော်အေးမောင်က ပြောကြားခြင်း မရှိပေ။

လက်ရှိအချိန်အထိ သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးစစ်ဆေးနေသူ လူဦးရေ ၇၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများတွင် ရခိုင်တိုင်းရင်းသားများ၊ အစ္စလမ် ဘာသာဝင် ကမန်များလည်းပါကြောင်း၊ စုံစမ်းစစ်ဆေးဆဲ ကာလဖြစ်သောကြောင့် တိတိကျကျ မပြောနိုင်သေးကြောင်း၊ မကြာခင်အချိန်တွင် ပြည်နယ်အစိုးရ အနေဖြင့် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ကျော်တင့်က ဧရာဝတီသို့ ပြောသည်။

“သံတွဲထောင်ကနေ ကျောက်ဖြူထောင် ပြောင်းထားတယ်လို့ ကျနော်လည်း ကြားပါတယ်။ ဒါပေမယ့် အခုချိန်က တိတိကျကျ ပြောလို့မရသေးပါဘူး။ ဖမ်းထားတာတော့ လူမျိုးစု ၂ ခု စလုံးကိုပါ။ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု ဒုတိယ ရဲမှူးကြီး ကျော်တင့်က ဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သံတွဲမြို့  မြို့တော်ခန်းမ အနီးရှိ ဦးကျော်ဇံလှ ပိုင်ဆိုင်သော ငပလီ အထွေထွေ အရောင်းဆိုင်ရှေ့တွင် ကိုရဲသီဟ၏ သာသနာ့ အလံပါ သုံးဘီးဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခအချို့  ထပ်မံဖြစ်ပွားရာ နေအိမ်နှစ်လုံး မီးရှို့ခံရပြီး အိမ်ခြေ ၆၀ ၀န်းကျင် မီးလောင်ကျွမ်းကာ သေဆုံးသူ စုစုပေါင်း ၅ ဦး အထိရှိခဲ့ကြောင်း သိရသည်။

စနေလင်း|ဧရာဝတီ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ဘရူနိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

Posted by drmyochit Saturday, October 12, 2013, under | No comments




နေပြည်တော် အောက်တိုဘာ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ခွဲတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ခေတ္တ တည်းခိုသည့် အစိုးရဧည့်ဂေဟာ၌ ဂျပန်နိုင်ငံ NHK ရုပ်မြင်သံကြားမှ မြန်မာနိုင်ငံ ဌာနခွဲအကြီးအကဲ Mr.Jun Kobayashi အား လက် ခံတွေ့ဆုံပြီး တွေ့ဆုံမေးမြန်းခန်း အဖြစ် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းမှ အာရှဒေသအကြီးအကဲ Mr. Ono နှင့် ရန်ကုန်ဌာနခွဲမှ သ တင်းထောက် Mr.Igarashi တို့၏တွေ့ဆုံမေးမြန်းမှုနှင့် ပြည်တွင်း မီဒီယာ ဖြစ်သည့် Myanmar International TV ၏ တွေ့ဆုံမေးမြန်းမှုများကိုလည်း ပြန်လည် ဖြေကြားခဲ့ သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ တွင် ဘန်ဒါဆရီ ဘီဂါဝန်မြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူး လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာ လာရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းမှူး၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံရုံးယာယီ တာဝန်ခံ Ms. Syamim Nabilah Daud နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။




နိုင်ငံတော်သမ္မတရုံး

အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား

Posted by drmyochit Saturday, October 12, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန်လမ်းရှိ အိမ်အမှတ်(၁၅၇၈/ခ) နှစ်ခန်းတွဲနေအိမ်တွင်နေထိုင်သူ ဒေါ်သန်းမြိုင်(၆၇)နှစ်သည် အောက်တိုဘာ ၁၁ရက်၌ ၎င်း၏နေအိမ် နောက်ဖေးတွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံးနေသည်ကို ၎င်း၏ တူတော်စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏အဒေါ်အိမ်သို့လာရောက်စဉ် တွေ့မြင်ခဲ့ရသည်ဆို၏။

သေဆုံးသူဒေါ်သန်းမြိုင်နေထိုင်သော အိပ်ခန်းအတွင်းသို့ မွှေနှောက်ရှာဖွေခြင်းပြုလုပ်ခဲ့သည့် ပုံစံ လက်ရာများနှင့် နောက်ဖေးပြတင်း ပေါက်သံဆန်ခါမှာလည်း ချိုးဖောက်ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် ဆို၏။ အဆိုပါနေအိမ်သည် သေဆုံးသူမနေထိုင်မီ ယခင်နေထိုင်သူများရှိစဉ်ကပင် မကြာခဏ ဖောက် ထွင်းခံရသောအိမ်ဖြစ်ပြီး ဖောက်ထွင်းသည့်တရားခံကိုလည်း ယနေ့အထိ ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ယခု သေဆုံးသူရောက်ရှိ နေထိုင်ပြီးမှ ဇွန်လအတွင်းကလည်း ပထမအကြိမ်အဖြစ်ဖောက်ထွင်းခံရပြီး ကာလတန်ဖိုးကျပ် ၁၃သိန်းခန့် ဆုံးရှုံးခဲ့သည်ဆို၏။ သေဆုံးသူ ဒေါ်သန်းမြိုင်သည် အစိုးရဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) အပျိုကြီးဖြစ်ကာ ၎င်းသည် တစ်ဦးတည်းနေထိုင်မှုကိုသာ နှစ်ခြိုက် သည်ဆို၏။ အလောင်းကို မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ်-၁၈ ဖြင့်လက်ခံထားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၄၇/၂ဝ၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဆို၏။

ကောင်းထက်၊ မောင်မျိုး (၁၁-၁ဝ-၂ဝ၁၃)
-----------------------------------------------------
အောက်တိုဘာ ၁၂ ရက်ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၈၉)

ညောင်လေးပင်မှ တောင်ငူသို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ သယ်ဆောင်လာသည့် လမ်းကြောင်းကို စစ်ဆေးနေ

Posted by drmyochit Saturday, October 12, 2013, under | No comments

 (ဖြူးမြို့နယ် ဆက်သွယ်ရေးရုံး စာတိုက်ရှေ့တွင် မော်တော်ယာဉ်ပေါ်၌ တွေ့ရှိခဲ့သည့် ဗုံးကို သဲအိတ်များဖြင့် ကာရံ၍ စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်))

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ တောင်ငူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ ရှိမှုနှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင်လာသည့် လမ်းကြောင်း တစ်လျှောက်ကို ပိုက်စိပ်တိုက် စစ်ဆေးနေကြောင်း ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း တွင် ပြောကြားသည်။

အဆိုပါ ခရီးသည်ယာဉ် မောင်းနှင်ဖြတ်သန်းလာသည့် ညောင်လေးပင်၊ ကျောက်တံခါးနှင့် ဖြူးမြို့နယ်တို့မှ ရဲတပ်ဖွဲ့ ၀င်များ ပူးပေါင်း စစ်ဆေးနေကြောင်း သိရသည်။

''အဲဒီ ခရီးသည်တင်ယာဉ်က ညောင်လေးပင်ကနေ စထွက်ခဲ့တယ်။ ဖြူးမြို့နယ် ရောက်တော့မှ မသင်္ကာလို့ သက်ဆိုင်ရာကို အကြောင်းကြားတဲ့အခါ ဗုံးကို တွေ့ရှိခဲ့တယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က လမ်းတစ်လျှောက် ခရီးသည် အတက်အဆင်းတွေ များခဲ့တဲ့ အတွက် ခရီးသည်တွေကို သေသေချာချာ မမှတ်မိဘူး။ ဒါကို အမှန်ဆုံး စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အတွက် ယာဉ်ဖြတ်သန်းလာတဲ့ မြို့နယ်သုံးခုရဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ဆေးနေပါတယ်'' ဟု ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက်က ပြောကြားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဆက်သွယ်ရေး လုပ်ငန်းရှေ့ ရန်ကုန် -မန္တလေး လမ်းကြောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် လိုက်ထရပ် ခရီးသည် ယာဉ်ပေါ်မှ ပလတ်စတစ် အိတ်အတွင်း ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းလက်လုပ်ဗုံးကို အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများ လာရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။ ကျွန်တော်တို့ကားက ညောင်လေးပင်ကနေ မနက် ၆ နာရီ ၄၀ လောက်မှာ စထွက်လာတာ ကျောက်တံခါး မြို့အထိ ခရီးသည် သိပ်မပါဘူး။ ကျောက်တံခါးကနေ ဒီဘက် ဖြူးရောက်ခါနီးမှ ခရီးသည် များလာတာ ဖြူးရောက်တော့ ပစ္စည်းတွေ အတင်အချလုပ်ရင်း အဲဒီအထုပ်ကို တွေ့တာ ခရီးသည် တစ်ယောက်ယောက် ကျန်ခဲ့တာပဲဆိုပြီး ဒီအတိုင်း ပြန်ထားလိုက်တယ်။ နောက်တော့မှ မသင်္ကာလို့ဆိုပြီး အထုပ်ကို သေချာ ဖွင့်ကြည့်တော့မှ အထဲမှာ ပလပ်စတစ် အမည်းနဲ့ ထုပ်ထားတာကို တွေ့ရတာ'' ဟု ချိန်ကိုက်ဗုံးအား စတင်တွေ့ရှိခဲ့သူ ယာဉ်နောက်လိုက် ချစ်ကိုက ပြောကြားသည်။

''ဗုံးကတော့ လက်လုပ်ဗုံးလို့ ယူဆရတာပေါ့၊ ကျွန်တော်တို့က BE အဖွဲ့က လာရောက် မစစ်ဆေးခင် လုံခြုံရေး တာဝန်ယူ ထားရတာပေါ့ BE က တာဝန်ရှိတဲ့ သူတွေပဲ လာပြီးတော့ ပြည်သူတွေနဲ့ ဝေးတဲ့နေရာမှာ သွားရှင်းပစ်ပါတယ်'' ဟု ဖြူးမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းက အဆိုပါဗုံး တွေ့ရှိမှုအား ရှင်းလင်း ပြောကြားခဲ့သည်။

Eleven Media Group

ပျိုမေတို့ ရှောင်ရှားသင့်တဲ့ မှားယွင်းဖက်ရှင်ပုံစံများ

Posted by drmyochit Saturday, October 12, 2013, under | No comments



ဖက်ရှင်ကို ဦးစားပေးပြီး နေထိုင်ဝတ်ဆင်တတ်တဲ့ ဒီခေတ်ကြီးမှာ ကိုယ့်ရဲ့အ၀တ်အစား ဖက်ရှင်က ကိုယ်တိုင် သတိမထားလိုက်မိဘဲ တစ်ခါတလေ မှားယွင်းမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလိုဆိုရင်တော့ စိတ်ကသိကအောက် ဖြစ်ရပါလိမ့်မယ်။ အဓိကကတော့ ကိုယ်နဲ့လိုက် ဖက်ညီတဲ့ ဖက်ရှင်ကို ၀တ်ဆင်တတ်ဖို့နဲ့ မှားယွင်းတဲ့ ဖက်ရှင်တွေကို မဆင်မြန်းမိဖို့လည်း အရေးကြီးပြန်ပါတယ်။ ဒါကြောင့် ရှောင်ရှားရမယ့် မှားယွင်းဖက်ရှင်ပုံစံတချို့ကို တင်ပြလိုက်ပါရစေ။

(၁) စကတ်တိုတို ၀တ်ရင် သတိပြုစရာ။
        အခုခေတ် လူငယ်လေးတွေဟာ စကတ်တိုတို ကျပ်ကျပ်လေးတွေကို နှစ်သက်မက်မောစွာ ၀တ်ဆင်တတ်ကြပါတယ်။ ၀တ်ဆင်တဲ့အခါမှာလည်း လမ်းလျှောက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ ထိုင်နေတာပဲဖြစ်ဖြစ် စကတ်ဟာအပေါ်ကို လိပ်ပြီးတက် သွားတတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အရမ်းတိုလွန်းတဲ့ စကတ်တွေကို မ၀တ်ဆင်ပါနဲ့။ ကိုယ်တိုင်လည်း အနေရ၊ အထိုင်ရခက်သလို အများအမြင်မှာလည်း မတင့်တယ်ပါဘူး။

(၂) အတွင်းခံဝတ်ဆင်ရင် သတိပြုပါ။
        အနက်ရောင်အတွင်းခံကို ပါးလွှာအင်္ကျီမျိုးနဲ့ တွဲဖက်ပြီး မ၀တ်ဆင်ပါနဲ့။ ကြည့်ရတာ အမြင်ကို ဆိုးစေပါတယ်။ အရောင်ဖျော့ဖျော့အပေါ် အင်္ကျီနဲ့ အရောင်ရင့်ရင့်အတွင်းခံတို့ကို တွဲဖက်ဝတ်ဆင်ခြင်းမှ ရှောင်စေချင်ပါတယ်။ အရောင်ဖျော့ဖျော့၊ ပြောင်ထဘီ၊ စကတ်တွေဟာ အတွင်းက ၀တ်ဆင်ထားတဲ့ ဘောင်းဘီအရာထင်တာကို မြင်ရတတ်ပါတယ်။ အခြားသူတွေ အမြင်မှာကြည့်လို့ မကောင်းတာမို့ အရောင်ရင့်တဲ့ အတွင်းခံဘောင်းဘီနဲ့ အရောင်ဖျော့တဲ့ ထဘီ၊ စကတ်တို့ကို မ၀တ်ဆင်မိဖို့ သတိပြုသင့်ပါတယ်။

(၃) ခန္ဓာကိုယ်နဲ့အနေတော်ဖြစ်မယ့် အ၀တ်အစားမျိုးကို ၀တ်ဆင်ပါ။
        အချို့သူတွေဟာ အ၀တ်အစားဝယ်ရင် ရေရှည်အတွက်တွေးပြီး ၀ယ်ယူတတ်ကြပါတယ်။ လက်ရှိခန္ဓာကိုယ်အတိုင်းနဲ့ပဲ ၀ယ်ပါ။ နောင် ၀လာမှာပဲဆိုပြီး ဆိုဒ်ကြီးတဲ့ အင်္ကျီတွေဝယ်လာပြီး အခုဝတ်လိုက်တဲ့အချိန်မှာ ပွနေတော့ ကြည့်မကောင်းပါဘူး။

(၄) သူများဖက်ရှင်ကို အတုမခိုးပါနဲ့။
        ခြေထောက်သွယ်သွယ် သေးသေးလေးတွေဟာ ဘောင်းဘီ၊ စကတ်အတိုလေးတွေ ၀တ်ရင်လှပါတယ်။ သူများလှတာကို မျက်စိထဲမှာမြင်ပြီး ကိုယ်လည်း လှလိမ့်မယ်ထင်လို့လိုက် ၀တ်မိတယ်။ ကိုယ့်ရဲ့ခြေထောက်က အမာရွတ်တွေရှိနေပြီးခြေထောက်တုတ်တုတ်ခိုင်ခိုင်မျိုး ဖြစ်နေရင် ဘောင်းဘီ၊ စကတ်အတိုနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှက သွယ်တာလား၊ ခပ်လုံးလုံးလေးလား (ဒါမှမဟုတ်) ယောက်ျားဆန်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးလားဆိုတာကို သေချာသိပြီး ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု ဖက်ရှင်ကို တီထွင်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။

(၅) လိုက်ဖက်ညီတဲ့အရောင်ကို ရွေးချယ်ပါ။
        ဖက်ရှင်ကျလှပဖို့ဆိုတာ ကိုယ်ရွေးချယ်တဲ့ အ၀တ်အစား အရောင်အသွေးပေါ်မှာလည်း မူတည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အသားအရေနဲ့ လိုက်ဖက်မယ့်အရောင်ကို ရွေးချယ်ဝတ်ဆင်စေချင်ပါတယ်။ အသားဖြူတဲ့သူအတွက် ဘာအရောင်ပဲဝတ်ဝတ် လိုက်ဖက်တယ်ဆိုပေမယ့် အသားညိုသူအတွက်ကတော့ ကိုယ့်အသားအရေနဲ့ သင့်တော်မယ့်အရောင်ကို ရွေးချယ်သင့်ပါတယ်။ နောက်တစ်ခုက ကိုယ်ဝတ်တဲ့အ၀တ်အစားနဲ့ ဖိနပ်အရောင်ဟာလည်း လိုက်နေဖို့ လိုပါတယ်။ အ၀တ်အစားက အရောင်အဆင်း ဖျော့နေတယ်၊ ကိုယ်ဝတ်ထားတဲ့ ဖိနပ်ကအရောင် အရမ်းတောက်ပလွန်းနေတယ် (ဒါမှမဟုတ်) ကိုယ်ဝတ်ထားတဲ့ ဖိနပ်က အရောင်မတောက်ဘူး။ အင်္ကျီအရောင်က မျက်စိကျိန်းလောက်အောင် တောက်ပလွန်းတဲ့ ဖက်ရှင်မျိုးကို ဖန်တီးဝတ်ဆင်ခြင်းမှ ရှောင်စေချင်ပါတယ်။

မြနေရိပ်သွင်

From: M Plaza Shopping Magazine & Journal

မိုးစက်ဝိုင် ကိစ္စ အာဆီယံ မယ် အိရူပါဝင်း စာထုတ်

Posted by drmyochit Saturday, October 12, 2013, under | 2 comments


Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်ဟာ ရုရှားနိုင်ငံ မော်စကို မြို့မှာ လာမယ့် နိုဝင် ဘာ လ ၉ ရက်နေ့ ကျင်းပမယ့် မယ်စင်္ကြာဝဠာပြိုင်ပွဲကို တရားဝင် သွားရောက်ယှဉ်ပြိုင် ရပါတော့မယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး တချိန်က အာဆီယံ မယ် ဆုရှင် အိရူပါဝင်းက စာထုတ်ပြန်လိုက်တာကို Miss Universe Myanmar ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ ဖော် ပြ ထားပါ တယ်။

အပြည့်အစုံကတော့ ...
အာဆီယံမယ် အိရူပါဝင်းတို့ ဇနီးမောင်နှံ- ဓာတ်ပုံ- Ei Yupar Win

ကျွန်မ မြန်မာပြည်မှမွေးပြီး မြန်မာပြည်မှ ကြီးပါတယ်။ အဖေဘက်က အဘိုးနဲ့ အဘွားက တရုတ်စစ်စစ်ပါ။ အမေဘက်က အဘိုးက တရုတ်သွေးများပြီး ပြင်သစ်တစ်မတ်ဖိုးလောက်စပ်ပါတယ်။


အဘွားကတော့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသူစစ်စစ်ပါ။ အဲဒီဘိုးဘွားလက်ထက်ကစလို့ မြန်မာပြည်မှာ အခြေချခဲ့တာပါ။

ဥပဒေတွေကြောင့် မြန်မာပြည်ရောက် တတိယမျိုးဆက်ဖြစ်လင့်ကစား ဧည့်နိုင်ငံသား ကဒ်ကိုပဲ ကိုင်
ဆောင် ခွင့်ရခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ လူမျိုးကိုမေးလာရင်တော့ တရုတ်-ကရင်လို့ ကိုယ့်ကိုယ်ကို ခံယူပါတယ်။
 
မြန်မာပြည်ပမှာတော့ ဘယ်သူလာမေးမေး မြန်မာနိုင်ငံက မြန်မာနိုင်ငံသားပါလို့ ဝင့်ကြွားဂုဏ်ယူ စွာ မိတ် ဆက်ပါတယ်။

 မျိုးရိုးဇာတိအရ ကျွန်မရဲ့ အဘိုးက တယုတယနဲ့ မှည့်ပေးခဲ့တဲ့ Yang Bao Ling (楊寶玲) ဆိုတဲ့ တရုတ်နာမည်လည်းရှိပါတယ်။

ဒါပေမယ့် အမေရိကန်မှာ ပညာသင်နေတဲ့ကာလတလျှောက်လုံး မြန်မာနာမည်ကိုပဲ စွဲစွဲမြဲမြဲသုံးပါတယ်။ ကျွန်မ အာဆီယံမှာ နိုင်ငံကို ကိုယ်စားပြုခဲ့တုန်းကလည်း ကိုယ့်ကိုယ်ကို တရုတ်လို့ မခံယူပဲ မြန်မာ စိတ်ဓာတ်နဲ့ ကိုယ်စားပြုခဲ့တာပါ။

အခု မြန်မာပြည်က ကမ္ဘာ့အလယ်မှာ မြန်မာကို ကိုယ်စားပြုဦးမယ့် မယ်တစ်ယောက် ရွေးချယ်ထားပြီးပါပြီ။ သူ တရုတ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် ၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာပါ။

သူ့ရဲ့ရင်ထဲမှာ မြန်မာပြည်အတွက်ဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ထည့်ထားပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင် ဖို့ပဲ လိုပါတယ်။ ကျွန်မတို့တတွေ သူ့ကို ရွေးချယ်ခဲ့ပြီးပြီမို့ သူ့အပေါ်မှာ ယုံကြည်ချက်လေး ထားပြီး လိုအပ်ချက်တွေကို အပြုသဘော ဝိုင်းဝန်းထောက်ပြပေးရင်း တိုင်းပြည်တာဝန်ကို တက်ကြွ ရွှင်လန်း ဂုဏ်ယူစွာ ထမ်းဆောင်ခွင့် ပေးစေချင်ပါတယ်။

 ပြိုင်ပွဲဝင်တိုင်းအတွက် စိတ်ဓာတ်ရေးရာ ခိုင်မာဖို့ အများကြီးအရေးကြီးပါတယ်။ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ကို တရားဝင် လက်ဝယ်ရထားပြီးဖြစ်တဲ့ မိုးစက်ဝိုင်အပေါ်မှာ မေတ္တာထားပြီး တတ်နိုင်သလောက် အားပေး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်ရှင်။

 ( အိရုပါဝင်း)

ရှစ်နှစ်သမီးကို ၃၅ နှစ် အမျိုးသားက အဓမ္မပြုကျင့်ရန် ကြံစည်ဟု အမှုဖွင့်

Posted by drmyochit Saturday, October 12, 2013, under | No comments


အင်းစိန်မြို့နယ်တွင် အသက်ရှစ်နှစ်အရွယ် သမီးငယ်ကို ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည် လုပ်ဆောင်ခဲ့သည်ဆိုကာ အမှုဖွင့်တိုင်တန်းသဖြင့် အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

အမှုတွင် အောက်တိုဘာ ၉ ရက်ညနေ က တောင်ဒဂုံတွင် အလုပ်လုပ်နေသူ မိန်းကလေးငယ်၏ မိခင်က အင်းစိန်မြို့နယ် နေသူထံသို့ အစ်မဖြစ်သူရောက်ရှိလာပြီး သမီးငယ်ဖြစ်သူမှာ အဓမ္မပြုကျင့်ရန် ကြံစည်ခြင်း ခံရကြောင်းကို လာရောက်ပြောပြခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးငယ်ဖြစ်သူမှာ နေအိမ်ရှေ့တွင်ဆော့ကစားနေစဉ် ၃၅ နှစ်ရွယ်ရှိ တစ်လမ်းတည်းနေသူက ကြို့ကုန်း အနောက်ရပ်ကွက် သစ်တောဝင်းအတွင်းရှိ သစ်လုံးပုံများကြားသို့ ခေါ်ဆောင်သွားသည်ဟု သိရှိရသဖြင့် အဒေါ်ဖြစ်သူက လိုက်လံရှာဖွေခဲ့သည်ဟု တရားလိုမိသားစုက ရဲအား ပြောပြထားကြသည်။

ထို့နောက် က(၃)လမ်း၊ အပိုင်း(၄)ရှိ ဦးပေါ်ဦး တံတားထိပ်တွင် သမီးငယ်အားတွေ့ရှိသဖြင့် မေးမြန်းရာ သစ်လုံးပုံ များကြား ခေါ်ဆောင်သွားပြီး မဖွယ်မရာပြုလုပ်ကြံစည်ခဲ့သည်ကို ပြန်လည်ပြောပြခဲ့သည်ဟု တရားလိုဘက်က ဆိုထားသည်။

သမီးငယ်ဖြစ်သူအား မုန့်ဖိုးတစ်ထောင်ပေးမည်ဟုဆိုကာ မဖွယ်မရာပြုလုပ်ခိုင်းပြီးမရသဖြင့် သားမယား ပြုကျင့်ရန်ကြံစည်စဉ် ထွက်ပြေးခဲ့ကြောင်း သိရသည်ဟုလည်း ကလေးငယ်၏ မိခင်ကရဲအား ပြောပြထားသည်။

ထို့ကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်ကို သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် ထိုအမျိုးသားအား အရေးယူပေးရန် စွပ်စွဲတိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။
ယင်းတိုင်တန်းမှုကို အင်းစိန်ရဲခစန်းက (ပ) ၁၀၇၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုကျူးလွန်ကြောင်း ဟုတ်မှန်ပါက ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။

မဇ္ဈိမသတင်းဌာန

ညဥ့်အချိန်မတော် အိမ်ရှင်အမျိုးသမီးအား သူစိမ်းက ဓါးဖြင့် အိမ်ခန်းထဲဝင်ထိုး

Posted by drmyochit Saturday, October 12, 2013, under | No comments


ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် သည်။

အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည်နေအိမ်တွင် သူငယ်ချင်း မိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် မိုးရွာသဖြင့် နေအိမ်ရှေ့ ၀ရန်တာတွင် လှန်းထားသည့်အ၀တ်များအား သိမ်းဆည်းပြီး အခန်းတံခါးများပိတ်ကာ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲအားထွက်ဆိုထားသည်။
ထိုအချိန်တွင် မသိင်္ဂီတို့အိပ်ခန်းပေါ်ရှိ အုတ်ဘောင်ပေါ်တွင် အမည်မသိလူတစ်ဦး ဒူးထောင်ထိုင်နေသည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်ဟုလည်း ဆိုထားသည်။

ထိုအခါ အဆိုပါလူငယ်က မသဇင်တို့၏ နေအိမ်အတွင်းမှ ယုဆောင်ထားသည့် အရိုးအသွား ကိုးလက်မရှိ၊ အနက်ရောင်ကော်ရိုးတပ် စတီးဓားပြားဖြင့် ထိုးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထို့ကြောင့် မသဇင်တွင် ယာပါးပြတ်ရှ၊ ယာညှပ်ရိုးပြတ်ရှ၊ ယာဒူးပွန်းစုတ်ဒဏ်ရာများရရှိကာ ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။
ဓားဖြင့် ထိုးခဲ့သူမှာ မျိုးဇော် (၁၉)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း၊  (၉) ရပ်ကွက်၊ လှိုင်မြို့နယ်ဖြစ်သူဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းကိုအရေးယူပေးရန် မသဇင်က အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၅၂ဖြင့် တရားစွဲတင်မည် ဟုတိုင်းရဲဌာနက ဆိုထားသည်။

မဇ္ဈိမသတင်းဌာန

ကျောင်းနေစဉ် လူငယ်များကြား လိင်ကိစ္စအပေါ်စိတ်ဝင်စားခြင်းကို တိုက်ဖျက်တော့မည်

Posted by drmyochit Saturday, October 12, 2013, under | No comments


တရုတ်နိုင်ငံရှိ စာသင်ကျောင်း အချို့တို့သည် ကျောင်းသူကျောင်းသားများ ငယ်ငယ်ရွယ်ရွယ်နှင့် အချစ်ရေး ဘက် စိတ်ယိုင်လာမှုကို တိုက်ဖျက်သည့် ခြေလှမ်းများ စတင်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်း တရုတ်နိုင်ငံရှိ အလယ်တန်း ကျောင်းအချို့သည် ကျောင်းသူ၊ ကျောင်းသားများကြား ဆက်ဆံရေး တွင် တင်းကျပ်သော ကန့်သတ်စည်းမျဉ်းများ စတင်ထုတ်ပြန်လာခဲ့သည်။ ဆယ်ကျော်သက် အရွယ်များ တွင် စိတ်ကစားပြီး ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်ခြင်းကြောင့် ပညာရေးဘက်တွင် လစ်ဟင်း မှုများ ဖြစ်ပေါ်လာတတ်သည့် အခြေအနေအား စည်းမျဉ်းများဖြင့် တားဆီးနိုင်ရန် တာဝန်ရှိသူများက မျှော်လင့် ထားသည်။ တရုတ်၏ ပိုးသားမြို့တော်ဟု နာမည်ကြီးသည့် ဟန်ဇူးရှိ အလယ်တန်းကျောင်း တစ်ခုတွင် ယောက်ျားလေးနှင့် မိန်းကလေးများ (၁)မီတာထက် ပို၍ မနီးကပ်ရဟု စည်းကမ်း သတ်မှတ်လိုက်သည်။

အရှေ့ပိုင်း ဒေသရှိ ဝမ်ဇူးတွင် ကျောင်းသူကျောင်းသားချင်း ဆန့်ကျင်ဘက် လိင်အရဖြစ်စေ၊ လိင်တူ ချင်းဖြစ်စေ နီးစပ်သော ထိတွေ့မွေ့လျော်မှု လုံးဝ မရှိရဟု ကန့်သတ်ခဲ့သည်။ သို့သော်လည်း ယင်းစည်း မျဉ်းတွင် အသေးစိတ် ဖော်ပြချက်များ မပါရှိဟု ဆိုသည်။ အကယ်၍ စည်းမျဉ်း ဖောက်ဖျက်ပါက ပြင်းထန် စွာ အပြစ်ပေး အရေးယူမည်ဟု ကျောင်းအာဏာပိုင်မားက ခြိမ်းခြောက်ထားသည်။ အသက်(၁၁)နှစ်ကျော် ကျောင်း သူကျောင်းသား များတွင် ဟိုမုန်းဖွံ့ဖြိုးမှု မြန်ဆန်ပြီး လူပျိုဖော်၊ အပျိုဖော်ဝင်စ ပြုလာသည့်နောက် ထိန်းသိမ်းရန် ခက်ခဲကြောင်း တရုတ်နိုင်ငံမှ ဆရာဆရာမများက ဝန်ခံထားသည်။

ထို့အပြင် ကျောင်းသူကျောင်းသား ဘဝ၌ ချစ်သူရည်းစား ထားခြင်းသည် လူငယ်များကြား ပေါ်ပြူလာ ဖြစ်လာ သည်မှာ တရုတ်ပညာရေး လောက၏ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်သည်။ ကျောင်းသူကျောင်း သားများ ကြီးကောင်ဝင်ပြီး အချစ်ရေးဘက် စိတ်လည်သွားခြင်းကြောင့် ပညာရေးအဆင့်များ ထိုးကျခြင်းကို တိုက်ဖျက်နိုင်ရန် ကျောင်းအသီးသီးနှင့် ပညာရေး တာဝန်ရှိသူများက လိုလားနေသည်။ တရုတ်တွင် မရင့်ကျက်သေးသည့်အချစ်၊ သို့မဟုတ် စောလွန်းသည့်အချစ်ဟု သတ်မှတ်ထားသော လူမှုရေး ဖြစ်စဉ်တစ်ခုကို ဖယ်ရှားနိုင်ရန် ယခင်ကလည်း အမျိုးမျိုးသော ချဉ်းကပ်မှုများ ပြုလုပ်ခဲ့ဖူးသည်။

တရုတ်နိုင်ငံတွင် လူငယ်များ အချစ်ရေးဘက် စိတ်ယိုင်မသွားစေရန် မည်သို့ကိုင်တွယ် သွန်သင် သင့်ကြောင်း အကြံပြုထားသည့် ဝက်ဘ်ဆိုက်များစွာ ရှိနေသည်။ ထို့အပြင် ကျောင်းများတွင်လည်း ဆယ်ကျော် သက် အရွယ် ကျောင်းသူကျောင်းသားများအား လိင်ပညာပေး ဟောပြောသွန်သင်မှုများ ပို့ချပေးလျှက် ရှိသည်။ ယခုအခါ စည်းမျဉ်းသစ်များဖြင့် ကန့်သတ်လာခြင်းကို ကျောင်းသူကျောင်းသား မိဘများနှင့် ဆရာဆရာမများက ကြိုဆိုလက်ခံနေကြောင်း သိရှိရသည်။ သို့သော်လည်း အချို့သော အင်တာနက် ဝက်ဘ်ဆိုက်များတွင်မူ ယင်းစည်းမျဉ်းများသည် ဖိနှိပ်မှုဆန်သည့် ကျင့်ကြံမှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

"ရိုင်းစိုင်းတဲ့ ဖိနှိပ်မှု ပုံစံတစ်မျိုးပါပဲ။ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသား လူငယ်လေးတွေကြား သွားလာလှုပ်ရှားနေတဲ့ ကြားအကွာအဝေးကို ဘာနဲ့တိုင်းတာမှာတဲ့လဲ"ဟု တစ်ဦးက ထောက်ပြခဲ့သည်။ China Youth Daily သတင်းစာကမူ ယခုကန့်သတ်ချက်များသည် "လက်ခံနိုင်စရာ မရှိသော၊ ရယ်စရာကောင်းသော၊ တရားမဝင်သော" လုပ်ရပ်ဟု ပြစ်တင်ရေးသားခဲ့သည်။ "လူငယ်လူရွယ်ပိုင်းမှာ ချစ်ခင်စုံမက်မှု ရှိတတ်တာ သဘာဝပါပဲ။ ကျောင်းသူကျောင်းသား ဘဝမှာ လူငယ်စုံတွဲတွေ ဖြစ်လာတာဟာ တိုက်တွန်းသင့်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအခြေအနေကို ဆန့်ကျင်ဖို့ အလွန်အကျွံ ဖိနှိပ်တဲ့ နည်းလမ်းမျိုးနဲ့ ကန့်သတ်တာကတော့ ရွေးချယ်စရာ မဖြစ်သင့်ဘူး"ဟု ယင်းသတင်းစာက ဝေဖန်ခဲ့သည်။

နန်ဂျင်းတက္ကသိုလ်မှ ပရော်ဖက်ဆာ ဇန်ယူလင်းက ယခုအမြင်ကွာဟချက်သည် တရုတ်ကျောင်းနေ ပညာရေးကဏ္ဍ၏ လူမှုရေး ပြဿနာငယ် တစ်ခုဟု သုံးသပ်ခဲ့သည်။ "ကျောင်းတွေက ကလေးတွေကို ထောင်သားတွေလို ဆက်ဆံချင်တယ်။ ဒါကို လူငယ်ပိုင်းက လက်မခံနိုင်ဘူး"ဟု ၎င်းက ဆိုသည်။ ယင်းက ဆက်လက်၍ ခေတ်ပြောင်းသွားချိန်တွင် အမြင်များ ပြောင်းလဲကုန်သည်ကို ရှောင်လွှဲ၍ မရနိုင်ဟုလည်း ထောက်ပြခဲ့သည်။ "လွန်ခဲ့တဲ့ နှစ်(၄၀)လောက်က တရုတ်ဟာ ပြင်ပကမ္ဘာနဲ့ စထိတွေ့ခဲ့တယ်။ အဲဒီတုန်းက အရမ်းသန့်စင်ပြီး အပြစ်ကင်းတယ်။ တရုတ်နိုင်ငံမှာ လိင်ကိစ္စဆိုတာ စိုးရိမ်စိမ်းကားတဲ့ ထိတွေ့မှု တစ်ခုပဲ။ ဒါပေမဲ့ ခုခေတ် လူငယ်ပိုင်းဟာ အရင်မျိုးဆက်တွေထက် ပိုပြီး အသိဉာဏ်ရင်းမြစ်တွေ ရှိလာတယ်။ သိသင့်တာရော၊ မသိသင့်တာပါ အကုန်သိလာတယ်။ ခုဆိုရင် တရုတ်နိုင်ငံမှာ လူငယ်ပိုင်းရဲ့ ညစ်ညမ်းပုံရိပ်တွေ၊ ဗီဒီယိုတွေ ထွက်ပေါ်လာတာက ပုံမှန် ပြဿနာလို ဖြစ်လာတယ်"ဟု ပါမောက္ခ ဇန်က မှတ်ချက်ပြုသွားသည်။  

From: Planet

တောင်ငူမြို့ ဧည့်ရိပ်သာတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Posted by drmyochit Saturday, October 12, 2013, under | No comments


အောက်တိုဘာ ၁၁

တောင်ငူမြို့၊ ကန်လမ်း၊ ရပ်ကွက်(၁၇)၊ အိမ်နံပါတ်(၂)၊ ချမ်းမြေ့ဧည်ရိပ်သာ၊ အခန်းနံပါတ် ၆ တွင် အောက်တိုဘာ ၁၁ ရက်နေ့ ည ၈း၅၀ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား(၁)ဦးနေရာ တွင် သေဆုံးပြီး၊ အမျိုးသမီး(၂)ဦးမှာ ဆေးရုံတွင် ဆေးကုမှု ခံယူလျှက်ရှိသည်။

ကိုနေမျိုးကျော်၊ (ဘ)ဦးကျော်လွင်၊ အသက်(၂၉)နှစ်၊ ငှက်ပျောတောရွာ၊ လယ်ဝေးမြို့နေသူသည် အခင်းဖြစ်သည့် နေရာတွင် သေဆုံးပြီး၊ညောင်လေးပင်မြို့၊ မြို့မ(၇)တွင်နေကြသည့်
မယုခိုင် (ဘ) ဦးသိန်းဝင်း၊ အသက်( ၂၄ နှစ်)၊ မှာဒဏ်ရာများစွာရရှိခဲ့ပြီး၊

မငြိမ်းသီတာ(ဘ)ဦးခင်မောင်ညိမ်း၊ အသက်(၂၇)နှစ် ဒဏ်ရာအနည်းငယ်ရရှိပြီး တောင်ငူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိသည်ကိုတွေ့ရသည်။

ပိုက်ဆံအိတ်အသေးကို ဖွင့်လိုက်သည့်အချိန်တွင် ပေါက်ကွဲ
သည်ဖြစ်ကြောင်း မယုခိုင်မှပြောသည်။

မယုမွန်ကပြောပါတယ် ဖုန်းနံပါတ် ၀၉၄၂၈၁၆...... ရွတ်ပြပြီး သူ့အမေ ဒေါ်ကျင်မြ ညောင်လေးပင်မြို့ဆီဖုန်းဆက်ပေးပါဆိုလို့ ဆက်ပါတယ်။ သူ့ဆန္ဒမပြည့်ခဲ့ဘူး အဲဒီဖုန်းက စက်ပိတ်ထားလို့ ခေါ်မရဖြစ်ခဲ့ပါတယ်။

From တောင်ငူသတင်းပုံရိပ်များ


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်