Monday, March 17, 2014

စုံစမ်းရှာဖွေသူများ၏ အဓိကအာရုံစိုက်ခြင်းခံလာရသည့် လေယာဉ်မှူးများ

Posted by drmyochit Monday, March 17, 2014, under | No comments

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပျောက်ဆုံးနေသည့် လေယာဉ် သည် တစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်သွယ်ရေးစနစ်များကို ဖြတ်တောက်ပြီး လမ်းကြောင်းပြောင်း မောင်းနှင်သွား ဖွယ်ရှိသည်ဟု စနေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောကြားပြီးနောက် စုံစမ်းရှာဖွေသူများက မလေးရှားလေကြောင်းအမှတ် အမ်အိတ်ခ်ျ ၃၇၀ ဘိုးရင်း ၇၇၇-၂၀ဝ လေယာဉ်ကို မောင်းနှင်သွားသည့် အဓိက လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့၏ နေအိမ်များကို ရှာဖွေမှုများပြုလုပ်ခဲ့သည်။

မလေးရှားစုံစမ်းစစ်ဆေးသူများက အသက် ၅၃နှစ်ရှိ အဓိကလေယာဉ်မှူးကြီး ဇာဟာရီ အာမက်ရှာ၏ နေအိမ်မှ လေယာဉ်မောင်းစက်အတု တစ်ခုကို တနင်္ဂနွေနေ့တွင် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ မလေးရှားရဲတပ်ဖွဲ့သည် စနေနေ့တွင် ကွာလာလမ်ပူမြို့ရှိ အဓိကလေယာဉ်မှူး ဇာဟာရီ အာမက်ရှာနှင့် အသက် ၂၇ နှစ်ရှိ ၄င်း၏ တွဲဖက်လေယာဉ်မှူး ဖာရွတ် အဗ္ဗဒူလ် ဟာမစ်တို့၏ နေအိမ်များကိုဝင်ရောက်ရှာဖွေခဲ့ကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။

အဓိကလေယာဉ်မှူးကြီး ဇာဟာရီ အာမက်ရှာသည် မကြာသေးမီက လိင်တူဆက်ဆံမှုဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့ရသည့် မလေးရှားအဓိကအတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ကို အရူးအမူးထောက်ခံအားပေးသူဖြစ်ကြောင်း၊ အီဘရာဟင်ကို ထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် ဇာဟာရီက မကျေမနပ်ဖြစ်ပြီး နိုင်ငံရေး ကန့်ကွက်သည့်အနေဖြင့် လေယာဉ်ကို အပိုင်စီးသွားမည်ကို မလေးရှားတာဝန်ရှိသူများက စိုးရိမ်နေကြောင်း ဗြိတိန်နိုင်ငံထုတ် ဒေးလီးမေးလ် သတင်းစာကရေးသားဖော်ပြသည်။

ဇာဟာရီသည် ၁၉၈၁ခုနှစ်ကတည်းက မလေးရှားလေကြောင်းလိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပျံသန်းရေးဆိုင်ရာ အတွေ့အကြုံ နာရီပေါင်း ၁၈၀ဝ၀ကျော်ရှိသူဖြစ်သည်။

 လေယာဉ်မောင်းနှင်ခြင်းကိုလည်း အလွန်အမင်း ဝါသနာကြီးသူဖြစ်သည့်အတွက် နေအိမ်တွင် လေယာဉ်မောင်းနှင်ခြင်းဆိုင်ရာအသေးစိတ်အချက်အလက်များပါသည့် လေယာဉ်မောင်း စက်အတုတစ်ခုတပ်ဆင်ထားသူဖြစ်သည်။ စုံစမ်းရှာဖွေသူများက ဇာဟာရီနေအိမ်မှ လက်ပ်တော့ နှစ်လုံးကို စစ်ဆေးရှာဖွေခဲ့ရာ လက်ပ်တော့တစ်လုံး လေယာဉ်မောင်းနှင်ခြင်းဆိုင်ရာ အချက်အလက် များပါဝင်သည်ဟု ယူဆရကြောင်း ဒေးလီးမေးလ် သတင်းစာကရေးသား ဖော်ပြသည်။

တွဲဖက်လေယာဉ်မှူး ဖာရွတ်မှာ အိမ်ထောင်ပြုရန်စဉ်းစားနေသူဖြစ်ပြီး လေယာဉ်ပျောက်ဆုံးပြီးနောက် အပြင်လူများဝင်ခွင့်မရှိသည့်လေယာဉ်မှူးအခန်းတွင် အခြားလေယာဉ်မှူးတစ်ဦး၊ ခရီးသည်အမျိုးသမီးနှစ်ဦးနှင့်အတူ၂၀၁၁ခုနှစ်က ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံပေါ်ထွက်လာမှုကြောင့် စုံစမ်းစစ်ဆေးခံနေရသည်။

Aone Soe (The Mirror)

စိတ်ဖိစီးရင် ဒါတွေစား

Posted by drmyochit Monday, March 17, 2014, under | No comments


Stress တဲ့။ သူ့ကို ဘယ်သူမှ မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် ဘယ်သူမှလည်း မလွှဲရှောင်နိုင်ကြဘူးလေ။ စိတ်ဖိစီးမှုများလွန်းရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်တာမို့ သူ့ကိုဘယ်လိုဘယ်ပုံ ကိုင်တွယ်ဖြေရှင်းလို့ရလဲဆိုတာ စိတ်ဝင်စားစရာအလွန်ပဲ ကောင်းပါတယ်။ စိတ်ဖိစီးမှုကို ကုစားဖြေရှင်းတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့အနက်က သင် စားသောက်တဲ့ အစားအစာကလည်း အရေးပါတဲ့အကြောင်းရင်းတရပ်အဖြစ် ရှိနေပါတယ်။


  • လိမ္မော်သီး


လိမ္မော်သီးဟာ ဗီတာမင်စီကြွယ်ဝတယ်။ ဗီတာမင်စီဟာ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး Stress ဟော်မုန်းတွေကို တားဆီးဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ သွေးတိုးရှိသူ တချို့ကို သူတို့ရဲ့ သွေးပေါင်ချိန်နဲ့ Stress ဟော်မုန်းတခု ဖြစ်တဲ့ Cortisol Level ကို လေ့လာကြည့်တဲ့အခါ ဗီတာမင်စီဟာ စိတ်ဖိစီးမှုအပေါ် အကျိုးသက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
photo: http://hdwallpapercorner.com


  • ဒေါက်ခွရွက်(Spinach)


ခန္ဓာကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ဓာတ် အလွန်အမင်း လျော့နည်းနေရင် ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတွေဖြစ်စေပြီး အဲဒါတွေကြောင့်ပဲ စိတ်ဖိစီးမှု ဖြစ်စေပြန်ပါတယ်။ ဒေါက်ခွရွက်မှာတော့ မဂ္ဂနီဆီယမ် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒေါက်ခွရွက် မရနိုင်ဘူး၊ မစားတတ်ဘူး ဆိုရင်တော့ မဂ္ဂနီဆီယမ် ဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းရွက်တွေနဲ့ ပဲပိစပ်လို အစားအစာတွေကို ရွေးချယ် စားသုံးသင့်ပါတယ်။


  • အဆီဆူဖြိုးတဲ့ငါး

စိတ်ဖိစီးမှုနဲ့ဝေးဝေးနေချင်ရင်တော့ အဆီဆူဖြိုးတဲ့ငါးတွေကို စားသင့်ပါတယ်။ ဆယ်လ်မွန်လို၊ တူနာလို Omega 3 ဖက်တီး အက်ဆစ် ကြွယ်ဝတဲ့ ငါးတွေကို တပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက် စားပါ။ Omega 3 က Stress ဟော်မုန်းထွက်ရှိခြင်းကို တားဆီးပေးသလို၊ နှလုံးရောဂါနဲ့ စိတ်ကျခြင်းအတွက်လည်း ကောင်းမွန်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ရာသီမလာခင် ကာလမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ (PMS) တွေကိုလည်း လျော့ပါးစေပါတယ်။


photo: http://www.cookinglight.com


  • ဘလက်ခ်တီး (Black Tea)

 oolong tea, green tea, white tea တို့ထက် အရသာ ပိုပြင်းတဲ့   Black Tea -  ဘလက်ခ်တီး သောက်ခြင်းက သင့်ကို စိတ်ဖိစီးစရာကာလတွေကနေ အမြန်ကျော်လွှားစေနိုင်မှာပါ။
ဘလက်ခ်တီးသောက်သူအတွေနဲ့ တခြားအဖျော်ယမကာသောက်သူတွေကို နှိုင်းယှဉ်လေ့လာကြည့်ရင် စိတ်ဖိစီးဖွယ်အခြေအနေမှာတောင် သူတို့ရဲ့စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ Cortisol Level ဟာ နိမ့်နေသေးတာ တွေ့ရပါတယ်။

photo: www.beautythroughstrength.com


  • အစေ့အဆန်များ
  • စိတ်ဖိစီးရင် ဒါတွေစား

Pistachios နဲ့ Almond စေ့လို အစေ့အဆန်တွေကလည်း အကျိုးပြု ဗီတာမင်ဓာတ်တွေ စုံလင်လှပါတယ်။ Pistachios ကို စူပါမားကတ်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အဲဒီ အစေ့အဆန်တွေမှာ အကျိုးပြုအဆီဓာတ်တွေနဲ့လည်း ပါဝင်ပါတယ်။ သူတို့မှာ ပါဝင်တဲ့ ဗီတာ မင်အီးက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို ဗီတာမင်ဘီက စိတ်ကျခြင်းကို ခုခံကာကွယ်ပေးနိုင်ပါတယ်။ ဒီလို အစေ့အဆန်တွေကို တနေ့ကို လက်တဆုပ်စီလောက် စားပေးသင့်ပါတယ်။

photo: www.nuts.com.au


  • ထောပတ်သီး

သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ဖို့အတွက် လုံလောက်တဲ့ ပိုတက်ဆီယမ်ဓာတ်ကို ရရှိဖို့ လိုပါတယ်။ စိတ်ဖိစီးချိန်မှာ အဆီဓာတ်များတဲ့ အစားအစာတွေကို သွေးတောင်းတတ်တာမို့ အခြား အဆီဓာတ်ပြည့် အစားအစာတွေထက် ထောပတ်သီးကို စားသင့်ပါတယ်။ ဒါပေမယ့် ထောပတ်သီးဟာလည်း အဆီနဲ့ ကယ်လိုရီကြွယ်ဝတဲ့အသီးဖြစ်တာမို့ ချင့်ချိန်ပြီး စားဖို့တော့ လိုပါတယ်။
www.drjoanna.com.au


  • အိပ်ရာဝင်ချိန်သရေစာ


ကာဗိုဟိုက်ဒရိတ်ပါတဲ့ သရေစာ တမျိုးမျိုးကို အိပ်ရာဝင်ခါနီးစားခြင်းက ဦးနှောက်တွင်းက ဆယ်ရီတိုနင်ဓာတ်ကို ထွက်ရှိစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။  အိပ်ခါနီးမှာ အစားတွေပြည့် အင့်နေအောင် စားမိရင်တော့ ရင်ပြည့် ရင်ကယ်ဖြစ်စေပြီး ကောင်းကောင်း အိပ်မပျော်ဖြစ်တတ်တာမို့ ပေါ့ပေါ့ပါးပါး အစားအစာလောက်နဲ့ တင်းတိမ်သင့်ပါတယ်။
photo:  www.webmd.com


  •  နို့

စိတ်ဖိစီးမှုကို ခြေဖျက်ပေးနိုင်တဲ့ နောက်အစားအစာတမျိုးကတော့ နို့ပူပူလေးတခွက်ပါပဲ။ လေ့လာချက်တွေကတော့ နို့မှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က စိုးရိမ်သောကတွေနဲ့ ရာသီမလာမီဖြစ်လေ့ရှိတဲ့စိတ်က မောက်ကမဖြစ်ခြင်းတွေကို လျော့ပါးသက်သာစေပါတယ် တဲ့။


လင်းမြရီ

မြန်မာပြည်ရဲ့ ပထမဆုံး Sexiest & Hottest Party ပွဲက Sexy အဓိပ္ပာယ်ကို ဘယ်လိုဖွင့်လဲ (ရုပ်/သံ)

Posted by drmyochit Monday, March 17, 2014, under | No comments


Sexy ဆိုတာ ဘာလဲ။ စက်ဆီကျတယ်ဆိုတာ မြန်မာတွေ ဘယ်လိုနားလည်ထားကြသလဲ။ ဒီစကားလုံးကို အဓိပ္ပာယ်ဖွင့်နေတာ လွဲမှားနေတာကို ပြန်တည့်မတ်ချင်လို့ မြန်မာပြည်ရဲ့ ပထမဆုံး Sexiest & Hottest Party ကို ရန်ကုန်မှာ ကျင်းပခဲ့ပါပြီ။

လိင်ပိုင်းဆိုင်ရာ အသားပေးတာမဟုတ်ဘဲ တခြာ်းရှုထောင့်ကနေကြည့်ပြီး လေးနက်တဲ့ အဓိပ္ပာယ်တွေလည်း ရှိတာကြောင့် လူငယ်တွေကို ပျော်စေချင်တဲ့စိတ်နဲ့ ကျင်းပတာပါလို့ ကိုဇော်လင်းနိုင်က ဆိုပါတယ်။

ပူအိုက်တဲ့ နွေရာသီလိုကာလမှာ ဒီလို Sexy ပါတီမျိုးတွေ နိုင်ငံတကာမှာ ကျင်းပလေ့ရှိ တာကြောင့် မြန်မာနိုင်ငံ ကလည်း ဂလိုဘယ်ခေတ်ကြီးထဲမှာ စီးမျောနေပြီလို့ အဆိုတော် ဇင်းဇင်းက ဆိုပြန်ပါတယ်။ Sexy ဆိုတဲ့စကားလုံး လူတိုင်းမှာရှိသင့်ပါသတဲ့။

မြရိပ်ညိုဟိုတယ် Gossip Bar မှာ မတ်လ ၁၅ရက်နေ့ညနေက ကျင်းပခဲ့တဲ့ ဒီ ပါတီပွဲကို BBH Production က ဦးစီးစီစဉ်တာဖြစ်ပြီး အဆိုတော် အားတီနဲ့ ဇင်းဇင်းရဲ့ ဖျော်ဖြေမှုတွေနဲ့ တင်ဆက်ခဲ့သလို မော်ဒယ်တွေ လည်း ပူးပေါင်းပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။

Kamayut Media


လေယာဉ်ပျောက်မှုအတွက် ပိုင်းလော့တွေအပေါ် ဆက်လက်စုံစမ်း

Posted by drmyochit Monday, March 17, 2014, under | No comments

ပျောက်ဆုံးနေတဲ့ ခရီးစဉ် MH370 ပေါ်ပါသွားတဲ့ခရီးသည်တွေအတွက် ဆုတောင်းစာကို ရေးသားခဲ့သော အမျိုးသမီးတဦး (မတ်လ ၁၆၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် ဂျက်လေယာဉ်ပေါ်က အချက်ပြစနစ်ဟာ လေယာဉ်မှူးက လေကြောင်းထိန်းသိမ်းရေး ဆက်သွယ်မှု မလုပ်ခင်ကတည်းက အပြည့်အဝ အလုပ်မလုပ်တော့သလို ပြဿနာတစုံတရာရှိတယ်ဆိုတာကို အရိပ်အမြွက်တောင် မပြောခဲ့ဘူးလို့ မလေးရှား အစိုးရထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။

လေယာဉ်ရဲ့ ဆက်သွယ်ရေးစနစ် တစိတ်တပိုင်းရပ်သွားခဲ့ပြီးတဲ့နောက် လေယာဉ်စက်ခန်းကနေ မလေးရှား လေကြောင်းထိန်းသိမ်းရေးကို နောက်ဆုံး ပြောကြားခဲ့တာတွေကို မလေးရှားကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

လေယာဉ်မှူးတွေဟာ လေယာဉ်ပေါ်မှာ ဖြစ်နေတဲ့ပြဿနာတွေကို ဘာမှ မပြောခဲ့ပါဘူး။ ဒီလိုမပြောတာဟာ မြေပြင်က လေကြောင်းထိန်းသိမ်းရေးကို သတင်းမှားပေးချင်တာမျိုး၊ ဒါမှမဟုတ် လေကြောင်းနည်းပညာတွေကို ကျွမ်းကျင်သူတစ်ယောက်ယောက်က အတင်းအကြပ်လုပ်ခိုင်းတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။

ဒီနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေက လေယာဉ်ဟာ သူ့ရဲ့ မူလလမ်းကြောင်းကို ဘာကြောင့် ပြောင်းသွားရတယ်၊ ပြီးတော့ ရေဒါဖမ်းယူမှုအောက်ကနေ ဘာကြောင့် ပျောက်သွားရတယ်ဆိုတာကို စုံစမ်းသူတွေ ဆုံးဖြတ်နိုင်အောင် အထောက်အကူဖြစ်စေတာမျိုး ဖြစ်လာနိုင်ပါတယ်။

လေယာဉ်မှူး ၂ ယောက်ရဲ့ နေအိမ်တွေကို ရဲက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး သူတို့ထဲက တစ်ယောက်ဆီမှာရှိတဲ့ လေယာဉ်အမောင်းလေ့ကျင့်တဲ့ စက်ကို စစ်ဆေးနေပါတယ်။ ဒါ့အပြင် လေယာဉ်ကွာလာလမ်ပူမြို့က မထွက်ခွာခင် လေယာဉ်နဲ့အဆက်အသွယ်ရှိခဲ့တဲ့ အင်ဂျင်နီယာတွေကိုလည်း မလေးရှားအာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်