Monday, July 21, 2014

အီရန်၏ ယူရေနီယမ် သန့်စင်မှုကို လက်နက်ထုတ်လုပ်နိုင်စွမ်း မရှိသည့် အဆင့်ထိ ပြောင်းလဲ

Posted by drmyochit Monday, July 21, 2014, under | No comments


အီရန်နိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်လုနီးပါး သန့်စင်ပြီးဖြစ်သည့် ယူရေနီယမ်များကို အန္တရာယ် မရှိနိုင်သည့် အဆင့်သို့ ပြန်လည် ပြောင်းလဲလိုက်ပြီဟု သိရှိရသည်။

ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီက (၂၀)ရာခိုင်နှုန်းမျှ သန့်စင်ထားသည့် ယူရေနီယမ်များအတွက် အီရန်နိုင်ငံ၏ လမ်းကြောင်းပြောင်းလဲလိုက်မှုသည် အီရန်အစိုးရနှင့် ကုလသမဂ္ဂတို့ကြား သဘောတူညီထားသည့် နျူကလီးယားစွမ်းအင် စီမံကိန်း၏ အစိတ်အပိုင်း တစ်ရပ်ဟုလည်း ဆိုသည်။

အီရန်သည် နျူကလီးယား နည်းပညာများကို စွမ်းအင်နှင့် သုတေသန ကဏ္ဍများ အတွက်သာ ရည်ရွယ်ကြောင်း အစဉ်တစိုက် ပြောကြားခဲ့သည်။ အီရန်နိုင်ငံ၏ လိုက်လျောမှုကို အသိအမှတ်ပြုသည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် အီရန်အစိုးရအပေါ် ပိတ်ဆို့မှုများအနက် ဒေါ်လာ(၂.၈)ဘီလျံတန် ရန်ပုံငွေများကို ပြန်လည် ခွင့်ပြုပေးမည်ဟု ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ကြေညာခဲ့သည်။

အီရန်သည် ကမ္ဘာ့အင်အားကြီး (၆)နိုင်ငံဖြစ်သည့် အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ဗြိတိန်တို့နှင့် နျူကလီးယား စွမ်းအင်ဆိုင်ရာ ဆွေးနွေးမှုများကို (၄)လကြာ တိုးမြှင့်ပြုလုပ်သွားရန်လည်း သဘောတူညီမှု ရရှိထားသည်။

အီရန်နိုင်ငံသည် (၂၀)ရာခိုင်နှုန်း သန့်စင်ထားသည့် ယူရေနီယမ် ပမာဏ ကီလိုဂရမ် (၂၀၀)ကျော်ကို ပိုင်ဆိုင် ထားပြီး ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက အဆိုပါ ယူရေနီယမ် သတ္တုများကို လက်နက် ထုတ် လုပ်နိုင်ခြင်း မရှိသည့် ပမာဏသို့ ပြန်လည် လျှော့ချရန် သဘောတူညီခဲ့သည်။ (၂၀)ရာခိုင်နှုန်းထိ သန့်စင် ထားသော ယူရေနီယမ်သည် နျူကလီးယား လက်နက်အဖြစ် အလျင်အမြန် ပြောင်းလဲနိုင်မည့် အရည် အသွေး ရှိနေပြီး ကီလိုဂရမ်(၂၀၀)မျှ ယူရေနီယမ်သည် နျူကလီးယားထိပ်ဖူးတစ်ခု တည်ဆောက်ရန် လုံလောက်ကြောင်း သုတေသီများက ပြောကြားထားသည်။

အီရန်၏ နျူကလီးယား ပိုင်ဆိုင်မှု မူဝါဒ ပြောင်းလဲလာပြီးနောက် ဥရောပ သမဂ္ဂ အနေဖြင့်လည်း လောင်စာဆီနှင့် ကုန်သွယ်မှုဆိုင်ရာ ပိတ်ဆို့မှုများကို အီရန်အပေါ်မှ ဖယ်ရှားပေးရန် ဆွေးနွေးနေပြီဟု သိရှိရသည်။

_Ref: BBC
7 Day

ဂါဇာစစ်ပွဲတွင် အစ္စရေး၏ နာမည်အကျော်ဆုံး တပ်ဖွဲ့မှ စစ်သည်(၁၃)ဦး တစ်ရက်တည်းသေဆုံး

Posted by drmyochit Monday, July 21, 2014, under | No comments

ဂိုလန်နီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo - Dailystar)

ဂါဇာကမ်းမြှောင်သို့ အစ္စရေး မြေပြင်တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်ပြီး ဟားမားစ်စစ်သွေးကြွတို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေရာ ဇူလိုင်လ (၂၀)ရက်က အစ္စရေး၏ အမာကျောဆုံး၊ နာမည်အကျော်ဆုံး တပ်ဖွဲ့မှ စစ်သည် (၁၃)ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဂိုလန်နီတပ်ဖွဲ့သည် အစ္စရေး၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် တိုက်ရည်ခိုက်ရည် အကောင်းဆုံး၊ အကြမ်းအခံဆုံး၊ လေ့ကျင့်သား အပြည့်ဝဆုံး အထူးတပ်ဖွဲ့အဖြစ် နာမည်ကောင်း ရထားသည်။ သို့သော်လည်း တပ်ဖွဲ့၏ သမိုင်းတွင် ခါးသီးသော တနင်္ဂနွေ တစ်နေ့တာအဖြစ် ဟားမားစ်တို့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အကျအဆုံး များပြားခဲ့ခြင်း ဖြစ်သည်။

ဂါဇာကို ထိုးစစ်ဆင်နေသည့် တိုက်ပွဲတစ်ခုတွင် လက်ထောက်တပ်မှူး အပါအဝင် (၃)ဦး သေဆုံးခဲ့ပြီး ရှာဂျိုင်ယား ဒေသတွင် စစ်သွေးကြွများနှင့် ထိပ်တိုက်တွေ့ဆုံရာ၌ အခြား ဂိုလန်နီ တပ်ဖွဲ့ဝင် (၁၀)ဦး ထပ်မံ သေဆုံးခဲ့သည်။ ထို့အပြင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရ စစ်သည်များသည် စစ်စည်းကမ်းအရ သတင်းထောက်များနှင့် စကားပြောခွင့် မရခဲ့သော်လည်း ဆွေမျိုးသားချင်းများ၏ အဆိုအရ ဂိုလန်နီ တပ်ဖွဲ့ဝင်များသည် ပါလက်စတိုင်း ဒေသ၏ အကြီးဆုံး မြို့တစ်မြို့ဖြစ်သည့် ရှာဂျိုင်ယားနှင့် အနီးအနား ဒေသများကို ထိုးစစ်ဆင်ရာတွင် တပ်ဦးမှ တာဝန်ယူထားကြောင်း သိရှိရသည်။

အရာရှိ တစ်ဦးက ဟားမားစ်တို့၏ တုံ့ပြန်မှုသည် ဂိုလန်နီ တပ်ဖွဲ့အတွက် ဆိုးရွားသည့် နေ့တစ်နေ့ကို ကြုံတွေ့စေခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်တော်တို့ ဝန်ခံရပါမယ်။ အစ္စရေး တပ်တွေဟာ တကယ့်ကို ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သူတို့ဟာ အကြမ်းဖက်သမားတွေပါ။ ဒါပေမဲ့ တကယ်တော်တဲ့ တပ်သားတွေလည်း ဖြစ်နေပါတယ်”ဟု အဆိုပါ အရာရှိက ဝန်ခံခဲ့သည်။

ဂိုလန်နီ တပ်ဖွဲ့များသည် အစ္စရေးနိုင်ငံ သမိုင်းတွင် ပြောင်မြောက်သော  ဖြတ်သန်းမှုများ ရှိခဲ့သည်။ အဆိုပါ တပ်ဖွဲ့သည် (၁၉၇၃)ခုနှစ်၊ အာရပ်-အစ္စရေး စစ်ပွဲတွင် ဂိုလန်ကုန်းပြင်မြင့်ရှိ ဆီးရီးယားတပ်များ ထိန်းချုပ်ထားရာ ဟာမွန်းတောင်ကို ပြန်လည် သိမ်းပိုက်ခဲ့သည့် တိုက်ပွဲကြောင့် အထူးတလည် ကျော်ကြားခဲ့သည်။ အဆိုပါ တပ်ဖွဲ့သည် (၂၀၀၆)ခုနှစ်ကလည်း လက်ဘနွန်တောင်ပိုင်းတွင် တိုက်ပွဲဝင်စဉ် တစ်ရက်တည်း (၈)ဦး ကျဆုံးခဲ့ဖူးသည်။

ဇူလိုင်လ (၂၀)ရက်နေ့က ဂိုလန်နီ တပ်ဖွဲ့ခွဲ တစ်ခုသည် ရှာဂျိုင်ယားရှိ အရပ်သား နေအိမ်တစ်လုံးကို စစ်မြေပြင် အခြေစိုက် စခန်းအဖြစ် အသုံးပြု နေရာယူထားစဉ် ဟားမားစ်တို့ဘက်မှ ပစ်ခတ်လိုက်သည့် မော်တာကျည်ဆန် တည့်တည့် ထိမှန်ဖြင့် အများအပြား သေဆုံးခဲ့သည်။

_Ref:WSJ Online
7 Day

ခွေလေးနဲ့ အတူတူ ခြေထောက် ပြန်ကောင်းလာတဲ့ သခင်မလေး

Posted by drmyochit Monday, July 21, 2014, under | No comments


Monday, July 21, 2014
Lindsey လို့ အမည်ရတဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသမီးဟာ တစ်ချိန်တုန်းက ဂျာမနီ နိုင်ငံက အက ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ပြဇာတ် တစ်ခုမှာ အက အက်ဆီဒန့် တစ်ဦးကြောင့် ခြွေခွင် လွဲသွားပြီး တွန်းလှဲပေါ်မှာသာ နေရတဲ့ ဘဝကို ရောက်သွား ပါတယ်။
ဆရာဝန်များက သူမကို ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖြတ်တောက် ပြီးတော့ ကုသဖို့လိုရင်တောင် လိုအပ်မယ်လို့ ပြောခဲ့ ပါသေးတယ်။ ဖြတ်တောက်ဖို့တော့ သူမ လက်မခံ ခဲ့ ပါဘူး။ ဒါနဲ့ နောက်ဘက် ခြေထောက် မသန်တဲ့ ခွေးတစ်ကောင်ကို မွေးပါတယ်။ သွေးကြော ခဲပြီး နောက်ခြောက်ထောက် နှစ်ဘက် မလှုပ်ရှားနိုင်တဲ့ ခွေးကလေးနဲ့ အတူ နေပြီး ဘဝ ဖြတ်သန်း ပါတယ်။ ခွေးကလေး လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးပြီး သူမက အလိုလို လမ်းလျှောက်လာနိုင်ခဲ့ ပါတယ်။
ထင်မှတ်မထား လောက်အောင် ကျန်းမာရေး ကောင်းသွားပြီး သာမန် လူတစ်ယောက်လို ပြန်ဖြစ် လာပါတယ⁠ယ်။ ဒါကြောင့် သူမဟာ သူမရဲ့ ခွေးကလေးကို လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးရင်း နောက်ဆုံးတော့ ခွေးရော Lindsey ဟာ သာမန် အကောင်း ပကတိ ကို ပြန်ရောက် သွားပါတယ်။
သူမဟာ ယခုဆိုရင် သူ ဝါသနာ ပါတဲ့ အက ဘက်ကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားမှုကြောင့် ပြန်ကောင်းလာတဲ့ Lindsey ဟာ အများ လေးစား အတုယူ ရလောက်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)

မလေးရှားလေယာဉ်ကို ပစ်ချရာတွင်အသုံးပြုခဲ့ဖွယ်ရှိသော ဒုံးကျဉ်အကြောင်း တစေ့တစောင်း။

Posted by drmyochit Monday, July 21, 2014, under | No comments

 ဆောင်းပါး၊ ဇူလိုင် (၂၀) သမန်းကျား

ဇူလိုင်လ (၁၇) ရက်နေ့ က ယူကရိန်းနိုင်ငံအရှေ့ ဖက်၊ ရုရှားနယ်စပ်အနီး၊ သူပုန်များထိန်းချုပ်ရာနယ်တွင် လူပေါင်း ၂၉၈ ဦးကိုတင်ဆောင်ကာ အမြင့်ပေ ၃၃၀၀၀ မှပျံသန်းနေသော မလေးရှားလေကြောင်းပိုင် Boeing 777 MH 17 ပျက်ကျခဲ့ရာ ဒုံးကျဉ်ဖြင့်ပစ်ချခံခဲ့ရခြင်းဖြစ်သည်ဟု ယူကရိန်းသမ္မတက ချက်ခြင်းလိုလိုပြောကြားလိုက်ပြီး နောက် တစ်နေ့ တွင် အမေရိကန်သမ္မတအိုဘားမားကလည်း မလေးရှားလေယာဉ်သည် ဒုံးကျဉ်ဖြင့်ပစ်ချခံရခြင်းဖြစ် ကြောင်း၊ ယင်းဒုံးကျဉ်သည် သူပုန်နယ်မြေမှပစ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

အမြင့်ပေ ၃၃၀၀၀ တွင် တစ်နာရီမိုင် ၆၀၀ နှူန်းဖြင့် ညအမှောင်တွင်ပျံသန်းနေသော Boeing 777 ဂျက်လေယာဉ် ကြီးကို မြေပြင်မှမည်ကဲ့သို့ ထိမှန်အောင် ပစ်လိုက်ပါသနည်း။ MH 17 ကို မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်ဖြင့် ပစ်ချ ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း အိုဘားမားကပြောကြားခဲ့သည်ဖြစ်လေရာ မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ် အလုပ် လုပ်ပုံကို လေ့လာကြည့်ကြပါစို့ ။

မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်ကို လေကြောင်းအန္တရယ်ကာကွယ်ရန်၊ ရန်သူ့ ဒုံးကျဉ်များကို ပစ်ခတ်ဖျက်စီးရန် အသုံးပြု လေ့ရှိသည်။ ရုရှားလိုလားသူ သူပုန်များက မကြာသေးမှီကပင် ယူကရိန်းကုန်တင်လေယာဉ်တစ်စီးနှင့် ဂျက်တိုက် လေယာဉ်တစ်စီးကို အလားတူဒုံးကျဉ်ဖြင့်ပင် ပစ်ချခဲ့သေးသည်။
မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ် ၃-မျိုးရှိသည်။ တာဝေး၊တာလတ်၊တာတိုဖြစ်ပြီး တာဝေးပစ်ဒုံးကျဉ်များမှာ ကြီးမားလေးလံ ကာ သတ်မှတ်ထားသောနေရာတွင် အသေတပ်ဆင်ထားလေ့ရှိသည်။ တာလတ်ပစ်ဒုံးကျဉ်များကို မော်တော်ယာဉ် များပေါ်တွင် တပ်ဆင်ထားလေ့ရှိပြီး တာတိုပစ်ဒုံးကျဉ်များကိုမူ ပခုံးပေါ်ထမ်းကာပစ်ရသည်။

မလေးရှားလေယာဉ်ကို ပစ်ချခဲ့သောဒုံးကျဉ်မှာ Buk အမျိုးအစားဖြစ်ပြီး ရုရှားလုပ်လက်ဟောင်းအမျိုးအစား၊ ကိုယ် တိုင်တွန်းကန်အားပေးနိုင်၊ တာလတ်ပစ် မြေပြင်မှဝေဟင်ပစ် ဒုံးကျဉ်အမျိုးအစားဖြစ်သည်။ Buk ဒုံးကျဉ်များကို ၁၉၇၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး ခရုစ်ဒုံးကျဉ်များ၊ လေယာဉ်များ၊ စမတ်ဗုံးများကိုဖျက်ဆီးရန် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

တာလတ်ပစ်ဒုံးကျဉ်များကို ပြင်ဆင်ချိန်အနည်းဆုံးအတွင်း ပစ်ခတ်နိုင်ရန် စီစဉ်ပြုလုပ် ထားသည်။

မလေးရှားလေယာဉ်သည် ဘိုးအင်းဂျက်လေယာဉ်ကြီးများ ပုံမှန်ပျံသန်းလေ့ရှိသော အမြင့်ပေ ၃၃၀၀၀ တွင်ပျံသန်း နေရာမှ ရေဒါပေါ်မှ ရုတ်တရက်ပျောက်သွားကြောင်း အင်တာဖက်ယူကရိန်းသတင်းဌာနက တင်ပြသည်။ Buk ဒုံး ကျဉ်ပစ်စင်သည် ဒုံးကျဉ်များကို အမြင့်ပေ ၇၂၀၀၀ အထိပစ်ခတ်ပေးနိုင်ရာ မလေးရှားလေယာဉ်ကို အလွယ်တကူ ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။

Buk ဒုံးကျဉ်များသည် ပစ်မှတ်ကို semi-active radar homing စနစ်ဖြင့်ခြေရာခံသည်။ ရေဒါက ပစ်မှတ်ရှိသော ဖက်သို့  ဒုံးကျဉ်ကိုလွတ်လိုက်သည်။ ဒုံးကျဉ်က ပစ်မှတ်ရှိရာဖက်သို့  ဦးတည်ပျံသန်းရင်း ပစ်မှတ်မှထုတ်လွတ်သော signal ကိုဖမ်းယူကာ ဒုံးကျဉ်ကိုယ်ထည်တွင်တပ်ဆင်ထားသော ထရန်စမီတာက ပစ်မှတ်တည်နေရာကို ရေဒါထံ သို့  ပြန်ပို့ ပေးသည်။ ထိုအခါ ရေဒါက ဒုံးကျဉ်လမ်းကြောင်းကို ပစ်မှတ်ထံ ဆင့်ကဲဆင့်ကဲတည့်ပေးသော စနစ်ဖြစ် သည်။

သို့ သော် အမြင့်ပေ ၃၃၀၀၀ တွင်ပျံသန်းနေသော ဘိုးအင်း ၇၇၇ လေယာဉ်ကြီးကို စစ်လေယာဉ်တစ်စီးနှင့်မူ မမှား တန်ကောင်းရာ။ MH-17 က ကုဒ်အလွဲများပေးပို့ နေခြင်းသော်လည်းကောင်း၊ အပူကိုခြေရာခံပြီး ပစ်မှတ်ကိုဖျက်ဆီး လေ့ရှိသော ဒုံးကျဉ်က လေယာဉ်မှထုတ်လွတ်သောအပူကို ခြေရာခံမိပြီး လေယာဉ်အမျိုးအစားမခွဲခြားနိုင်တော့ပဲ ပစ်ချမိခြင်းသော်လည်းကောင်း ဖြစ်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ သယ်ယူပို့ ဆောင်ရေးဌာနမှ လေကြောင်းပျံသန်းမှုဆိုင်ရာကျွမ်းကျင်သူ မေရီရှီယာဗို ကသုံးသပ်သည်။

မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်များတွင် ရန်သူ၊မိတ်ဆွေ ခွဲခြားသောစနစ် Identification friend-or-foe (IFF) ပါဝင်ပြီး ဒုံးကျဉ်မပစ်လွတ်မှီ အသေးစိပ်အချက်အလက်များကို ရှေးဦးစွာခွဲခြမ်းစိပ်ဖြာလေ့ရှိသည်။

မတ်လတွင် MH 370, ယခု MH 17 ဆုံးရှုံးလိုက်ရပြီဖြစ်သော မလေးရှားလေကြောင်းသည် MH 17 နှင့် အဆက် အသွယ်ပြတ်တောက်သွားပြီဖြစ်ကြောင်း၊ နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သောနေရာမှာ ယူကရိန်းလေပိုင်နက်တွင် ဖြစ်ကြောင်း တွစ်တာတွင်ဖော်ပြခဲ့သည်။

ဘိုးအင်းကုမ္ပဏီကလည်း ယူကရိန်းလေပိုင်နက်ထဲမှာပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်းပေါ် လိုက်ပါသွား ခဲ့တဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းများအတွက် ကျွန်တော်တို့  အလေးအနက်ဆုတောင်းပေးပါတယ်။ အာဏာပိုင် များက အကူအညီလိုလာခဲ့ရင် ဖြစ်တဲ့နည်းနဲ့  ကူညီသွားဖို့  ဘိုးအင်းကုမ္ပဏီက အသင့်ရှိပါတယ်ဟု ထုတ်ပြန် ကြေငြာခဲ့သည်။

လေယာဉ်ပျက်ကျလျင်ကျခြင်းလိုလို ယူကရိန်းသမ္မတက အဆိုပါလေယာဉ်သည် ပစ်ချခံရခြင်းဖြစ်ကြောင်း စွပ်စွဲ ပြောဆိုလိုက်ပြီး အမေရိကန်သမ္မတအိုဘားမားကလည်း မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်ကို သူပုန်နယ်မြေမှ ပစ်လွတ် လိုက်သည့် အထောက်အထားများကိုတွေ့ ရကြောင်း နောက်တစ်နေ့ တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

သမ္မတအိုဘားမားကလည်း ရုရှားလိုလားသူ သူပုန်များသည် ရုရှားအကူအညီမပါဘဲ မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်ကို ပစ်ခတ်နိုင်စွမ်းမရှိဟု ပြောကြားထားပြီး ရုရှားကလည်း လေယာဉ်သည် ယူကရိန်းလေပိုင်နက်ထဲတွင် ပစ်ချခံရခြင်း ဖြစ်သဖြင့် ယူကရိန်းတွင်သာ တာဝန်အပြည့်ရှိသည်ဟု တုန့် ပြန်ထားသည်။

ဇူလိုင်လ (၂၀) ရက်နေ့ အထိတွင် လူ (၁၉၆) ဦး၏ အလောင်းများကို ရှာဖွေတွေ့ ရှိခဲ့သည်။ သက်ဆိုင်ရာက ယင်း အလောင်းများကို အိတ်များတွင်ထည့်ကာ အအေးခန်းရထားပေါ်တွင် တင်ဆောင်ထွက်ခွာသွားသော်လည်း မည် သည့်နေရာသို့  ပို့ ဆောင်မည်ကိုမူ မသိရသေးချေ။

ရုရှားလိုလားသူ သူပုန်များကလည်း အနောက်အင်အားစုကို လေယာဉ်ပျက်ကျရာသို့  ၀င်ထွက်သွားလာခွင့်ပြုရာ တွင် ကန့် သတ်မှုများရှိနေပြီး လေယာဉ်ပျံသန်းမှုမှတ်တမ်းပါဝင်သော သေတ္တာနက်ကိုလည်း နိုင်ငံတကာ အရပ်ဖက် လေကြောင်း အဖွဲ့ အစည်းကိုသာ လွဲပြောင်းပေးအပ်နိုင်မည်ဆိုကာ လက်ဝယ်ထားရှိကြောင်း လေ့လာရေးသား တင်ပြအပ်ပါသည်။

Lashio News Diary

သွေးတိုးရောဂါ

Posted by drmyochit Monday, July 21, 2014, under | No comments



သွေးတိုးရောဂါဟာ လူတွေအတွက် အသက် ၄၀ကျော်လာရင် အဖြစ်များလာကြတဲ့ ရောဂါတစ်မျိုးပါပဲ။ ဆီးချိုသွေးချိုရောဂါလိုပါပဲ။ သူကနေတစ်ဆင့် ဖြစ်ပွားလာနိုင်တဲ့ ဆင့်ပွားရောဂါ ဥပဒ္ဒဝေါတွေ အများကြီး ရှိနေပါတယ်။ ကံကောင်းတာတစ်ခုက သူ့ကို လွယ်လွယ်နဲ့ ကုသထိန်းချုပ်နိုင်တဲ့ အချက်ပါပဲ။ ဆေးမှန်မှန်သောက်ပြီး မသင့်တဲ့ အစားအသောက်၊ အမူအကျင့်၊ အနေအထိုင်တွေ ထိန်းချုပ်လိုက်တာနဲ့ အလွယ်တကူ သွေးတိုးကျလာနိုင်ပါတယ်။

သွေးတိုးစေအောင် အားပေးတဲ့အရာတွေလည်း ရှိနေပါတယ်။ အဲဒါတွေကတော့-
၁။ အိမ်သုံးဆား၊ ဆော်ဒါ၊ အချိုမှုန့်များများစားခြင်း။
၂။ ပိုတက်စီယမ်ဓာတ် ချို့ငဲ့ခြင်း(ကယ်စီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်များပါတွဲပြီး ချို့ငဲ့တတ်ပါတယ်)။
၃။ စိတ်ဖိစီးမှုများခြင်း၊ ဘ၀မှာအပြိုင်အဆိုင်များခြင်း။
၎။ အ၀လွန်ခြင်း။
၅။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း။
၆။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အညောင်းထိုင်ခြင်းများတို့ပါပဲ။

သွေးတိုးရောဂါရှိတဲ့အတွက် ဖိအားများတဲ့သွေးတွေဟာ နှစ်ရှည်လများ အဟုန်ပြင်းပြင်းနဲ့ စီးဆင်းတဲ့ဒဏ်ကြောင့် သွေးကြောကြီးတွေရဲ့ နံရံတွေ၊ နှလုံးသွေးကြောနဲ့ အခန်းနံရံတွေ၊ ကျောက်ကပ်၊ ဦးနှောက်စတဲ့အဂါင်္တွေကို ပျက်စီးစေပါတယ်။

အဲဒီဖိအားကပဲ သွေးထဲမှာ ပေါလောမျောနေတဲ့ အဆီဥတွေကို သွေးကြောနံရံတွေမှာ ပို့စေပါတယ်။ ဒီလိုနဲ့သွေးကြောက တဖြည်းဖြည်းကျဉ်းလာရပါတယ်။

ကြာတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးငတ်တဲ့ရောဂါ၊ နှလုံးသွေးကြောပြတ်ပြီး ကြွက်သားတွေ သေသွားတဲ့ရောဂါ(Myocardial Infaret) နဲ့ လေငန်းရောဂါတွေပါ ဖြစ်လာရပါတယ်။ သွေးတိုးကြောင့် မျက်လုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်စတာတွေထဲက နုနယ်တဲ့ သွေးကြောတွေ ပေါက်ကွဲပြီး သွေးယိုစီးနိုင်တာမို့ အချိန်မီမကုစားနိုင်ရင် အသက်ကို အန္တရာယ်ပြုနိုင်ပါတယ်။

သွေးတိုးနဲ့ပတ်သတ်လို့ သက်ဆိုင်ရာ ဆရာဝန်တွေအနေနဲ့ သွေးချိန်တိုင်းရုံသာမက ECG၊ ဆီးစစ်ခြင်း၊ ဆီးပိုးမွေးခြင်း၊ ရင်ဘတ်ကို ဓာတ်မှန်ရိုက်ခြင်း၊ မျက်လုံးထဲကြည့်တဲ့ ကိရိယာနဲ့ကြည့်ခြင်း၊ သွေးထဲက အဆီဓာတ်တိုင်းခြင်း၊ နှလုံးကို တယ်လီဗေးရှင်းရိုက်ခြင်း စတဲ့ စမ်းသပ်စစ်ဆေးမှု အဖုံဖုံကို လိုအပ်သလို လုပ်ပါလိမ့်မယ်။

လူတစ်ယောက် သွေးတိုးနေပြီဆိုရင် ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ရင်တုန်၊ အသက်ရှူမ၀ဖြစ်တာနဲ့အတူ သွေးလေးပြီး နေ့ခင်းဘက် အိပ်ချင်စိတ် သိပ်ဖြစ်တတ်ပါတယ်။ ညဘက်မှာတော့ စိတ်လှုပ်ရှားပြီး အိပ်မပျော်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ လန့်တတ်ထိတ်တတ်ခြင်း၊ လန့်ပြီးရင် ဒေါသထွက်ပြီးရင် တော်တော်နဲ့ အမောမပြေနိုင်ခြင်း ဖြစ်တတ်ပါတယ်။သွေးတိုးဝေဒနာ ကြာရှည်လာရင်တော့ နာတာရှည်သဘော ဖြစ်လာပြီး မျက်စိတွင်းက သွေးကြောလေးတွေနဲ့ အာရုံကြောလေးတွေကို ထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းလာရပါတယ်။ မောလွယ်လာတတ်ပါတယ်။ ခေါင်းထဲမှာ မကြည်ဘဲ စိတ်တိုလွယ်တတ်ပါတယ်။ ဆင့်ပွားရောဂါတွေအနေနဲ့ မျက်စိကွယ်ခြင်း၊ လေငန်းရောဂါဖြစ်ခြင်း၊ နှလုံးကြီးခြင်း၊ သွေးကြောတွေ ကြီးလာပြီး ပေါက်ကွဲခြင်းဆိုတာတွေ ဖြစ်လာတတ်ပါတယ်။

သွေးကိုတိုးစေတတ်တဲ့ ဆားများတဲ့ဟင်းတွေ၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်နဲ့ ငန်ပြာရည်တွေ၊ အချိုမှုန့်များများပါတဲ့ အစားအသောက်တွေ၊ အဆီအစေးများပြီး ပိတ်ဆို့တတ်တဲ့ ငါးသလောက်၊ ငါးသေတ္တာ၊ အုန်းနို့၊ ဒညင်းသီး၊ ဒူးရင်းသီးစတဲ့ အစားအစာတွေ၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆီထမင်းတို့ကိုလည်း ရှောင်သင့်ပါတယ်။

သွေးတက်ခြင်းကို လျော့နည်းပျောက်ကင်းစေတဲ့ ဒန့်ဒလွန်သီး၊ ဒန့်သလွန်ရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ တရုတ်နံနံ၊ ဥသျှစ်ရွက်တွေအပြင် ၀မ်းနဲ့ဆီးကို ရွှင်စေတတ်ပြီး ကြေညက်လွယ်တဲ့ သားငါးသီးနှံတွေကို စားသင့်ပါတယ်။

ကြက်သွန်ဖြူဟာ ၀ါယုလေဓာတ်ကို နိုင်လှတဲ့အတွက် သွေးတိုးရောဂါအတွက် အကောင်းဆုံး ဆေးတစ်လက် ဖြစ်ကြောင်း ရှေးဟောင်းအာယုဗ္ဗေဒ ဆေးကျမ်းကြီးတွေမှာ ဖော်ပြထားပါတယ်။ ကြက်သွန်ဖြူကို သူ့ချည်းဖြစ်စေ၊ နွားနို့နဲ့ရောကြိတ်လို့ဖြစ်စေ ရှေးဦးစွာ တစ်နေ့ ၁ပဲသားကုန်အောင် သောက်ရပါတယ်။

ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး ဆေးလည်းမှန်မှန်မှီဝဲရင် သွေးတိုးရောဂါကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပါမယ်လို့ တင်ပြလိုက်ရပါတယ်။


(မှတ်ချက်။ ဒေါက်တာအောင်နိုင်(ဆေးသုတေသန)ရေးသားသော ရောဂါသုတ ဆေးသုတ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)


MOI Webportal Myanmar

မလေးရှားလေယာဉ် ပစ်ချခံရမှုကို စစ်ဆေးရန် နိုင်ငံတကာတိုက်တွန်းချိန်တွင် ရုရှားလိုလားသောသူပုန်များ အလောင်းများကို ရွှေ့ပြောင်းမှုပြုလုပ်

Posted by drmyochit Monday, July 21, 2014, under | No comments

ဇူလိုင် ၂၀ ရက်တွင် မလေးရှားလေယာဉ်ပစ်ချခံရပြီး ပျက်ကျခဲ့သောနေရာ၌ အလောင်းများကို ရှာဖွေသိမ်းဆည်းနေသော ယူ့ကရိန်းအရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းရေးအဖွဲ့ဝန်ထမ်းများ

ယူကရိန်းရှိ ရုရှားလိုလားသော သူပုန်များသည် ပစ်ချခံခဲ့ရသည့် မလေးရှားလေယာဉ်မှ အလောင်း ၂ဝဝ နီးပါးကို ဇူလိုင် ၂ဝ ရက်တွင် ရထားများပေါ်သို့ ရွှေ့ပြောင်းခဲ့ပြီး လေယာဉ်ပျက်ကျသည့်နေရာတွင် လေယာဉ်၏ black box ဟု ယူဆရသော အရာဝတ္ထုများကို ရှာတွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။ သူပုန်များသည် အလောင်းများရှိသည့်နေရာများအား သွားရောက်မှုကို ကန့်သတ်ထားဆဲဖြစ်ပြီး အဓိကကျသော အထောက်အထားများကို ဖုံးကွယ်ထားသည်ဟု စိုးရိမ်မှုများ မြင့်တက်နေဆဲ ဖြစ်သည်။

လေယာဉ်ပျက်ကျသည့်နေရာတွင် black box နှင့်ဆင်တူသော အစိတ်အပိုင်းများကို တွေ့ရှိခဲ့ပြီး နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ရောက်ရှိလာပါက ၎င်းတို့ထံ လွှဲပေးသွားမည်ဖြစ်ကြောင်း ဒိုးနက်စ်ပြည်သူ့သမ္မတနိုင်ငံဟု ကိုယ့် ကိုယ်ကိုယ်ကြေညာထားသော အဖွဲ့မှခေါင်းဆောင် အလက်ဇန်ဒါဘိုရိုဒိုင်က ပြောကြားခဲ့သည်။ သူပုန်များသည် ကျွမ်းကျင်ပညာရှင်များ ရောက်လာသည့် အချိန်အထိ အလောင်းအများအပြားကို အအေးခန်းပုံစံလုပ်ထားသော ရထားတွဲများပေါ် ရွှေ့ပြောင်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားကို ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်မည်ဟု သတိပေး

အလောင်းများကို ပြန်လွှဲပေးရန်နှင့် လေယာဉ်ပျက်ကျသည့်နေရာအား စုံစမ်းစစ်ဆေးသူများကို အပြည့်အဝ ဝင်ရောက်စစ်ဆေးခွင့်ပြုရရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားလိုလားသောသူပုန်များကို ဩဇာသုံးပြီး ပြောကြားရန် ကမ္ဘာ့ခေါင်းဆောင်များက တောင်းဆိုခဲ့သည်။ ယင်းအချိန်တွင် ပြင်သစ်၊ ဗြိတိန်နှင့်ဂျာမနီခေါင်းဆောင် သုံးဦးတို့သည် ဥရောပသမဂ္ဂက ရုရှားကို ချဉ်းကပ်မှု ပြန်လည်စဉ်းစားရန်နှင့် ဇူလိုင် ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးသည့်အခါ ရုရှားကို ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်ရန်အတွက် အဆင်သင့်ရှိရန် သဘောတူခဲ့သည်ဟု ဒေါင်းနင်းလမ်းပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

လေယာဉ်အား ပစ်ချခဲ့သော ဒုံးကျည်အား ရုရှားက သူပုန်များကို ပေးခဲ့ကြာင်း ကယ်ရီပြောကြား

မလေးရှားလေယာဉ်ကို ပစ်ချ ခဲ့သောဒုံးကျည်သည် ရုရှားက ခွဲထွက်သူပုန်များကို ပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက စီအင်န်အင်န်ကို ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရတွင် ယင်းကဲ့သို့ ခေတ်မီသော SA-11 ဒုံးကျည်စနစ်မရှိကြောင်းကို မိမိတို့ယုံကြည်ကြောင်း၊ ယင်းအတွက် ခွဲထွက်သူပုန်များထံတွင် ရှိနေမှုသည် ရှင်းရှင်းလင်းလင်းဖော်ပြနေကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ပစ်ချခံခဲ့ရပြီးနောက်  ၁၂ နာရီမပြည့်မီ ဇူလိုင် ၁၈ ရက် တွင် သူပုန်ထိန်းချုပ်ထားသော နယ်မြေမှနေ၍ ရုရှားနိုင်ငံထဲသို့ Buk M-1 လေယာဉ်ဖျက် ဒုံးကျည်စနစ်သုံးခုကို ရွှေ့ပြောင်းခဲ့မှုနှင့်ဆိုင်သော ဓာတ်ပုံများနှင့် အထောက်အထားများ ၎င်းတို့တွင် ရရှိထားသည်ဟု ယူကရိန်းတန်ပြန်ထောက်လှမ်းရေးအကြီးအကဲ ဗစ်တာလီနေဒါက ပြောကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။ ခရီးသည်တင်လေယာဉ်ကို ပစ်ချမိကြောင်း သူပုန်တပ်မှူးနှင့် ရုရှားထောက်လှမ်းရေး တစ်ဦးတို့ ဖုန်းဖြင့်အပြန်အလှန် ပြောကြားမှုမှတ်တမ်းများကိုလည်း ယူကရိန်းက ထုတ်ပြန်ခဲ့သည်။

ပျက်ကျ လေယာဉ်ခရီးစဉ် ကုတ်နံပါတ်ကို အနားပေးမည်

ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ်အမှတ် MH17 သည် ပစ်ချခံခဲ့ရပြီး လေယာဉ်ပေါ်လိုက်ပါလာ သူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ပြီးနောက် ၎င်းတို့ကို လေးစားမှုဖြင့် ယင်းကုတ်နံပါတ် MH17 ကို အနားပေးသွားမည်ဖြစ်ကြောင်း မလေးရှားလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

Eleven

အစ္စလာမ် ဘာသာသို့ မပြောင်းပါက ဒဏ်ငွေ ပေးဆောင်ရမည်၊ မပေးပါက သေဒဏ် အပေးခံရမည်ဟု ISIS အဖွဲ့ ရာဇသံထုတ်

Posted by drmyochit Monday, July 21, 2014, under | No comments


ဘဂ္ဂဒက်၊ ဇူလိုင် ၂၀

အစွန်းရောက် အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့ ISIS က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ မြို့တစ်မြို့ ဖြစ်သော မိုဆူးလ်မြို့တွင် နေထိုင်သော ခရစ်ယာန် ဘာသာဝင်များကို အစ္စလာမ် ဘာသာသို့ မပြောင်းပါက ဒဏ်ငွေ ပေးဆောင် ရမည် ဖြစ်ပြီး မပေးပါက သေဒဏ် ပေးခံရမည်ဟု ရာဇသံ ထုတ်ခဲ့ကြောင်း CNN သတင်းဌာ နတွင် ဖော်ပြထားသည်။

ISIS အဖွဲ့က ထိုကဲ့သို့ ရာဇသံ ထုတ်ခဲ့ပြီးနောက် မိုဆူးလ်မြို့မှ ခရစ်ယာန် ဘာသာဝင် မိသားစု အများ အပြားမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ ထွက်ပြေးခဲ့ကြသည်။

စုစုပေါင်း ခရစ်ယာန် ဘာသာဝင် မိသားစု ၅၂ စုမှာ စနေနေ့ အစောပိုင်းက မိုဆူးလ်မြို့မှ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့မှာ လက်နက်ကိုင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် အဝတ်အစား အနည်းငယ်မှလွဲ၍ ၎င်းတို့ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို ထားရစ်ခဲ့ကြရသည်။

“ကျွန်တော်တို့ရဲ့ ရွှေတွေ၊ ငွေတွေနဲ့ ကျောက်မျက်ရတနာတွေ အားလုံး ထားရစ်ခဲ့ရပြီး အဝတ်အစားတွေပဲ ယူသွား ရမယ်လို့ သူတို့က ပြောတယ်” ဟု မိုဆူးလ်မြို့မှ ထွက်ပြေးလာသော ခရစ်ယာန် ဘာသာဝင် တစ်ဦးက ပြောကြားသည်။

ထွက်ပြေးသွားသော ခရစ်ယာန် ဘာသာဝင်များ၏ အိမ်များတွင် ISIS အဖွဲ့က “ISIS အဖွဲ့ပိုင် အဆောက် အအုံ” ဟု အဓိပ္ပာယ်ရသော စာသားများကို အနက်ရောင် ဆေးများဖြင့် လိုက်လံ ရေးသားထားသည်ကို CNN သတင်းဌာန၌ ဖော်ပြထားသော ဓာတ်ပုံများတွင် တွေ့ရှိရသည်။

မိုဆူးလ်မြို့မှ ထွက်ပြေးသော မိသားစုများမှ အများစုမှာ မိုဆူးလ်မြို့ မြောက်ဘက်၊ ၈၇ မိုင်အကွာရှိ ဒိုဟက်ခ်ခရိုင်သို့ ထွက်ပြေးခဲ့ကြပြီး အချို့မှာမူ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိသော အာဘေလ်မြို့သို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

ဆွန်နီသူပုန်အဖွဲ့ ISIS သည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသ အများအပြားကို သိမ်းပိုက်ထားပြီး ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများကို စုပေါင်းကာ အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် ကြေညာထားသည်။

မိုဆူးလ်မြို့တွင် လက်ရှိ နေထိုင်နေသူများ အားလုံး မိုဆူးလ်မြို့တွင် ဆက်လက် နေထိုင်လိုပါက အစ္စလာမ်ဘာသာသို့ ဝင်ရောက်ရမည် ဖြစ်ပြီး အကယ်၍ မဝင်ရောက်လိုပါက အီရတ်နိုင်ငံသုံး ငွေကြေး ၅၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၇၀ ခန့်) ပေးဆောင်ရမည်ဟု ISIS အဖွဲ့က မိုဆူးလ် မြို့တော်ဝန်အဖြစ် ခန့်အပ်ထားသော ဆယ်လ်မန်အယ်ဖာရီဆီက အမိန့်စာ ထုတ်ခဲ့သည်။

ထိုစာကို ပြီးခဲ့သော ရက်ပိုင်းအတွင်းက မိုဆူးလ်မြို့ရှိ ခရစ်ယာန် ဘာသာဝင်များ၏ အိမ်များကို ဖြန့်ဝေခဲ့ကြောင်းနှင့် အစ္စလာမ် ဘာသာသို့လည်း မဝင်ရောက်လို၊ ဒဏ်ငွေလည်း မပေးဆောင်လိုသူများကို မြို့မှ ထွက်ခွာခွင့် ပြုထားကြောင်း ISIS အဖွဲ့ ခေါင်းဆောင် အဘူဘက်ခ်အယ်လ်ဘတ်ဒါဒီက ပြောကြားသည်။

ရက်စက်ကြမ်းကြုတ်သော သူပုန်အဖွဲ့အဖြစ် နာမည်ဆိုးနှင့် ကျော်ကြားသော ISIS အဖွဲ့သည် ပြီးခဲ့သော ကြာသာပတေးနေ့က ဆီးရီးယားနိုင်ငံ အတွင်းရှိ ရေနံမြေ အများအပြားကို သိမ်းပိုက်ခဲ့ပြီး လူပေါင်း ၂၇၀ ဦးကို သတ်ဖြတ်ခဲ့သည်။

The Voice Weekly

ရိုးရာဓလေ့ဖြင့် မီးလှုံရာမှ မိခင်နှင့်ကလေး မီးခိုးမွှန်ပြီး သေဆုံး

Posted by drmyochit Monday, July 21, 2014, under | No comments


ထိုင်းနိုင်ငံအလယ်ပိုင်း ပကျုတ်ခီရိခန်ခရိုင်မှာ မီးနေသည် မြန်မာအလုပ်သမတဦး ထင်း မီးမြှိုက်လှုံရာကနေ မီးခိုးငွေ့မွှန်ပြီး မွေးစကလေးပါ သေဆုံးခဲ့သလို အခန်းထဲက ဆွေမျိုး ၃ ဦးပါ အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့  မနက် ၈ နာရီအချိန်က ပကျုတ်ခီရိခန်မြို့ ခလောင်းဝပ်လမ်း ဆ၀ိုင်ချုတ် ရပ်ကွက်ထဲမှာ မီးလောင်မှုဖြစ် ပွားကြောင်း သတင်းပေးချက်အရ  ရဲတပ်ဖွဲ့ဝင် နဲ့ မီးသတ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက်ကြည့်ရှုရာမှာ အလုပ်သမားတွေ ငှားနေတဲ့ ၅ ခန်းတွဲ တိုက်ခန်းထဲမှာ မီးခိုးငွေ့မွှန်ပြီး သေဆုံးနေတဲ့ မိခင်နဲ့ ကလေးရော၊ မေ့မြောနေသူ  ၃ ဦးပါ တွေ့ရှိခဲ့တယ်လို့ ခလောင်းဝပ်ရဲစခန်း တာဝန်ကျ ဒုစခန်းမှူး နိုင်းအားမွန်း ဖစ်ချဒုန်းက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်ပွားရာ အခန်းဟာ အတွင်းကနေ ပိတ်ထားတဲ့အတွက် တာဝန်ရှိသူတွေဟာ တံခါးကို ဖျက်ဝင်ခဲ့ရပြီး ပြူတင်းပေါက်တွေပါ အလုံပိတ်ထားတာ တွေ့ရကြောင်း၊ ခုတင်အောက်မှာလည်း ဇလုံတခုထဲမှာ ပြာထည့်ပြီး မီးမြှိုက်ထားတဲ့ ထင်းသုံးချောင်းကို တွေ့ရတဲ့အတွက် အခန်းထဲက လူတွေ လေ၀င်လေ ထွက်ပြတ်လပ်ပြီး သေဆုံးမေ့မြောကုန်တာလို့ ရဲအရာရှိက ခန့်မှန်းပြောဆိုပါတယ်။

ရဲစခန်းကို သတင်းပေးသူဟာ ရေလုပ်သား ကိုဒိုင်း ဆိုသူဖြစ်ပြီး ညအလုပ်ဆင်းပြီးနောက် မနက်အိမ်ပြန်လာရာမှာ အိမ်ထဲဝင်လို့မရဘဲ ထူးထူးခြားခြားတိတ်ဆိတ်နေတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူမှာ ကိုဒိုင်းရဲ့ ဇနီး ရီဖာထော အသက် ၂၂ နှစ် ဖြစ်ပြီး စားသောက်ဆိုင်တခုမှာ အလုပ်လုပ်ကြောင်း၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကမှ ပကျုတ်ခီရိခန်ဆေးရုံကနေ ကလေးမွေးပြီး အိမ်ပြန်ကာ ရိုးရာ ဓလေ့အရ မီးလှုံခဲ့ကြောင်း၊ ကလေးကိုတော့ အမည်မပေး ရသေးဘူးလို့ ဆိုပါတယ်။

သတိလစ်မေ့မြောသူ ၃ ဦးကတော့ မီးနေသည်ကို လာစောင့်ပေးတဲ့ မမိုး ၃၅ နှစ်၊ မထွန်းလိတ် ၁၅ နှစ်နဲ့ မောင်ထွေး ၆ နှစ်တို့ ဖြစ်ကြောင်း တာဝန်ကျရဲအရာရှိအပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

ပကျုတ်ခီရိခန်ဆေးရုံကြီးရဲ့ စစ်ဆေးချက်အရ  သားအမိ ၂ ဦးဟာ မနက် ၂ နာရီလောက်တည်းက သေဆုံးခဲ့တာဖြစ်ပြီး မေ့မြောသူ ၃ ဦးမှာ အဆုတ်ထဲ ကာဗွန်မိုနောက်ဆိုဒ်ဝင်သွားတဲ့အတွက်  အောက်ဆီဂျင်ပေးသွင်း ကုသထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

ဂါရ၀ပြုသူများ အဆင်ပြေရေးကို ဦးစားပေးခဲ့ခြင်းဖြစ်ပြီး ဘယ်မီဒီယာကိုမှ စော်ကားလိုစိတ်မရှိဟု ဝေဠုကျော်ပြော

Posted by drmyochit Monday, July 21, 2014, under | No comments



အာဇာနည်နေ့တွင် အာ ဇာနည်ကုန်း အလေးပြုသောနေ ရာ၌  ကြက်ခြေနီအဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့    က တောက်ကဆဖြစ်ခဲ့ပြီး  ၎င်းအ နေဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။

အာဇာနည်ကုန်းပေါ်တွင် ဒီဗီဘီသတင်းဌာနမှ သတင်း ထောက်တစ်ဦးကို အလေးပြုပြီး ပြန်ဆင်းရန် ပြောရာမှ ကတောက်ကဆဖြစ်ပြီး   သတင်းထောက် ကတ်ပြခိုင်းခဲ့ရာ သတင်းထောက် က မကျေနပ်သဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အ ကြောင်းအရာကို    ရေးတင်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ရေးခြင်းနှင့်ပတ်သက် ၍ ဝေဠုကျော်က လာရောက်ဂါရ ၀ပြုသည့် ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကို သာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။

‘‘ဘယ်မီဒီယာကိုမှ စော် ကားလိုစိတ်မရှိပါဘူး။ သူဘယ် သူလဲဆိုတာလည်း   ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီသတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြပါလို့ ပြောပါ တယ်။ သူ ကတ်ပြားပြလို့ သတင်း ယူမယ်ဆိုရင်   ယူခွင့်ပေးရမှာ လေ။ သူက ကတ်ပြားမရှိတော့ ဘူး၊ ပျောက်သွားတယ်ဆိုတော့ သူဘယ်သူလဲ ကျွန်တော်မသိဘူး လေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်းမမြင်တာတော့ ကျွန် တော်လည်း   မတတ်နိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။

မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင်သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွား ရောက်ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။

ကြက်ခြေနီတစ်ဦးအနေ ဖြင့်   နိုင်ငံတော်ပွဲတိုင်းတွင်   ပါ ၀င်လေ့မရှိသော်လည်း အာဇာ နည်နေ့တွင် လာရောက်ဂါရ၀ပြု သူ အလွန်များသောကြောင့် အ ဆင်ပြေပြေ ဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု  ၎င်းက ပြော သည်။

ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီအဖွဲ့တွင် တပ် ခွဲမှူးရာထူးဖြင့်   စည်းရုံးရေးမှူး တာဝန်    ထမ်းဆောင်လျက်ရှိ သည်။

7 Day

ပျိုမေများ တင် အချိုးကျကျ ငွါးငွါးစွင့်စွင့်လှစေဖို့ လေ့ကျင့်ခန်း

Posted by drmyochit Monday, July 21, 2014, under | No comments



အမျိုးသားတွေဟာ ပိန်ပိန်ဝဝ ခါး တင် အချိုး ၈၀ အောက် ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး စိတ်ဝင်စား ကြပါသတဲ့။ တင်ပါးဆုံရိုးကွင်း (pelvis) ကား တဲ့ အမျိုးသမီးတွေက သူတို့ ကလေးလေးတွေကို ရှောရှောရှူရှူ အခက်အခဲ မရှိ မီးဖွား ပေးနိုင်လို့ သင်မထားပေမယ့် အမျိုးသားတွေ ရဲ့ဦးနောက်မှာ ဒီလိုအချိုးဆို ဒီလိုကြိုက် တဲ့ အသိရှိနေတာဖြစ်ပါတယ်။။

တင်ကို ငွါးငွါးစွင့်စွင့်လေးဖြစ် စေဖို့လုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာက pelvis အရိုးကွင်းကျယ်လာစေမှာ မဟုတ်ပေမယ့် အဲဒီ အပေါ်ကို ကြွက်သား ထပ်အုပ်ပေး တဲ့ သဘောပါ။ ကြည့်ကြရအောင်လားရှင်။

Side Lunge
A)ခြေထောက်ကို တင်ပါးနဲ့ တစ်တန်းထဲမှာထားပါ။ အလေး တစ်ခုစီကို လက်တစ်ဘက် စီ မှာ ကိုင်ပြီး ကိုယ်ကိုမတ်မတ်နေပါ။
B) ညာဘက်ခြေကို ဘေးသို့ ဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး ဘယ်ဒူးကို ကွေးချပါ။ အလေးနှစ်နှစ်ခု ဟာ ဘယ်ခြေရဲ့ တဖက်တချက်မှာ ရှိပါစေ။ :: လုပ်နေစဉ် အတွင်းမှာ တင်ပါးသားကို အနောက်သို့ ပစ်ထားဖို့လိုပါမယ်။
C) မူလ အနေအထားတိုင်း ပြန်သွားပြီး တစ်ဖက် သို့ပြောင်းပါ။
:: ဘယ်၊ညာ တစ်ဘက်စီကို ၁၀ ကြိမ် မှ ၁၂ကြိမ်ထိ လုပ်ပေးပေးရပါမယ်။

Side Step Ups
A) လှေကားဖြစ်ဖြစ်၊ ခွေးခြေဖြစ်ဖြစ် မြင့်တဲ့နေရာ တစ်ခုပေါ်ကို ဘယ်ခြေထောက်ကို တင်ထားပြီး ကိုင်ထားတဲ့ အလေးကို ဘယ် ပခုံးနဲ့ကပ်ထားပါ။
B) ဘယ်ခြေကိုအားပြုရင်း ညာခြေကို အရှေ့ သို့လှမ်းကန်ပါ။ ဟန်ချက် မပျက်အောင် ညာလက် ကို ပုံမှာပြထားတဲ့အတိုင်း ဘေးသို့ ဆန့်တန်းထားရပါမယ်။
:: ၁၀ကြိမ်ပြည့်အောင်လုပ်ပြီး နောက်တစ်ဖက် ဘက်ပြောင်းပါ။

Hip Abductor
A) မတ်တပ်ရပ် အနေအထားမှာဘယ်ခြေကို ညာခြေအရှေ့မှာ ထားပါ။ :: ခါးမကိုင်းမိစေဖို့ ဂရုပြုပါ။
B) ဘယ်ဘက်ခြေထောက်ကို မူလနေရာမှ ဘေးတိုက် အဝေးသို့ လွှဲပါ။ လွှဲနေစဉ်မှာ ဒူးမကွေးစေဖို့ သတိပြုရပါမယ်။
လေ့ကျင့်ခန်း တစ်ခေါက်လုပ်တိုင်း ၁၂ကြိမ်လွှဲပေးရပါမယ်။

အချိန်တိုအတွင်းမှာ သိသိသာသာလေး ဖြစ်စေချင်ရင် တော့ အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
ဒီဆောင်းပါးလေးကို ဒီမျှနဲ့ ကျေနပ်နှစ်သက်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။ နောက်နောင်အလျင်းသင့်ရင် ပျိုမေတို့အတွက် ကောင်းနိုးရာရာလေးတွေကို ကြိုးစားဖော်ပြပေးသွားဦး မှာပါ။ စာဖတ်သူပျိုမေတွေ အားလုံး ကျန်းမာပျော်ရွှင်ဖွယ် နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Credit : New Myanmar News

ဝါဆိုမိုးဦးရဲ့ မွေးနေ့ဖက်ရှင်တဲ့ ရေလည်လန်းတယ်နော်...

Posted by drmyochit Monday, July 21, 2014, under | No comments






ရှမ်းမြောက်တွင် အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများပြား

Posted by drmyochit Monday, July 21, 2014, under | No comments


Monday, July 21, 2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်ပူးကျေးရွာအနီးတွင် ဇူလိုင် ၂၀ ရက် နံနက် ၅ နာရီခွဲခန့်၌ အစိုရတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများပြားကြောင်း အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောသည်။

“ ကျေးရွာတွေကို ၀င်ပြီး ရိက္ခာတောင်းတယ်၊ ဆက်ကြေးကောက်တယ်၊ ပြီးတော့ လူသစ်အတင်းအကြပ်စုတာ တွေလည်းရှိတယ်၊ ဒေသခံရွာသားတွေအတွက် အကြပ်အတည်းဖြစ်တာများလို့ နယ်မြေစိုးမိုးရေးလုပ်ရင်းသွား တာပါ၊ မန်ပူးရွာနားမှာ TNLA အဖွဲ့ကစပြီး ပစ်တာကြောင့် တိုက်ပွဲဖြစ်ရတာပါ ” ဟု နမ့်ခမ်းအခြေစိုက် အစိုရတပ်မှ အရာရှိကြီးတစ်ဦးမှ ပြောသည်။

အဆိုပါ ကျေးရွာအနီးတွင် TNLA အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ၀င်ရောက်လာမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း၊ TNLA အဖွဲ့အား အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်၍ ရွာအနီးမှ ထွက်ခွာပေးရန် ကျေးရွာလူကြီးများ သွားရောက်တောင်းဆိုသော်လည်း မရကြောင်း၊ အစိုးရတပ်အား TNLA မှ နှစ်ဖွဲ့ခွဲ၍ စောင့်ဆိုင်းကာ စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ မနက် ၅ နာရီခွဲလောက်မှာ တစ်ကြိမ်ဖြစ်တယ်၊ ပြီးတော့ မနက် ၇ နာရီခွဲလောက်မှာလည်း တစ်ကြိမ်ဖြစ်သံ ကြားတယ်၊ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရတာတွေ၊ သေတာတွေလည်း ရှိလောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက တော်တော်ကြာကြာဖြစ်တာဆိုတော့လေ ” ဟု မန်ပူးရွာသားတစ်ဦးက ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံအား ဆက်သွယ် မေးမြန်း ကြည့်ရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှု မသိရသေးကြောင်း ပြောကြားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သော အစိုးရတပ်မှ တပ်ရင်းမှူးတစ်ဦးက “ ကျွန်တော်တို့ဘက်က အရာရှိတစ်ဦးနဲ့ စစ်သည်နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်၊ ကျဆုံးတာမရှိပါဘူး၊ TNLA ဘက်က အလောင်း ၅ လောင်း နဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ် ” ဟု ပြောကြားသွားသည်။

နမ့်ခမ်းမြို့နယ်လွှတ်တော်အမတ်တစ်ဦးကတော့ “ တိုက်ပွဲတွေ ဖြစ်တယ်ကြားတယ်၊ TNLA ဘက်က ကျဆုံးတာ များတယ်လို့ သိရတယ်၊ နောက် ၃ ရက်ဆိုရင် အပစ်ရပ်ရေးမူကြမ်းကိစ္စ NCCT က လိုင်ဇာမှာ လုပ်တော့မှာ၊ ဒါပေမယ့် ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်နေတယ်၊ TNLA ကလည်း အင်အားမရှိဘဲနဲ့ အစိုးရတပ်တွေ ကို တိုက်နေတာဟာ ရိုးရိုးသားသားတော့ မဟုတ်ဘူး၊ KIA နဲ့ ကိုးကန့်အဖွဲ့တွေ ပေါင်းထားတာလို့ သိရတယ်၊ ဒီကိစ္စဟာ KIA ရဲ့လှည့်ကွက်ပါ၊ ကချင်မှာ တိုက်ပွဲမဖြစ်ဘဲ ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်အောင် TNLA ကို အသုံး ချနေတာလေ၊ စာရွက်ပေါ်က အပစ်ရပ်မူကြမ်းနဲ့ မြေပြင်မှာ တိုက်ပွဲဖြစ်နေတာ မဖြစ်သင့်ဘူးလို့ မြင်ပါတယ် ”ဟု ပြောကြားသွားခဲ့သည် ။

စိုင်းဇော်အောင် (နမ့်ခမ်း)
Credit Sai Zaw Aung
Myanmar Military News

စစ်တလင်းပေါ် ဖြတ်ကျော်သည့် အရပ်ဘက်လေယာဉ် ပစ်ချခံရမှု မည်သူ့လက်ချက်နည်း

Posted by drmyochit Monday, July 21, 2014, under | No comments


ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများထိန်းချုပ်ထားသော နယ်မြေအတွင်း၌မလေးရှား လေကြောင်းဌာနမှ ခရီးသည်တင်လေယာဉ်တစ်စင်းပစ်ချခံရမှုဖြစ်ရပ်နှင့်ပတ်သက်၍ မိမိတို့တွင်တာဝန်မရှိကြောင်း ရုရှားနှင့်ယူကရိန်းအစိုးရအဖွဲ့များက ငြင်းဆိုလိုက်ကြသည်။

ဇူလိုင် ၁၇ရက် မွန်းလွဲပိုင်းက မလေးရှားလေကြောင်းဌာနမှ ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၁၇ ပျံသန်းလာသော ဘိုးအင်း ၇၇၇-၂ဝဝ အမျိုးအစား လေယာဉ်သည် လူဟန့်စ်ဒေသရှိ ကရာစသနီလုခ်ျမြို့နှင့်ဒွန်းနက်စ်ဒေသရှိ ရှခါတာ့ခ်မြို့အကြား ဝေဟင်အတွင်းပျက်ကျခဲ့သည်။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ ပျံသန်းလာသော အရပ်ဘက်ဂျက်လေယာဉ်တစ်စင်းပစ်ချခံရမှုတွင် မိမိတို့ တာဝန်မရှိဟု ခွဲထွက်ရေးသမားများကလည်း ထုတ်ပြန် ကြေညာခဲ့သည်။

ယူကရိန်းပဋိပက္ခသည် ကမ္ဘာ့နိုင်ငံများငြိယှက် ပတ်သက်နေသော အရှုပ်အထွေးဖြစ်ပြီး လေယာဉ်ပေါ်၌ နိုင်ငံသားပေါင်းစုံ လိုက်ပါလာခဲ့ရာ ယင်းလေယာဉ်ပျက်ကျရမှုကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံများပူးပေါင်းပါဝင်သင့်သည်ဟု ယူကရိန်းအစိုးရက ပြောကြားလိုက်ကာ နယ်သာလန်၊ မလေးရှားနှင့် အမေရိကန်ပြည်ထောင်စု
တို့မှ မြို့ပြလေကြောင်း ကျွမ်းကျင်သူပညာရှင်များကို ဖိတ်ခေါ်ခဲ့သည်။

လေယာဉ်ပျက်ကျခဲ့သည့်ဒေသအတွင်း ဇူလိုင် ၁၇ ရက်က မိမိတို့၏ တပ်ဖွဲ့များမည်သည့် စစ်ဆင်ရေး လှုပ်ရှားမှုကိုမျှ လုပ်ကိုင်ခဲ့ခြင်းမရှိဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အလားတူပင် ယူကရိန်းအစိုးရအဖွဲ့က ဂျက်လေယာဉ်ပစ်ချခံရမှုတွင် ပါဝင်ပတ်သက်မှုမရှိဟု ဆိုသည်။ ယူကရိန်းဝေဟင်ပိုင်နက်အတွင်း မိမိတို့၏ ဂျက်တိုက်လေယာဉ်များ ပျံသန်းခဲ့ခြင်းမရှိကြောင်း၊ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ဖျက်ဆီးနိုင်သော ဇုန်နယ်မြေအပြင်ဘက်
တွင် ခရီးသည် လေယာဉ်ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လေယာဉ်ပေါ်လိုက်ပါလာသူ ၂၉၈ ဦးသေဆုံးရသောဖြစ်စဉ်နှင့်ပတ်သက်၍ အကျယ်အကျယ်မငြိမ်းဖွယ် ပြောဆိုချက်များပေါ်ထွက်လာသည်။ ယင်းလေယာဉ်ပေါ်၌ ခရီးသည် ၂၈၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၅ ဦး လိုက်ပါလာခဲ့သည်။

မလေးရှားလေကြောင်းမှ ခရီးသည်တင်လေယာဉ်သည် ဂရာဘိုဗိုမြို့ဝေဟင်အတွင်း မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရကြောင်း အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူများက ပြောကြားသည်။

ယူကရိန်းအစိုးရတပ်ဖွဲ့နှင့်ရုရှားလိုလားသော ခွဲထွက်ရေးသမားများအကြား တိုက်ခိုက်လျက်ရှိကြသည့် ရုရှားနယ်စပ်အနီး ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသတွင် ခရီးသည်တင်လေယာဉ်ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ လေယာဉ်သည် အမြင့်ပေ ၃၃ဝဝဝ မှ ပျံသန်းနေစဉ်အတွင်း ပစ်ချခံခဲ့ရသည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ယူကရိန်းကြည်းတပ်သည် BUK M1 အမျိုးအစား လေကြောင်းရန် ကာကွယ်ရေးဒုံးပစ်လောင်ချာများ ပိုင်ဆိုင်ခြင်းကြောင့် ခရီးသည်တင်လေယာဉ်ပစ်ချခံရမှုအတွက် တာဝန်ရှိမည်ဟု ယူဆရဖွယ်ဖြစ်ကြောင်း ရုရှားစစ်ဘက်က ထုတ်ပြန်ကြေညာခဲ့သည်။

မိမိတို့သည် ယူကရိန်းစစ်စခန်းတစ်ခုအားသိမ်းပိုက်ခဲ့ပြီးနောက် BUK ဒုံးပစ်လောင်ချာများကို ပိုင်ဆိုင်ထားပြီဟု ခွဲထွက်ရေးတပ်ဖွဲ့က ဇွန်လနှောင်းပိုင်းက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြွားလုံးထုတ်ခဲ့ရာခရီးသည် တင်လေယာဉ်ပစ်ချရာတွင် ယင်းဒုံးပစ်လောင်ချာ အမျိုးအစားကို အသုံးပြုဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုလျက်ရှိကြသည်။

ယူကရိန်းမြို့ငယ်လေးဖြစ်သော ဂရာဘိုဗိုမြို့ အထက်ဝေဟင်အတွင်း လေယာဉ်ပေါက်ကွဲပျက်စီးသွားခဲ့ရပြီး မိုင်အနည်းငယ်အတွင်း အပျက်အစီးအပိုင်းအစများ လွင့်စင်ကျရောက်ခဲ့သည်။
မလေးရှားလေကြောင်းလိုင်းမှ ဘိုးအင်းခရီးသည် တင်လေယာဉ်တစ်စင်းဒုတိယမြောက် ဆုံးရှုံးရမှုအတွက် မလေးရှားပြည်သူများယူကျုံးမရအပူလုံးကြွကြရပြန်သည်။

မလေးရှားလေကြောင်းဌာနပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းသည် မြို့တော် ကွာလာလမ်ပူမှ မြို့တော်ပေကျင်းသို့ ပျံသန်းစဉ်လမ်းခုလတ်၌ ပျောက်ဆုံးသွားခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီးနောက် လေးလမျှသာ ကြာမြင့်ချိန်တွင် ဒုတိယအကြိမ်ခရီးသည်တင်လေယာဉ်ဆုံးရှုံးရခြင်းဖြစ်သည်။
နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့ချုပ်နှင့် နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်းတို့က ပျံသန်းမှုကို ပိတ်ပင်ထားခြင်းမရှိသည့်လမ်းကြောင်းတွင် ကြမ္မာငင်ခဲ့ရသော ခရီးသည်တင်လေယာဉ်နှင့် ပတ်သက်၍ အဖြစ်မှန်ကို အတိအကျသိရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်က ထုတ်ပြန်ကြေညာခဲ့သည်။

မလေးရှားလေကြောင်းဌာနက နှစ်ပေါင်းများစွာကြာမျှ အသုံးပြုလာခဲ့သော လမ်းကြောင်းအတိုင်း လေယာဉ်ပျံသန်းခဲ့ကြောင်း၊ လုံခြုံစိတ်ချရသော ယင်းလမ်းကြောင်းကို အာရှနိုင်ငံများရှိ လေကြောင်းဌာန အများစုနှင့်ဥရောပလေကြောင်းဌာန အများအပြားကလည်း အသုံးပြုလျက်ရှိကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးလိုတွန်းလီက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့်တိုင်အောင် ရန်မီးပွားနေသောဒေသ၏ စစ်တလင်းတည်ရာ ဝေဟင်အတွင်းအရပ်ဘက်လေယာဉ်များ ဖြတ်ကျော်ပျံသန်းခြင်းကို ဥရောပနှင့်ယူကရိန်းလေကြောင်း ထိန်းသိမ်းရေးမှူးများက ခွင့်ပြုပေးထားချိန်တွင် ခရီးသည်တင်လေယာဉ်ပစ်ချခံခဲ့ရခြင်းဖြစ်သည်။

ခရီးသည်လေယာဉ် ပစ်ချခံရမှုအတွက် ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံကို အပြစ်ဆိုခဲ့အပြီးတစ်ရက်အကြာတွင် ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသ၌ အပစ်အခတ်ရပ်စဲရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန်တိုက်တွန်းခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဇူလိုင် ၁၆ရက်က ယူကရိန်းစစ်ဘက်မှ ဂျက်လေယာဉ်နှစ်စင်းကို မိမိတို့ပစ်ချခဲ့သည်ဟု ခွဲထွက်ရေးတပ်ဖွဲ့များက ဝင့်ဝင့်ကြွားကြွားပြောဆိုခဲ့ကြသော်လည်း ခရီးသည်တင် လေယာဉ်ပစ်ချခံရမှုတွင် တာဝန်ယူရန် လက်ရှောင်နေကြသည်လောဟု သံသယပွားလျက်ရှိကြသည်။
ခရီးသည်တင်လေယာဉ်အားပစ်ချသူများကို နိုင်ငံတကာခုံရုံးတွင် ရုံးတင်စစ်ဆေးသင့်ပြီး ပြစ်ဒဏ်ပေးသင့်သည်ဟု ယူကရိန်းဝန်ကြီးချုပ် အာဆင်နီယက်ဆင်ယွတ်က ပြောကြားခဲ့သည်။

ဇူလိုင် ၁၈ ရက် မွန်းတည့်ချိန်အထိ ရုပ်အလောင်းပေါင်း ၁၈၁ ခုကို ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေတွေ့ရှိခဲ့သည်။ခရီးသည်များတွင် ဒတ်ခ်ျ၊ မလေး၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဗြိတိသျှ၊ ဂျာမန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံသားများပါဝင်သည်ဟု မလေးရှားလေကြောင်းဌာနက ပြောကြားသည်။
ခရီးသည်များအနက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ သုတေသီပညာရှင်များပါဝင်ပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပမည့် နိုင်ငံတကာအေ့ဒ်စ်ရောဂါဆိုင်ရာ ညီလာခံသို့ သွားရောက်မည့်သူများဖြစ်ကြသည်ဟု သိရသည်။

ယူကရိန်းအရေးပေါ်လုပ်ငန်းများဌာနမှ လုပ်သားများသည် လေယာဉ်ပျက်ကျရာနေရာမှ ပျံသန်းမှုသတင်းအချက်အလက် မှတ်တမ်းတင် အသံဖမ်းစက်နှင့် လေယာဉ်မောင်းခန်း အသံများအား မှတ်တမ်းတင်သည့် အသံဖမ်းစက်တို့ကို ရှာဖွေတွေ့ရှိပြီဟု ယူကရိန်းအရှေ့ပိုင်းဒွန်းနက်စ်ဒေသ၏ အုပ်ချုပ်ရေးမှူး ဘာတောဗွီစကီးက ပြောကြားခဲ့သည်။

ဘလက်ဘောက်စ်နှစ်လုံးစလုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာဖက်စ်သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သော်လည်း ခွဲထွက်ရေးခေါင်းဆောင်အလတ်ဇန်ဒရားဘော်ရိုဒေးကမူ ဘလက်ဘောက်စ်များကို မတွေ့ရသေးဟု ဆိုသည်။ မကြာမီ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု စတင်ဖွယ်ရှိသည်။ ။

ကိုရင်သြ
Myanmaalinn

MH-17 ပျက်ကျသည့် နေရာကို အကန့်အသတ်မရှိ စုံစမ်းစစ်ဆေးခွင့်ရရန် မလေးရှားတောင်းဆို

Posted by drmyochit Monday, July 21, 2014, under | No comments


မလေးရှား လေကြောင်းလိုင်းပိုင် MH-17 ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့သော နေရာကို ကန့်သတ်ချက် မရှိဘဲ စစ်ဆေးခွင့်ပေးရန် မလေးရှား နိုင်ငံက တောင်းဆိုလိုက်သည်။

ယူကရိန်း အရှေ့ပိုင်းရှိ အစိုးရ ဆန့်ကျင်ရေး သူပုန်များ ထိန်းချုပ်ထားရာ ဒေသတွင် ဒုံးကျည်ဖြင့် ပစ်ချခံရသည်ဟု ယူဆရသော အခြေအနေကြောင့် MH-17 ပျက်ကျခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် အဖွဲ့များ အနေဖြင့် လေယာဉ်ပျက်ကျမှုကို စုံစမ်းအဖြေရှာရန် ကြိုးစားနေသော်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် သူပုန်တပ်များက ကန့်သတ်ထားသဖြင့် ပြည့်ပြည့်ဝဝ အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။

မလေးရှား ပို့ဆောင်ရေးဝန်ကြီး လီယော် တီအွန်လိုင်က လေယာဉ်ပျက်ကျသည့် နေရာကို အပြည့်အဝ ပွင့်လင်းမြင်သာစွာ၊ စစ်ဆေးခွင့်ပေးရန်၊ ကျွမ်းကျင်သူများ၏ လုံခြုံရေးကဏ္ဍကို အာမခံပေးရန်နှင့် ရုပ်အလောင်းများကို ပြန်လည် လွှဲအပ်ရန် တောင်းဆိုလိုက်သည်။ လေယာဉ်ပျက်ကျမှုကို စုံစမ်းနေသည့် ကျွမ်းကျင်ပညာရှင်များအတွက် ကန့်သတ်မှုများ ရှိနေခြင်းကို မလေးရှား အစိုးရက အလွန် စိုးရိမ်ကြောင်းလည်း ၎င်းက ဆိုသည်။

“နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေ စုဆောင်းယူမှုတွေအတွက် လေယာဉ်ပျက်ကျတဲ့ နေရာကို အတားအဆီးမရှိ စစ်ဆေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

လီယော်သည် ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် ဗိုလိုဒီမာ ဂရိုင်စ်မန်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ဂရိုင်စ်မန်သည် MH-17 ပျက်ကျမှုအတွက် ယူကရိန်း အစိုးရက ဖွဲ့စည်းထားသည့် အထူးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

လီယော်က “ယူကရိန်း အစိုးရကတော့ နိုင်ငံတကာ ပညာရှင်တွေအတွက် လေယာဉ်ပျက်ကျတဲ့ နေရာထိ သွားရောက်ဖို့ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတစ်ခု ဖန်တီးမပေးနိုင်ကြောင်း ပြောထားပါတယ်။ ပြီးတော့ လေယာဉ်ပျက်ကျတဲ့ နေရာ အနီးတဝိုက်မှာ ပညာရှင်တွေအတွက် လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလို့လည်း ဝန်ခံထားတယ်”ဟု ဆိုသည်။ လေယာဉ်ပျက်ကျသည့် နေရာတဝိုက်ကို စစ်ဆေးရန် မလေးရှား၊ ဗြိတိန် လေကြောင်း မတော်တဆမှု စုံစမ်းရေးဌာန (AAIB)နှင့် အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဘုတ်အဖွဲ့ (NTSB)မှ ပညာရှင်များ သွားရောက်ရန် အသင့်ရှိနေသော်လည်း လုံခြုံရေး ပြဿနာများကြောင့် နှောင့်နှေးလျှက် ရှိသည်။

MH-17 သည် Boeing 777-200 အမျိုးအစား လေယာဉ်တစ်စီးဖြစ်ပြီး အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ဦးတည်ပျံသန်းစဉ် ဇူလိုင်(၁၇)ရက်က မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တစ်စင်း ထိမှန်သည်ဟု ယူဆရသော အခြေအနေကြောင့် မီးလောင်ပေါက်ကွဲခဲ့သည်။ လေယာဉ်သည် ယူကရိန်း အရှေ့ပိုင်း ဒိုးနက်စ်ခ်ဒေသ အနီးတွင် ပျက်ကျခဲ့ပြီး လိုက်ပါခဲ့သူ (၂၉၈)ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

7 Day

အဆိုပြုကြိုးဝိုင်းအဖြစ်သိမ်းဆည်းခံရပြီး ပုံစံ (၇)မရရှိသော ကျေးရွာ ၁၁ ရွာမှတောင်သူများ ဆန္ဒဖော်ထုတ်မည်

Posted by drmyochit Monday, July 21, 2014, under | No comments

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲနယ်အတွင်းရှိအဆိုပြု သစ်တောကြိုးဝိုင်းအဖြစ် သိမ်း ဆည်းခံခဲ့ရပြီး ပုံစံ(၇)ရရှိခြင်းမရှိ သောကျေးရွာ ၁၁ ရွာမှတောင်သူ များစုပေါင်း၍ ဇူလိုင် ၂၅ ရက်တွင် ဆင်ပေါင်ဝဲမြို့၌ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။

‘‘ဇူလိုင် ၂၀ ရက်နေ့ ဒီနေ့ပဲခွင့် ပြုချက်တင်ပါတယ်။ ရရ၊ မရရ ဆန္ဒဖော်ထုတ်မှာဖြစ်တယ်။ ကျေးရွာ ၁၁ ရွာကတောင်သူတွေ ဟိုး ဘိုးဘွားစဉ်ဆက်ကတည်းက ပိုင်ခဲ့တဲ့မြေကို သစ်တောက ရန်ပယ်ဆည်ရေဝေရေလဲဒေသဆိုပြီး ပုံစံ (၇)လည်းထုတ်မပေး၊ နောက်ပြီး သစ်ပင်တစ်ဧကကို အပင် ၁၅၀စိုက်ခိုင်းတယ်။ နောင်နှစ်အပင် ငါးရာစိုက်ရမယ်လည်း ပြောတယ်။ လုပ်စားစရာကိုမရှိအောင် တဖြည်းဖြည်းလုပ်လာနေလို့  ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်’’ ဟုဆန္ဒဖော်ထုတ်မှုကိုဦးဆောင်သူငှက်ပျောကျင်း ကျေးရွာမှတောင်သူဦးတင်ထွန်းအောင်က ပြောသည်။

ရန်ပယ်ဆည်၏ ရေဝေရေ လဲဒေသသစ်တောပိုင်အဖြစ် သိမ်းဆည်းခဲ့သောကျေးရွာ ၁၁ ရွာမှာဆင်ပေါင်ဝဲနယ်အရှေ့ပိုင်း ပဲခူးရိုးမအနီးမှကျေးရွာများဖြစ်ပြီး သိမ်းဆည်းခံလယ်ယာမြေဧက နှစ်သောင်းကျော်အထိ ရှိနေကြောင်းအဆိုပါအရေးကိစ္စကိုလိုက်ပါကူညီဆောင်ရွက်ပေးသူ ဆင်ပေါင်ဝဲမြို့နယ်ဒီချုပ်တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးသက်လွင်ကပြောသည်။

 အဆိုပါကျေးရွာ ၁၁ ရွာရှိ လယ်ယာမြေဧကနှစ်သောင်း ကျော်မှာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိ နေသေးသော်လည်း လယ်ယာ မြေပိုင်ဆိုင်ခွင့်မှာမူ   လုံးဝမရှိ သောကြောင့် စိုက်ပျိုးစရိတ်ချေး ငွေလည်းမရရှိကြောင်း ကျေးရွာ (၁၁)ရွာအနက် ဓနုန်းမြောင်ကျေး ရွာမှ ဦးဟန်ဝင်းအောင်ကပြော သည်။

ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်လုပ်ကိုင်ခဲ့သော လယ်ယာ မြေများဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ ရန်ပယ်ဆည်၏ရေဝေ ရေလဲဒေသအဖြစ် သစ်တောဦးစီးဌာန၏  သတ်မှတ်ခြင်းခံရကာ သိမ်းဆည်းခံရသကဲ့သို့  ဖြစ်ခဲ့ရကြောင်း ဇိမ့်ကျေးရွာမှဦးဉာဏ်ဝင်းကဆိုသည်။

အဆိုပါရန်ပယ်ဆည်၏ရေ ဝေရေလဲဒေသအဖြစ်သတ်မှတ် ကာ သိမ်းဆည်းခံခဲ့ရသော ကျေး ရွာများမှာ အုပ်စုလေးအုပ်စုမှ ရွာပေါင်း ၁၁ ရွာဖြစ်ပြီး ကုန်းဘို၊ ကုန်းသာ၊ စမ်းအိုင်၊ ဓနုန်းမြောင်၊ မှန်ကင်း(မကင်း)၊ ဇိမ့်၊ ကန် ချောင်း၊ ငှက်ပျောကျင်း၊ ပေလည်၊မွှန်းစကျေးရွာနှင့်ငါးစင်ရိုင်းကျေး ရွာတို့ဖြစ်ကာ အိမ်ထောင်စုပေါင်း ငါးထောင်ကျော်ရှိကြောင်း  ဦးသက်လွင်က ပြောသည်။

7 Day

မန္တလေးရှိ စက်မှုလုပ်ငန်းများအတွက် ချေးငွေတိုးမြှင့်ပေးရန် တောင်းဆိုမှုအကြောင်းမထူးသေး

Posted by drmyochit Monday, July 21, 2014, under | No comments

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုလုပ်ငန်းများကို ငွေချေးပေးနိုင်ရန် ငွေကျပ်နှစ်ဘီ လီယံထပ်မံတိုးမြှင့်ချထားပေးရန် အသေးစားနှင့်အလတ်စားစက်မှု လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်သို့ တောင်းခံထားသော်လည်း အ ကြောင်းပြန်ကြားခြင်းမရှိသေး ကြောင်းမန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့မှ သတင်းရရှိသည်။

‘‘မန္တလေးမှာကငွေချေးချင် တဲ့ လုပ်ငန်းရှင်တွေကများတယ်။ မူလချထားပေးတဲ့ တစ်ဘီလီယံနဲ့ မလောက်ပါဘူး။ နောက်ထပ်နှစ် ဘီလီယံချထားပေးပါလို့တောင်း ခံထားတာတစ်လလောက်ရှိပြီ။ ခု ထိတော့ ဘာမှအကြောင်းမပြန် သေးဘူး’’ဟု မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့လျှပ်စစ်နှင့် စက် မှုလက်မှုဝန်ကြီးဦးကျော်မြင့်က ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ စက် မှုလုပ်ငန်းများအားငွေချေးပေး နိုင်ရန် SMEs ဘဏ်မှ တိုင်း ဒေသကြီိးနှင့် ပြည်နယ်တစ်ခုစီအ တွက် ငွေကျပ်သန်းတစ်ထောင် (တစ်ဘီလီယံ)စီခွဲဝေချထားပေး ထားသည်။ ၎င်းငွေဖြင့် တစ်နှစ် လျှင် ၈ဒသမ၅ ရာခိုင်နှုန်းအတိုး နှုန်းဖြင့် ငွေချေးပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးလျှင်အများ ဆုံးကျပ်သန်းတစ်ရာအထိချေး ပေးမည်ဟု SMEs ဘဏ်မှ ထုတ် ပြန်ထားသည်။

သို့သော် မန္တလေးတိုင်းဒေသ ကြီးအတွင်း ငွေချေးလိုသောစက် မှုလုပ်ငန်းရှင် ၂၈၉ဦးရှိပြီး၎င်းတို့ မှ ချေးယူလိုသော ပမာဏမှာ ငွေ ကျပ် ၂၀ဒသမ၉ဘီလီယံထိရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာနရုံးမှ သတင်းရရှိ သည်။ မန္တလေးတိုင်းဒေသကြီးအ တွင်း မန္တလေး၊ မိတ္ထီလာနှင့် မြင်း ခြံစက်မှုဇုန်များရှိပြီး ချထားပေး သည့် ပမာဏနှင့်ငွေချေးလိုသည့် လုပ်ငန်းရှင်များပြားနေသော ကြောင့် မည်သို့ခွဲဝေချေးပေးရ မည်ဆိုသည်ကို မဆုံးဖြတ်ရသေး ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။

‘‘ဒီငွေနဲ့က ခွဲပြီးချေးပေးဖို့မ လွယ်ဘူး။ ငွေထပ်ချမပေးရင် တော့ လုပ်ငန်းရှင်တွေချေးငွေရဖို့ ကြာဦးမယ်ထင်တယ်’’ဟု တိုင်းဦး စီးမှူးကပြောသည်။

စက်မှုလုပ်ငန်းရှင်များမှာ ငွေကြေးအရင်းအနှီးလိုအပ်နေပြီး ချေးငွေအမြန်ရလိုသည်ဟု မန္တ လေးစက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။

7 Day

သံတွဲနှင့် တောင်ကုတ်တွင် ရေကြီး၍ ဈေးနှင့် ကျောင်းအချို့ပိတ်

Posted by drmyochit Monday, July 21, 2014, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၀

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနှင့် တောင်ကုတ်မြို့တို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကြောင့် ရေကြီးနေသဖြင့် ဈေးနှင့် ကျောင်းအချို့ကို ပိတ်ထားရကြောင်း ဒေသခံများက ပြောကြားသည်။

တောင်ကုတ်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း တောင်ကျရေများကြောင့် သုံးပေဝန်းကျင် ရေကြီးနေကြောင်း၊ ရေကြီးမှုကြောင့် မြို့မဈေး ပိတ်ထားရပြီး အခြေခံပညာ အထက်တန်း (၂) ကျောင်း အပါအဝင် စာသင်ကျောင်းအချို့နှင့် လူနေအိမ်များ ရေမြုပ်နေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးဝင်းက ပြောသည်။
ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေတစ်ပေခန့် ပြန်ကျသွားပြီ ဖြစ်သော်လည်း ဈေးပိတ်ထားဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်းစစ်ဖို့ဆိုပြီး ကုမ္ပဏီတွေက ဧက ငါးသောင်းလောက် ခုတ်ထားတယ်။ တောင်ကတုံးတွေ ဖြစ်နေတယ်။ မိုးနည်းနည်း များတာနဲ့ တောင်ကျရေကတော့ အလုံးလိုက်ကို ဆင်းမှာပဲ” ဟု ဦးစိုးဝင်းက ရှင်းပြသည်။
သစ်ပင်များ ဧက ငါးသောင်းဝန်းကျင် ခုတ်လိုက်သဖြင့် ယခုနှစ်တွင် မိုးဆက်တိုက် ရွာသွန်းပါက စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ၎င်းကဆိုသည်။
သံတွဲမြို့တွင် သြဂုတ်လ ၁၇ ရက်မှ စ၍ မိုးသုံးရက်ခန့် ဆက်တိုက် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့က ငါးပေဝန်းကျင် ရေကြီးခဲ့ပြီး အခြေခံပညာ မူလတန်းကျောင်းအချို့ရေမြုပ်ခဲ့ကာ လူပေါင်းသုံးရာ ဝန်းကျင်ကို ကယ်ဆယ်ရေးစခန်းဖွင့် ကူညီပေးခဲ့ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ကျော်က ပြောကြားသည်။
“မိုးကြီးတယ်။ တောင်ကျရေ များတယ်။ ပင်လေရေတက်တဲ့ အချိန်နဲ့ ကြုံသွားတယ်။ ရုတ်တရက်ကြီးတာ။ ခါတိုင်းနှစ် ရေကြီးတာနဲ့ မတူဘူး။ ရေတက်တာ အရမ်းမြန်တယ်” ဟု ၎င်းကဆိုသည်။
ရေကြီးမှုကြောင့် သံတွဲ-တောင်ကုတ်-ရန်ကုန်လမ်းတွင် တံတားများ ပျက်စီးသဖြင့် ပို့ဆောင်ရေးများ ယာယီရပ်တန့်နေခဲ့ပြီး ညနေ လေးနာရီ ဝန်းကျင်တွင် ပြန်လည် သွားလာ၍ အဆင်ပြေသွားကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံတွဲမြို့တွင် ကုန်းမြင့်ဖြစ်သည့် မြို့လယ်အနီး ဝန်းကျင်သာ ရေကြီးခြင်း မရှိခဲ့သော်လည်း ကျန်ရပ်ကွက်များတွင် ရေကြီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံတွဲမြို့နယ်၌ ၂၀၁၃ ခုနှစ် သြဂုတ်လကလည်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်း၍ ရေကြီးခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့သည်။

The Voice Weekly

နာမည်ကျော် လူမူကွန်ရက် တာဝန်ခံများနှင့် ပြည်တွင်း IT ပညာရှင်များ လူမူကွန်ရက် ပြဿနာ ဆွေးနွေး

Posted by drmyochit Monday, July 21, 2014, under | No comments

ကမ္ဘာကျော် လူမှုကွန်ရက်များ ဖြစ်ကြသော Google, Facebook, Twitter အစရှိသော လူမှုကွန်ရက်များမှ တာဝန်ခံများနှင့် မြန်မာနိုင်ငံအတွင်းရှိ IT ပညာရှင်များ တွေ့ဆုံကာ တာဝန်ယူရဲသော၊ တာဝန်ခံမှုရှိသော လူမူကွန်ရက် မီဒီယာခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ခုကို ဇူလိုင်လ ၂၀ ရက်နေ့က MICT Park Conference Hall တွင် ကျင်းပခဲ့သည်။

မန္တလေး ပဋိပက္ခ ဖြစ်စဉ်အပြီး Facebook မှ တာဝန်ရှိသူများက မြန်မာအစိုးရကို ကူညီကာ ပဋိပက္ခ ဖြစ်ပေါ်အောင် ရေးသားနေသူများကို စောင့်ကြည့်နေသည် ဆိုသည့် ကိစ္စအပေါ် လူမှုကွန်ရက် အသုံးပြုနေသူများကို အချိန်ပြည့် စောင့်ကြည့်နေခြင်းမျိုး မဟုတ်ဘဲ သုံးစွဲသူ အများစု ဖျက်သိမ်းပေးရန် တောင်းဆိုထားသော အသုံးပြုသူများ၊ စာမျက်နှာများကို အလေးထားကာ စောင့်ကြည့် စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း Facebook မှ တာဝန်ရှိသူများက ယင်းအခမ်းအနားတွင် ရှင်းပြသည်။

“သုံးစွဲသူတွေကို နိုင်ငံတော်လုံခြုံရေး ပြည်သူလုံခြုံရေးအတွက် စောင့်ကြည့်တာကို အားပေးပါတယ်။ ဒါပေမဲ့ အဲဒါကို အသုံးချပြီးတော့ Facebook ကို ပိတ်လိုက်တာမျိုးတို့ သုံးစွဲသူတွေက သူတို့ကို မျက်စိတောက်ထောက် လိုက်ကြည့်ခံနေရတယ် ဆိုတဲ့ ခံစားမှုမျိုး ရသွားရင်တော့ မကောင်းဘူးလို့ ထင်ပါတယ်” ဟု ဘလော့ဂါ နေဘုန်းလတ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း လူမူကွန်ရက် သုံးစွဲသူ များစွာ တိုးတက်လာပြီး လူမူကွန်ရက်မှ တစ်ဆင့် မလိုလားအပ်သော ပဋိပက္ခ ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်ခဲ့ကြောင်း၊ နောက်ဆုံး ဖြစ်ပေါ်ခဲ့သော မန္တလေး ပဋိပက္ခဖြစ်စဉ်မှာ လူမှုကွန်ရက်ကို အသုံးချ၍ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

The Voice Weekly

တစ်နေ့တာဟောစတမ်း( ဇူလိုင်-၂၁)

Posted by drmyochit Monday, July 21, 2014, under | No comments

Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ယနေ့သည် ရင့်ကျက်မှုနှင့် တာဝန်ယူနိုင်မှုအား စမ်းသပ်သည့် နေ့ဖြစ်သည်။ မိသားစုနှင့် သင့်တစ်ကိုယ်ရည်ဘဝအတွက် သင့်အရည်အချင်းကို အသုံးပြုခွင့်ရမည့် အခွင့်အရေးပင်ဖြစ်သည်။ စမ်းသပ်မှုအားမခံနိုင်ပါက ကြီးသူများကိုနာခံမှုရှိပါ။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
ယနေ့တွင် အပြုသဘောဆောင်သော ကိစ္စရပ်တွေသာ များနေမည်။ သို့သော်လည်း အရေးကြီးသော ဆုံးဖြတ်ချက်များ ချရာတွင် အချိန်ဆွဲထားသင့်သည်။ သင့် ပေါင်းသင်း ဆက်ဆံရေး ဝန်းကျင်တွင် အပြောင်းအလဲများ ဖြစ်လာနိုင်သည်။ အခြေအနေတစ်ခုအား မတူသည့် ထောင့်တစ်ခုမှ ကြည့်ပါ။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
စိတ်လွတ်လက်လွတ်နေရမည့်အချိန်များ ကုန်လွန်သွားပြီ ဖြစ်သည်။  ဆုံးဖြတ်ချက်တစ်ခုမချမီ အခြေအနေအား သေချာသုံးသပ်ပါ။ မနေ့ကနှင့်ယနေ့ ခြားနားမှုကို သဘောပေါက်အောင် ကြည့်ပါ။ အပြုအမူနှင့် အပြောအဆိုများကို ဂရုစိုက်ပါ။ အဓိက ပြဿနာမှာ ငွေကြေးပိုင်းဆိုင်ရာ ဖြစ်လာနိုင်ပြီး ငွေကြေးသုံးစွဲမှုတွင် ဟန်ချက်ညီအောင်ကြိုးစားနေရမည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
လူအများနှင့်ဆက်ဆံရာတွင် အနှောင့်အယှက်များ ကြုံ့ရနိုင်သည်။ ရာထူးတက်ဖို့ ရည်မှန်းထားသူများအတွက် ယနေ့သည် အကူအညီ သိပ်မဖြစ်နိုင်။ ထိပ်တိုက်ရင်ဆိုင်မှုကြီးများအစား ငြိမ်းချမ်းရေးလေး ပြုလုပ်ထားသည်က ပိုကောင်းသည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
၂၀၁၄ ဇူလိုင် ၂၁ ရက်နေ့ တစ်နေ့လုံးတွင် သင့်ပတ်ဝန်းကျင်၌ တင်းမာမှုများရှိနေမည်ဖြစ်သော်လည်း သင်ကတော့ ထိုကိစ္စများထဲ ပါမည်မဟုတ်ပေ။ လိုအပ်သောထောက်ခံအားပေးမှုများ မရရှိဘဲ ဖြစ်နေမည်။ အားမွေးထားပါ။ မကြာခင် ထိုအားများ လိုအပ်လာပါလိမ့်မည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ယနေ့သည် ရေရှည်ရည်မှန်းချက်နှင့် စီစဉ်ထားသော ကိစ္စများအတွက် ကောင်းသောနေ့တစ်နေ့ပင် ဖြစ်သည်။ အရေးကြီးသောဆုံးဖြတ်များ ချဖို့ရှိပါက ပြုလုပ်ရမည့် နေ့ပင်ဖြစ်သည်။ ယခင်အမှားများကိုတော့ သင်ခန်းယူဖို့မမေ့ပါနှင့်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
အိမ်တွင်းရေးတွင် အရေးကြီးကိစ္စများဖြစ်မည်။ ထိုကိစ္စသည် ပုဂ္ဂိုလ်ရေးပိုင်း၊ လူမူရေးပိုင်းနှင့် စီးပွားရေးပိုင်းများတွင် သက်ရောက်မှု ရှိမည်။ ခံစားချက် ဦးစားပေးကာ ဟောဟောဒိုင်းဒိုင်း ပြုလုပ်ခြင်းများကို ကြိုးစား၍ရှောင်ရှားပါ။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ယနေ့အခြေအနေသည် Scorpio တို့၏ လုပ်ဆောင်ချက်များကို မြှင့်တင်ပေးမည့် နေ့ဖြစ်သည်။ သင့်ဘဝအတွက် အပြောင်းအလဲများ စတင်ပြုလုပ်ဖို့ ရည်ရွယ်ထားပါက ဘယ်လိုအခက်အခဲရှိနေပါစေ အချိန်ဆွဲမနေပါနှင့်တော့။ တစ်ကိုယ်တည်း မဆောင်ရွက်ပါနှင့်။ သတင်းအချက်အလက်၊ ထောက်ခံအားပေးမှုနှင့်စသည့် အကူအညီများ အားလုံးကိုယူပါ။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
ပြီးခဲ့သောရက်အနည်းငယ်အား အေးအေးဆေးဆေး ဖြတ်သန်းခဲ့သော်လည်း ယနေ့သည် ကိုယ့်ခြေလှမ်းများကို တွက်ချက်၍ လှမ်းရမည့် အချိန်ဖြစ်သည်။ သေချာတွက်ချက်ပြီးမှသာ စွန့်စားရမည့် ခြေလှမ်းများကိုလှမ်းလျှင် ပိုကောင်းမည်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
ဘယ်အရာကတော့ ကိုယ့်ကိုလက်ခံနိုင်လောက်ပြီး ဘယ်အရာများကတော့ မလုပ်သင့်သေးသည့် အရာများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေသော နေ့ဖြစ်သည်။ သို့သော်လည်း ပြင်းထန်သော ခံစားချက်များကြောင့် ဒုက္ခရောက်နိုင်သည်။ ထိန်းချုပ်ရန်ခက်ခဲသော အရာများဖြစ်သည့် သဝန်တိုခြင်းများ၊ ဒေါသထွက်ခြင်းများနှင့် စိုးရိမ်ကြီးခြင်းများက သင့်အတွက် ထူးထူးခြားခြားကို အန္တရယ်ရှိနေသည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
ယနေ့ကြုံရသော ကိစ္စများတွင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေမည်။ ရည်မှန်းချက်နှင့် ကိုယ်သွားမည့်လမ်းကြောင်းကို ထင်ထင်ရှားရှားသိမှသာ ကျော်လွားရန်လွယ်ကူမည်။ စွန့်လွတ်စရာရှိသည်များအတွက် အသင့်ပြင်ထား၍ အခက်အခဲများကို မကြောက်ပါနှင့်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ယနေ့ကြုံရမည့်ကိစ္စများကို အလိုလိုသဘောပေါက်နေ လိမ့်မည်။ ဘယ်နေရာတွင် ဘာလုပ်၍ ဘယ်နေရာတွင် ဘယ်အရာကို စွန့်လွတ်ရမည်ဆိုခြင်းအား အလိုလိုသိနေလိမ့်မည်။ တည်ငြိမ်မှုကို ပိုသဘောကျသည်ဆိုလျှင် ဘေးခဏထွက်၍ အခြားလူများကို အခွင့်အရေးပေးလိုက်ပါ။

ဖိုးသူတော်

ဒုံးကျည်စမ်းသပ်မှုများအတွက် မြောက်ကိုရီးယားအစိုးရ အကြောင်းပြချက်ပေး

Posted by drmyochit Monday, July 21, 2014, under | No comments


မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုများသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရန်သာ ရည်ရွယ်ကြောင်း နိုင်ငံ၏ ထိပ်တန်းစစ်ဘက် အာဏာပိုင် အဖွဲ့အစည်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင် (NDC)က တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းပြီး ကြီးမားသည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်များ ပြုလုပ်ခဲ့ခြင်းကို ရှုတ်ချခဲ့သလို မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများသည် ကာကွယ်ရေး ကဏ္ဍအတွက်သာ ရည်ရွယ်ကြောင်း ဆိုသည်။ မြောက်ကိုရီးယားသည် ဇူလိုင်လအတွင်း ပင်လယ်ဘက်သို့ ဦးတည်၍ အကြိမ်အတော်များများ ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားသည် ပြီးခဲ့သည့်လက ရေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့သလို ဇူလိုင်(၂၁)ရက်နေ့တွင် ဂျပန်ပါ ပါဝင်သည့် ကယ်ဆယ်ရေး လေ့ကျင့်မှုများ စတင်ခဲ့သည်။ အဆိုပါ လေ့ကျင့်မှုမှာ (၂)ရက် ကြာမြင့်မည် ဖြစ်သည်။

NDC၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပေါ် ဝါရှင်တန်နဲ့ ဆိုးလ်တို့ရဲ့ တုံ့ပြန်ပုံက ဓားပြတွေဟာ သူတို့ဝင်တိုက်မယ့် အိမ်ပိုင်ရှင်ကို မိုက်မိုက်ရိုင်းရိုင်း ဝေဖန်ပြစ်တင်နေတဲ့ ပုံစံမျိုးပါ”ဟု KCNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းက “ကိုရီးယား ကျွန်းဆွယ်ဒေသမှာ စစ်ရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ တကယ့် ခြိမ်းခြောက် ရန်စမှုတွေကို အစပြုနေတာက အမေရိကန်သာ ဖြစ်ပါတယ်”ဟုလည်း ဆိုသည်။ အဆိုပါ ပြောရေးဆိုခွင့်ရ အရာရှိက “တောင်ကိုရီးယားနဲ့ အမေရိကန် အာဏာပိုင်တွေဟာ လူဆိုးဂိုဏ်း ခေါင်းဆောင်တွေလို ရန်လိုတဲ့ အပြုအမူတွေ လုပ်ဆောင်နေပါတယ်။ အဲဒီလို လုပ်လေလေ၊ ပိုပြီး ပြင်းထန်တဲ့ လက်စားချေမှုကို သူတို့ မျက်ဝါးထင်ထင် ကြုံရဖို့ နီးစပ်လေလေပါပဲ”ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ ၎င်းက မြောက်ကိုးရီးယား၏ တုံ့ပြန်မှုသည် ကောင်းကင်ပြာမှ ထွက်ပေါ်လာသည့် မိုးကြိုးတစ်စင်းနှယ် ပြင်းထန်လိမ့်မည်ဟုလည်း နိုင်ငံရေးပြိုင်ဘက် နိုင်ငံများကို သတိပေးခဲ့သည်။

လက်ရှိတွင် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံတို့သည် အာရှ အားကစား ပြိုင်ပွဲသို့ မြောက်ကိုရီးယား အားကစားအဖွဲ့များ စေလွှတ်ရေးအတွက် ညှိနှိုင်းနေသော်လည်း မအောင်မြင်သေးချေ။ အဆိုပါ အားကစား ပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ အင်ချီယွန်မြို့တွင် စက်တင်ဘာလ၌ စတင်ကျင်းပမည် ဖြစ်သည်။

_Ref:Channelnewsasia
7 Day

လပေါ် လူသားခြေချနိုင်တာ ၄၅ နှစ်ပြည့်ပြီ

Posted by drmyochit Monday, July 21, 2014, under | No comments


ဂျူလိုင် ၂၀ ရက် ဒီကနေ့ဟာ လူသားတွေ လကမ္ဘာပေါ် ခြေချနိုင်ခဲ့တာ ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

အမေရိကန် အာကာသ ယာဉ်မှူးတွေ လွန်ခဲ့တဲ့ ၄၅ နှစ်က လကမ္ဘာပေါ် လူတယောက် ခြေချနိုင်ခဲ့တာဟာ လူသားထု တရပ်လုံး အတွက် ကြီးမားတဲ့ အောင်မြင်မှုတရပ်လို့ ၁၉၆၉ ခု ဂျူလိုင် ၂၀ ရက်နေ့က လမျက်နှာပြင် ပေါ်မှာ ပထမဦးဆုံး ခြေချလမ်းလျှောက်ခဲ့သူ အာကာသယာဉ်မှူး Neil Armstrong က ပြောပါတယ်။

မိနစ်အနည်းငယ်အကြာမှာ ဒုတိယခြေချခဲ့သူက နောက် အာကာသယာဉ်မှူး Edwin Buzz Aldrin ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ် ၀န်းကျင်ဟာ အမေရိကန် ပြည်ထောင်စုအတွင်း စိတ်လှုပ်ရှားစရာ နှစ်တနှစ်ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲကြောင့် နိုင်ငံတဝှမ်း စိတ်ဝမ်းကွဲနေချိန်ဖြစ်ပြီး ၁၉၆၈ မှာ သမ္မတကနေဒီနဲ့ လူမည်းခေါင်းဆောင် မာတင်လူသာကင်းတို့ အလုပ်ကြံ ခံရတဲ့နောက်ပိုင်း လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြမှုတွေနဲ့ တနိုင်ငံလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေ ချိန်မှာပဲ သမိုင်းတွင်တဲ့ဖြစ်ရပ်အဖြစ် ဂျူလိုင်လထဲမှာ အမေရိကန် ရုပ်သံတွေက အပိုလို (၁၁) အာကာသယာဉ်နဲ့ လိုက်ပါသွားတဲ့ယာဉ်မှူးတွေ လပေါ်ခြေချတာကို ပြသနိုင်ခဲ့ကြတာပါ။

လပေါ် လူသားခြေချတာကို ကမ္ဘာတ၀ှမ်း ကြည့်ရှုခဲ့သူ သန်းပေါင်း ငါးရာကျော်မယ်လို့ NASA က ခန့်မှန်းထားပါတယ်။ နာဆာအာကာသ ယာဉ်မှူးတွေဟာ အကြိမ်ကြိမ် လပေါ်သွားခဲ့ကြပေမယ့် ၁၉၇၂ ခုအထိတော့ လူသားတွေ နောက်ထပ် ခြေမချနိုင်ခဲ့ကြပါဘူး ။

Credit : ဗွီအိုအေ (မြန်မာဌာန)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်