Thursday, July 24, 2014

ပျောက်ဆုံးလေယာဉ်မှာ ပျက်ကျသွားခဲ့ခြင်းဟု တာဝန်ရှိသူများ အတည်ပြု

Posted by drmyochit Thursday, July 24, 2014, under | No comments


ပျံသန်းနေရင်းမှ ပျောက်ဆုံးသွားခဲ့သည့် အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းမှ MD-83 ခရီးသည်တင် လေယာဉ်မှာ ပျက်ကျသွား ခဲ့ပြီဖြစ်ကြောင်း အယ်လ်ဂျီးရီးယား လေကြောင်း ထိန်းသိမ်းရေး တာဝန်ရှိသူ များက အတည်ပြု လိုက်ပြီ ဖြစ်သည်။

"လေယာဉ် ပျက်ကျသွားပြီလို့ ကျွန်တော် အတည်ပြု နိုင်ပါတယ်"ဟု အယ်လ်ဂျီးရီးယား လေကြောင်း ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ လေကြောင်းခရီးစဉ် AH5017 အဖြစ် ဘူကီနာဖာဆို နိုင်ငံ အူဂါဒိုဂူမြို့မှ အယ်လ်ဂျီးရီးယား နိုင်ငံ အယ်လ်ဂျီရစ် မြို့သို့ ခရီးသည် ၁၁ဝ ဦးနှင့် လေယာဉ် အမှုထမ်း ၆ ဦးတို့ကို တင်ဆောင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး လေပေါ်သို့ ပျံတက်ပြီး မိနစ် ၅ဝ အကြာ မာလီနိုင်ငံ ပေါ်တွင် အဆက်အသွယ် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်သည်။ စပိန် လေကြောင်း ကုမ္ပဏီဖြစ်သည့် Swiftair ပိုင် ယင်းလေယာဉ်တွင် လေယာဉ် အမှုထမ်းများ အားလုံးမှာ စပိန်လူမျိုးများ ဖြစ်ကြပြီး ပြင်သစ်လူမျိုး ၅ဝ ဦး၊ လက်ဘနွန် ၂ဝ ဦးနှင့် ဘူကီနာဖာဆိုမှ ၂၆ ဦး တို့လိုက်ပါ လာခဲ့သည်။

မာလီ နိုင်ငံမှာ အမေရိကန် လေကြောင်း ထိန်းသိမ်းရေးမှ ထုတ်ပြန်ထားသည့် အမေရိကန် လေကြောင်းလိုင်းများ မပျံသန်း သင့်သည့် နယ်မြေများ သတိပေးမှုတွင် ပါဝင်နေသည့် နိုင်ငံဖြစ်ပြီး လက်ရှိ အချိန်တွင် အဆိုပါ လေယာဉ်မှာ ပျက်ကျသွားပြီဟု သတင်းထုတ်ပြန် ထားသော်လည်း ပျက်ကျရသည့် အကြောင်းအရင်းကို မသိရသေး သကဲ့သို့ သေဆုံးခရီးသည် စာရင်းကိုလည်း မသိရသေးပေ။ ယင်းမှာ မလေးရှား လေကြောင်းလိုင်း လေယာဉ် MH17 နှင့် ထိုင်ဝမ် ထရန်းစ်အေးရှား လေယာဉ် ပျက်ကျမှုတို့နောက် တစ်ပတ်အတွင်း ၃ စင်းမြောက် လေယာဉ် ပျက်ကျမှု ဖြစ်ပြီး ရှေ့နှစ်ခေါက်ကဲ့သို့ အသေအဆုံး မများရန် မျှော်လင့်ရသည်။

Mizzima

အဆက်အသွယ် မပြတ်မီ AH5017 လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့

Posted by drmyochit Thursday, July 24, 2014, under | No comments


ရုတ်တရက် ပျောက်ဆုံးသွားသည့် အယ်လ်ဂျီးရီးယား ခရီးသည်တင် လေယာဉ်သည် အဆက်အသွယ် ပြတ်တောက်မသွားမီ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့သေးကြောင်း သတင်းရရှိသည်။
Air Algerie လေကြောင်းလိုင်းမှ AH5017 လေယာဉ်သည် ခရီးသည် (၁၁၀)၊ အမှုထမ်း (၆)ဦး လိုက်ပါလာပြီး ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။ လေယာဉ်မှာ DC-9 အမျိုးအစားဖြစ်ပြီး (သတင်းအချို့တွင် MD83 ဟု ဖော်ပြ) ခရီးသည်များမှာ နိုင်ငံပေါင်း အတော်များများမှဖြစ်ကြောင်း သိရသည်။

လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက လေယာဉ်သည် အယ်လ်ဂျီးရီးယား လေပိုင်နက်ထဲ မဝင်မီ တောင်ဘက် မာလီနိုင်ငံ ကောင်းကင်ယံတွင် ရှိနေစဉ် လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့ကြောင်း ဆိုသည်။ AH5017သည် ဘာကီနာဖာဆိုမှ ပျံတက်လာပြီး မိနစ်(၅၀)မျှ အကြာတွင် ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

“အဆက်အသွယ် ပြတ်တောက်သွားချိန်မှာ လေယာဉ်ဟာ အယ်လ်ဂျီးရီးယားနဲ့ သိပ်မဝေးတဲ့ နေရာထိ ရောက်နေပြီ။ လေယာဉ်အမှုထမ်းတွေက လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်ကွင်း မရှင်းလင်းဘဲ ဖြစ်နေပြီး အယ်လ်ဂျီးရီးယားကနေ ဘာကီနာဖာဆိုဘက် ပျံသန်းလာတဲ့ လေယာဉ်တစ်စီးစီးနဲ့ ဝင်တိုက်မိနိုင်တဲ့ အန္တရာယ် ရှိနေလို့ ဖြစ်ပါတယ်”ဟု လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ ၎င်းကပင် “လမ်းကြောင်းပြောင်း ပျံသန်းပြီးတာနဲ့ပဲ အဆက်အသွယ် ပြတ်သွားတာပါ”ဟုလည်း ဆိုသည်။

“လေကြောင်းလမ်းညွှန် စနစ်တွေမှာ Air Algerie လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ ပျံသန်းမှု လမ်းကြောင်း အချက်ပြမှု ပျောက်ဆုံးသွားပါတယ်။ လေယာဉ်ကွင်းကနေ ပျံတက်လာပြီး မိနစ်(၅၀) အကြာမှာ အဆက်အသွယ် ပြတ်သွားတာပါ”ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး အယ်လ်ဂျီးရီးယား သတင်းဌာန APSက အစောပိုင်းတွင် ဖော်ပြထားခဲ့သည်။ လေကြောင်းလိုင်းသည် လေယာဉ် အဆက်အသွယ် ပြတ်သွားသည်နှင့် ပျံသန်းသည့် လမ်းကြောင်းတလျှောက် လိုက်လံရှာဖွေရန် ပြင်ဆင်နေပြီ ဖြစ်သည်။

အဆိုပါ လမ်းကြောင်းမှာ ပျံသန်းချိန် (၄)နာရီ ကြာမြင့်ကြောင်းလည်း သိရသည်။ အယ်လ်ဂျီးရီးယား နိုင်ငံသည် ယခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး လေယာဉ် မတော်တဆမှု တစ်ရပ်နှင့် ကြုံတွေ့ဖူးသည်။ ထိုစဉ်က စစ်ဘက်သုံး C-130 လေယာဉ်တစ်စီးသည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ တောတောင်ထူထပ်ရာ ဒေသတွင် ပျက်ကျပြီး လူ(၇၀)ကျော် သေဆုံးခဲ့သည်။

_ Ref: AFP
7 Day Daily

ဘေဂျင်းရှိ ကျောက်မီးသွေး လောင်စာသုံး အဓိက ဓာတ်အားပေးစက်ရုံ တစ်ခုကို စတင်ပိတ်သိမ်း

Posted by drmyochit Thursday, July 24, 2014, under | No comments



ဘေဂျင်းမြို့တော်တွင် ဖြစ်ပွားလေ့ရှိသည့် လေထုညစ်ညမ်းမှု အခြေအနေများကို လျှော့ချရန်အတွက် ကျောက်မီးသွေး လောင်စာသုံး အဓိက ဓာတ်အားပေး စက်ရုံကြီး တစ်ခုကို မြို့တော် အာဏာပိုင်များက ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သက်တမ်းနှစ်(၅၀) ရှိနေပြီဖြစ်သည့် Gaojing ဓာတ်အားပေး စက်ရုံအစား ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ခုဖြင့် အစားထိုး ထောက်ပံ့သွားမည်ဟု ဆိုသည်။ Goajingသည် ဘေဂျင်းတွင် တည်ဆောက်ထားသည့် အကြီးစား ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံ (၄)ခုအနက် (၁)ခုဖြစ်သည်။ တရုတ်အစိုးရသည် သန့်စင်သည့် စွမ်းအင်ရင်းမြစ်များကို ရေရှည်အသုံးပြုသွားရန် ရည်ရွယ်ထားရာ နိုင်ငံတစ်ဝန်းရှိ ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံ အများစုကို ပိတ်သိမ်းသွားရန် စီစဉ်ထားသည်။

ဘေဂျင်းတွင် လက်ရှိ လည်ပတ်နေဆဲဖြစ်သည့် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံကြီး (၃)ခုမှာလည်း (၂၀၁၆)ခုနှစ်တွင် ပိတ်သိမ်းမည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ ဘေဂျင်းတွင် ပြီးခဲ့သည့်နှစ်က (၅)နှစ် စီမံကိန်းတစ်ခု စတင်ပြီး ကျောက်မီးသွေးလောင်စာ အသုံးပြုမှုကို လျှော့ချရန် စတင်လုပ်ဆောင်ခဲ့သည်။

ဘေဂျင်းသည် မီးခိုးမြူများ ဖြစ်ပေါ်ကာ လေထုညစ်ညမ်းသည့် အခြေအနေများကြောင့် နာမည်ဆိုး ထွက်ခဲ့ပြီး မြို့ခံများ၏ ဒေါသတကြီး ဝေဖန်မှုများကိုလည်း တရုတ်အစိုးရ အနေဖြင့် ကြုံတွေ့ခဲ့ရသည်။ ပြီးခဲ့သည့်နှစ် အတွင်းက ဘေဂျင်းတွင် ဖြစ်ပေါ်ခဲ့သည့် မီးခိုးမြူများကြောင့် မြို့တော်၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ အန္တရာယ်ရှိကြောင်း သတ်မှတ်ပမာဏထက် အဆ(၄၀)ထိ ပိုမိုဆိုးဝါးခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7 Day

အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်တောက်ဖို့ ISIS အမိန့်ထုတ်

Posted by drmyochit Thursday, July 24, 2014, under | No comments



အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ်မြို့ တဝိုက်က အမျိုးသမီးတွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေးဆိုင်ရာ အမိန့်ထုတ်ထားကြောင်း ကုလသမဂ္ဂက ပြောကြားပါတယ်။

ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။

အိုက်ဇစ် တပ်တွေ ထုတ်တဲ့ ဒီအမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်းလောက် ထိခိုက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အာရပ်ကမ္ဘာက လူမှုကွန်ယက်တွမှာလည်း အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။

BBC Burmese

တယ်လီနောမိုဘိုင်းလ်ကွန်ရက် ငါးနှစ်အတွင်း လူဦးရေ ၉၀ ရာခိုင်နှုန်း လွှမ်းခြုံရန် ERICSSON ကူညီမည်

Posted by drmyochit Thursday, July 24, 2014, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၂

ဆက်သွယ်ရေး အော်ပရေတာ တယ်လီနော၏ မြန်မာနိုင်ငံတွင် လုပ်ကိုင်မည့် မိုဘိုင်းလ်ကွန်ရက် မြန်မာလူဦးရေ၏ ၉၀ ရာခိုင်နှုန်းလွှမ်းခြုံရန် ဆွီဒင် ဆက်သွယ်ရေးပစ္စည်း ကုမ္ပဏီ ERICSSON က ကူညီမည် ဖြစ်ကြောင်း ERICSSON အရှေ့တောင်အာရှဒေသ ဥက္ကဋ္ဌ Mr. Jan Wassenius က ပြောကြားသည်။

ERICSSON က မြန်မာနိုင်ငံ မြောက်ပိုင်းကို အဓိကထားကာ အခြေခံ အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ရက်တပ်ဆင်မှုများ၊ ကိုင်တွယ်ထိန်းသိမ်းခြင်း၊ မွမ်းမံပြင်ဆင်မှု များကိုလည်း လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တယ်လီနောနှင့် ERICSSON တို့သည် ကွန်ရက်ဆိုင်ရာ ပစ္စည်းကိရိယာ ထောက်ပံ့ရေး၊ 2G၊ 3G ပေါင်းစပ်ချိတ်ဆက်ပေးမည့် ကိရိယာများ ထောက်ပံ့ခြင်းတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။

The Voice Weekly

Apple ကုမ္ပဏီကို ဝန်ထမ်းများက တရားစွဲဆို

Posted by drmyochit Thursday, July 24, 2014, under | No comments


Apple ဝန်ထမ်းများသည် ၎င်းတို့အနေဖြင့် ထမင်းစားချိန်နှင့် နားချိန်မရရှိခြင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ် အလုပ်သမားဥပဒေအရ ကုမ္ပဏီကို တရားစွဲဆိုလိုက်သည်။Apple ကုမ္ပဏီ၏ အရောင်းဆိုင်နှင့် ရုံးလုပ်ငန်းမှ လက်ရှိဝန်ထမ်းနှင့် ဝန်ထမ်းဟောင်း ၂ဝ,ဝဝဝ ကျော်တို့မှာ အလုပ်သမားဥပဒေနှင့် မညီသော လုပ်ငန်းခွင် အခြေအနေကို ကြုံတွေ့ခဲ့ရကြောင်း တရားလိုရှေ့နေများက ပြောကြားသည်။

Apple ကို တရားစွဲဆိုသည့် ဝန်ထမ်းများမှာ ၅ နာရီ သို့မဟုတ် ပိုမိုကြာမြင့်သော အလုပ်ချိန်ကို ထမင်းစားနားချိန်မရှိ လုပ်ကိုင်ရန် အတင်းအကျပ် စေခိုင်းခံရခြင်းနှင့် အချိန်တို လုပ်ငန်းများတွင်လည်း နားချိန်မပေးဘဲ လုပ်ကိုင်စေခြင်းတို့ ကြုံခဲ့ရကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။ Apple ကမူ ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားရာ ငြင်းဆန်ခဲ့ကြောင်း CNN သတင်းက ပြောကြားသည်။

Apple သည် ဝန်ထမ်းများ၏ တရားစွဲဆိုမှုကို ပထမဆုံးအကြိမ်ခံရခြင်း မဟုတ်ကြောင်းလည်း သိရသည်။ ယခင်ကလည်း Apple စတိုးမှ ဝန်ထမ်းများက စတိုးဆိုင်မှ မထွက်ခွာမီ ၎င်းတို့၏ အိတ်များကို မန်နေဂျာများ စစ်ဆေးခံရန်အတွက် စောင့်ဆိုင်းရသည့် ကြာမြင့်ချိန်အား လုပ်အားခအဖြစ် ထည့်သွင်းတွက်ချက် မပေးသောကြောင့် တရားစွဲဆိုခဲ့ဖူးသည်။

Mizzima

အယ်ဂျီးရီးယား လေယာဉ်တစီး ပျံသန်းစဉ် ပျောက်ဆုံးနေ

Posted by drmyochit Thursday, July 24, 2014, under | No comments

 အယ်ဂျီရီးယား လေကြောင်းလိုင်း လေယာဉ်တချို့၊ ဓာတ်ပုံ- ရာဟူး နယူးစ်

အခု ရက်ပိုင်း လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ဆက်တိုက်ဖြစ်နေကြားနေရတာ စိတ်မကောင်း စရာပါ။ ဒီကနေ့ ဖြစ်ရပ်က Air Algerie လေကြောင်းလိုင်းက လူပေါင်း ၁၂၀ လောက် တင်ဆောင်ပြီး Burkina Faso ကနေ အယ်ဂျီးရီးယားကို ဦးတည်ပျံသန်းလာတဲ့ လေယာဉ်တစီး မာလီနိုင်ငံ အနီးမှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါဘဲ။

ပြင်သစ်နဲ့ စပိန်နိုင်ငံသား အများစုပါတဲ့ အယ်ဂျီရီးယား လေကြောင်းလိုင်းက AH5017 လေယာဉ်ဟာ အယ်ဂျီးရီးယား နယ်စပ်မရောက်ခင် ကီလိုမီတာ ၅ဝဝ ( မိုင် ၃ဝဝ) လောက် အလို၊ မာလီ နိုင်ငံ နားမှာ
ပျောက်သွားတာဖြစ်တယ်လို့ အယ်ဂျီးရီးယား ဝန်ကြီးချုပ် Abdelmalek Sellal က ရေဒီယိုက
နေ ပြောပါတယ်။

လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပျောက်ဆုံးလေယာဉ် လမ်းကြောင်းအတိုင်း ရှာဖွေရေးတွေ အပူ တပြင်းလုပ်နေပြီလို့ ပြောထားပါတယ်။

ထူးခြားတာက လေယာဉ်ဟာ မပျောက်ဆုံးခင်မှာ လေယာဉ်အမှုထမ်းတွေက လေယာဉ် လမ်းကြောင်း
ပြောင်း ဖို့ မာလီလေပိုင်နက်ထဲမှာ ရှိစဉ် အကြောင်းကြားခဲ့တယ်လို့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းက ဆိုပါတယ်။

မာလီလေပိုင်နက်ထဲမှာ လေကြောင်းပြောင်းလဲ ပျံသန်းခွင့် တောင်းရတာက လမ်းကြောင်းမရှင်းပဲ ဖြစ်
နေပြီး အခြား လေယာဉ်တစီးစီးနဲ့ တိုက်မိမှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိ သူ တဦးက ပြောထားပါတယ်။

အဲဒီလို အကြောင်းကြားပြီး လမ်းကြောင်းပြောင်းပျံသန်းတယ်ဆိုတာနဲ့ တဆက်တည်း ဆိုသလို လေယာဉ် ဟာ ရေဒါက ပျောက်ကွယ်သွားခဲ့တာလို့ သူက ဆိုပါတယ်။

အခုလို လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ဆက်တိုက်ဖြစ်လာနေကြလို့ လေယာဉ်စီး ခရီးသွား တွေ လည်း အတော်ပဲ စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့  နိုင်ငံတကာ သတင်းတချို့က ဖော်ပြနေပါတယ်။

ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်